“ ၂၁ ရာ စု မှာ ”
၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ
ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ
လောင်ကြတယ် ။ ဘာမှန်းမသိတဲ့
သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့
လောင်ကျွမ်းကြတယ် ။
(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )
ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။
အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။
မွေးသမိခင်ရဲ့ မျက်ရည်တွေကို
ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က
ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။
ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ
ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။
အို့ .. အို ၊ သနားစရာ ။
ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။
ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ
သွေးတွေ စွန်းထင်းနေ ။
အဝေးပြေးလမ်းမကြီးကတော့
ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။
ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။
မြို့တော်သူ မြို့တော်သားတို့ရေ .... ။
ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။
ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ
ခြေချခဲ့ပါသလဲ ။
ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး
ညာဘက်လက်က နားဖြစ်တယ် ။
ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို
တင်းတင်း ဆုပ်ကိုင် ။
ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊
စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။
တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ
မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့
မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။
ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊
ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။
သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊
ကန္တာရကို စောင့်တဲ့ နတ်သမီး ။
ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။
လှေကားထစ်စိုက်ခင်းတွေ
တောင်ပူစာ မို့မို့တွေ
သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။
ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။
သောင်တင်နေတဲ့ ဆည်းဆာနဲ့
ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။
ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။
ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။
ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက
သတ္ထုစော် နံ တယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။
ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။
Posted by
ဆူးခက်မင်း
0 comments:
Post a Comment