ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက်
ကမ္ဘာကြီးက သူ့အလိုလို လည်ပတ်နေတယ် ၊ ကျွန်တော်တို့က ချစ်ခြင်းမေတ္တာနောက် ကောက်ကောက်ပါအောင် ဘာကြောင့် လိုက်နေကြတာလဲ ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိတဲ့တနေ့ အဲဒီမေးခွန်းကို ဖြေပါ့မယ် ..။ ဖြေခြင်း မဖြေခြင်း အဖြေရှိခြင်း မရှိခြင်း အကြောင်းခြင်းရာများစွာထဲ ကျွန်တော်တို့ ပိတ်မိနေကြတယ် ။ ထွက်ပေါက်တွေကို ရှာဖွေဖို့ မျက်လုံးပါမလာဘူး ။ ပိတ်မိခြင်းထဲ ပိတ်မိနေတဲ့အတိုင်း ကိုယ့်ကိုကိုယ်ပြန်ပိတ်ထားလိုက်တယ် ။ အလုံပိတ် အခန်းထဲမှာ ၊ အလုံပိတ် အတွေးတွေနဲ့ ၊ ကိုယ့်ကိုယ်ကို အလုံပိတ်ထားကြတယ် ။ ကျွန်တော်တို့ ဘယ်တော့များမှ လွတ်မြောက်ခြင်းလေသန့်ကို ရှူရှိုက်နိုင်မယ် ။ ကြိုတင်ကြံစည်မှုဟာ အနောက်ဖက်ဧရိယာတ၀ိုက်မှာ ။ ပျံနှံနေတုန်းပဲ ။ ရှင်သန်ခြင်း ၊ လွတ်မြောက်ခြင်း ၊ ရှူရှိုက်ခြင်း ၊ ကြိယာပုဒ်ပေါင်းများစွာထဲက အနှေးရုပ်ရှင်ပြကွက် တစ်ခုဟာ ။ လေထုထဲ ။ ပျံနှံ့နေတုန်းပဲ ။ လို့ ယူဆထားလိုက်ရုံပါ ။ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ၊ ခင်ဗျား ဆိုလိုတစ်အုပ်လောက် ထုတ်ချင်နေတာလား ။ ခင်ဗျားရဲ့ ဆိုလိုချက်တွေကို ခင်ဗျားရဲ့ ဆိုလိုစာအုပ်ထဲ ထည့်ရေးမှာလား ။ ရယ်ရပါတယ် ၊ သိပ်ကိုရယ်ရပါတယ် ။ လောကကြီးက ကိုယ်တွေနဲ့ အဆင်မပြေဘူး ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ တဖြည်းဖြည်းနှေးကွေးလာတဲ့ တစ်ကိုယ်ရည်ကမ္ဘာထဲ ။ ခင်ဗျားမှာ ကျည်ဆံတွေရှိတယ် ။ ကျွန်တော့်မှာ ရယ်သံတွေရှိတယ် ။ ဘယ်သူပြိုင်လို့ လှနိုင်မလဲ ။ ဆိုတာ ခင်ဗျားရဲ့ ရွှေ့ကွက်တွေထဲ အသံထွက်မှားကောင်း ။ မှားနေနိုင်တယ် ။ စာလုံးပေါင်းသတ်ပုံတွေကို စွန့်ပစ်လိုက်ကြမယ် ။ ကျွန်တော်တို့ သတ်ပုံတွေ မှားယွင်းကောင်း မှားယွင်းနေကြလိမ့်မယ် ။ ဖြည်းညင်းစွာ သတ်ပါ ။ တစ်ခါတည်း အသေသတ်ပါ ။ ဘယ်အရာကို ခင်ဗျား လိုအပ်ပါသလဲ ။ ဖြည်းညင်းစွာ တစ်ခါတည်း ရွေးချယ်ပါ ။ စွန့်ပစ်မှုတွေကို စွန့်ပစ်လိုက်ရင် အသစ်တွေကိုသတ်သလိုဖြစ်သွားမယ် ။ ထင်တယ် ။ ဖြည်းဖြည်းသတ်ပါ ။ သီချင်းသံက နားထဲ ။ Solo တွေ ။ စလိုးမိုးရှင်း နဲ့ သေသွားပုံက ။ ဆန်းတယ် ။ စွန်လွှတ်တာ ဆန်းလား ၊ စွန့်လွှတ်တာ ဆန်းလား ။ ဆန်းပြားခြင်း ဆန်ပြာခြင်း ကိစ္စတွေဟာ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်လဲ ။ ပတ်ပတ်သက်သက် ပက်ပက်စက်စက် ပြောရရင် ၊ လူမှုအဖွဲ့အစည်းကို ကျွန်တော် စိတ်ပျက်နေတယ် ၊ ဆိုတာပါပဲ ။ ကမ္ဘာဟာ အလုံးသဏ္ဍာန်သို့ ပြန်လည်ကူးပြောင်းခြင်း ။ လှည့်နေသလို ။ လိမ့်နေသလို ။ တစုံတယောက်က လှိမ့်နေသလို ။ ကျွန်တော်စွန်လွှတ်ကြည့်လိုက်တယ် ။ ကြိုးထဲ ။ စွန်ဟာ မလွတ်မြောက်နိုင်တော့ဘူး ။ စွန်ဟာ စွန်ပဲ ၊ ကြိုးဟာ ကြိုးပဲ ။ ဆိုင်းကြိုးတပ်ဖို့ ဆိုင်းခဲ့ရတဲ့ ကာလတွေ ဘယ်လောက်ကြာခဲ့သလဲ ၊ ဆိုတာ ၊ ကျွန်တော်တို့ ကိုယ်တိုင် မရေတွက်နိုင်တော့ ၊ မရေတွက်နိုင်တော့ ။ လိမ်လိုက်မိသလား ။ ခင်ဗျား အလိမ်ခံလိုက်ရသလား ။ မေးခွန်းဟာ ခင်ဗျားကို မျိုသွားတာ ။ ခင်ဗျားသိလိုက်သလား ။ ဟော ။ စွန်လေး လွှတ်နေရင်း လွတ်သွားတယ် ။ ကြိုးထဲ ။ အချိန်ဟာ ဆိုင်းကြိုးကို တုန့်ဆိုင်းသွားစေတယ် ။ လေထဲ လွှင့်ချင်ရုံလောက်ပါ ၊ လူးလွန့်နေစေရုံလောက်ပါ ၊ စက္ကူစွန်လေးတစ်ကောင်အတွက် သရဏဂုံတင်ပေးစရာ ဘာအကြောင်းရှိမလဲ ။ ဈာပန ဆိုတာ ဟာသဇာတ်ကွက်တစ်ပုဒ်လို့ ကျွန်တော် သဘောထားတယ် ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ ရယ်သံတွေက အနိုင်ရသွားတဲ့အခါ ။ ဟာသက Solo ဖြစ်လာတယ် ။ စွန်သတ်လို့သေတဲ့ကြိုး ။ ရှာဖွေခြင်းထဲ ။ ဒိထက်လှတဲ့ ဈာပနကို လက်ဆောင်ထည့်ပေးလိုက်မယ် ။ သိပ်ကိုရယ်ရလွန်းပါတယ်။ သိပ်ကို ရယ်ရလွန်းတဲ့ လူမှုစနစ်ကြီးကို အားပါးတရ ရယ်ပါမယ် ၊ ဟား ဟား ဟား ဟား ၊ ဒီ့ထက် ဘယ်နှစ်ခေါက် ပိုရယ်ရဦးမလဲ ၊ ဟား ဟား ဟား ဟား ဟား ဟား ဟား ၊ ဒီလောက်ဆို တော်သင့်ပြီ ထင်ပါတယ် ။ ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက် ။
မ င်း လု လ င် / ဆူး ခ က် မ င်း
090820111001PM
.
အကယ်ဒမီစာရင်းမ၀င်တဲ့ ဇာတ်ကား
ရင်ဘတ်တွေ ရင်ပုံတွေ ဘယ်ဈေးဘယ်လောက် ရင်သားတွေ ယဉ်ကျေးမှုတွေ ယဉ်ယဉ်လေးနဲ့ ရူး
သွားလောက်တယ်ဆိုတော့ နောက်ထပ် အဆင်းတစ်ခုကို ဘီးတွေ တပ်ပေးလိုက်ကြ ခေါင်းလောင်းထိုးတယ်
အမျှဝေတယ် ရေစက်ချတယ် ရေစက်တွေကျလာတာကို လက်နဲ့ သပ်တင်လိုက် ခေါင်းမော့လိုက် မျက်ရည်တွေ ခါ
ထုတ် လိုက် တမ်းပြေးတမ်းကစား နေသလို ဘ၀ က နေသားတကျ မောမောလာ လက်ကျန် ကို မော့ချလိုက် လည်
ထွက်သွား အောင် ထိုးချလိုက် နံရံနဲ့ဆောင့်လိုက် နံရံတစ်ချပ်ကို စောင့်ကြည့်နေလိုက် အခန်းလွတ်ထဲ ပိတ်ချသွားတဲ့ သော့
ခလောက်လို နာနာကျင်ကျင် ခပ်ပါးပါးလေး ဖြုတ်ချခံလိုက်ရတာဆိုတော့ အသံ က အသံကို မကြားနိုင်တော့ ဘူး တစ်လုံး
ဆောင် ကျုပ်တို့ ဘယ်တော့ ဆင်းရဲတွင်းကတက်မ လဲ ကျသွားတဲ့ စိတ်ကို ထထနှိုးရလောက်အောင် ပတ်ဝန်းကျင်က
ဆူညံလွန်းတယ် ဆန္ဒနဲ့ သိက္ခာတွေ ထိုးကျလာ သူလား ငါလား လားလားမှ မဆိုင်တဲ့ လူတွေနဲ့ ဂျပ်ပင်ထိုးမရ ဟိုမရောက်
ဒီမရောက် ခရီးကို ငါတို့ နှစ်ယောက်လျှောက်မယ်ဆိုတဲ့ ကတိကို ဘယ်သူက စဖျက်ခဲ့ သလဲ ဆိုတဲ့ ပုံပြင်တွေ ပုံပျက်ပန်းပျက်
ထိုးထွက်လာတော့ ငါတို့ သမိုင်းဆိုတာ ပိတ်ထားတဲ့ ဗလာစာအုပ်ထဲ လက်ရေးစုတ်စုတ် တွေနဲ့ပါ သွားတာ လာတာ ဂရုစိုက်ပါ
အမေစိတ်မချတဲ့ သားကို အမေစိတ်ချဖို့ အမေနေကောင်းပါစေလို့ အမြဲဆုတောင်းဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုတဲ့ ဆင်ခြေဆင်လက်တွေ
လက်လက်ထနေတဲ့ အတန်းအစားတွေ တယောက်တလှည့် မောင်းဖြုတ်ချဖို့ ၀န်မလေးတဲ့ အလွှာမှာ တယောက်တစ်ချက်
မောင်းထုတ်ကြ မောင်းထွက်သွားတဲ့ စိတ်ကို လိုက်ဖမ်းရတာနဲ့ လူက လူမပီသတော့ ပီပီသသ ရေရွတ်လိုက်တဲ့ အမိန့် နဲ့
ထောက်ခနဲ ပြတ်သွားတဲ့ကြိုးက ပန်းတွေ တစ်စချင်းလွင့်ထွက်သွား ရောက်ရာ အရပ်က ပြန်လာခဲ့ပါတယ် ဖိနပ်ကြိုးချည်ဖို့ မမေ့ခဲ့
ရေခပ်ဖို့ မမေ့ခဲ့ဘူး ရေမပါခဲ့တာကလွဲရင် အရာရာ အဆင်ပြေပါစေအမေ သားလည်းနေကောင်းပါတယ် ဘယ်ဘ၀ကို အပြစ်တင်မယ်
လို့တွေးထားတယ် ဘာလုပ်ဖြစ်မယ်လို့တွေးထားတယ် ခုတ်ရာတခြား ထိရာတခြား နားထင်ကိုဖေါက်ထွက်သွားတဲ့ ကျည်ဆံက မနက်ဖြန်
ထဲကို ပိဿာလေးနဲ့ တည့်တည့်ပစ်ထည့်လိုက်တာပေါ့ သူတို့ ငါတို့ ဖိနပ်ကြိုးတွေချည်လိုက် လမ်းတွေ လျှောက်လိုက် . . .
သင်္ကြန်အမြောက်လို ချိန်ရတာလွယ်သလောက် ပစ်ရတာသိပ်ခက်တဲ့ လူတန်းစား ဆိုတာ ဆိုင်းဆရာရေ . . . လိမ်ဖယ်လိမ်ဖယ်လေး နဲ့ ပြ . . .
မောင်မိုးချို
5:214PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)
၂၀၁၁ခုနှစ်၁၀ရက်၈လပိုင်း
ဘာလိုလိုနဲ့ စက်တင်လာရောက်ခဲ့ပြီ မဉ္ဇူရီ
နာရီကို ဖန်ပုလင်းလေးထဲ ထည့်သိမ်းထားခဲ့တယ် ။
ဆုတ်ဖြဲခံလိုက်ရတဲ့ မျက်ရည်စတွေနဲ့ ၊ ငိုနေပြီ မဉ္ဇူရီ ။
ငှက်ကလေး အဝေးကို ပျံသွားပြီ ။
တိမ်တွေလို ၊ ပင်လယ်ထဲ ရွက်လွှင့်သွားမှာပါ ။
အရောင်ချွတ်ခံထားရတဲ့ ပန်းတွေ ၊
ကြိုးနဲ့ သီထားတဲ့ ပုစဉ်းရင်ကွဲတောင်ပံတွေ ၊
ရေထဲမျောနေတဲ့ မီးပြတိုက်ဟောင်းပေါ်က မီးလုံးနီနီတွေ ၊
ပြီးတော့ နှောင်ကြိုးတန်းလန်း ရှုမျှော်ခင်းတွေ ။
ကျောက်တုံးတွေကို လွှတ်ချထားလိုက်ပါ မဉ္ဇူရီ ။
ခရီးဆုံးတော့မယ့် ရထားဟာ ဥသြသံရှည် ဆွဲဆွဲငင်ငင်နဲ့ ။
သြဂုတ်လဆန်း ၊ ညနေ ၅ နာရီ ၊ မရွာမဖြစ် မိုး ။
ဖြူဖြူစင်စင် ၊ မိုက်မိုက်မဲမဲ နဲ့ ။
သူလည်း ငိုနေပြီ မဉ္ဇူရီ ။
နာကျင်နေခဲ့ရတာသိလို့ နှုတ်ဆိတ်မျက်ဝန်းများ ။
ပျော်ရွှင်စေချင်တဲ့ ပုံဆောင်ခဲဟာ အရောင်အမျိုးမျိုး ပြောင်း လို့ ။
မိုးရေစက်တွေကို ရပ်တန့်ထားလို့ ။
ဆောင်းထားတဲ့ထီးကို ကြိုးတပ်ပြီး လွှတ်လိုက်တော့
ဦးဦးဖျားဖျားညနေခင်းမှာ တရစ်ရစ် ၀ဲ လို့ ။
မျှော်နေမိတဲ့အထဲ ခေါင်းလောင်းသံအဆုံး ပေါ်လာမယ့်မျက်နှာ ။
လမ်းမီးတိုင်တွေက စူးလွန်းတယ်တဲ့ ။
ဝင်တော့မယ့်နေလုံးကို ဓာတ်ပုံထဲမှာပဲ ရွေ့လျားခိုင်းထားတယ် ။
နေရောင်ခြည်တွေကို စားသုံးခဲ့ဖူးတယ် ။
You are my AzZuRee, MyZzuRee.
ဒဏ္ဍာရီထဲက ရွှေချထားတဲ့ နှုတ်သီးနဲ့ ကျီးကန်းတွေဟာ
အဖောက်ခွဲခံမိုးတိမ်စိုင်တွေကြားက တံတားကို ကိုက်ချီသွားခဲ့ကြတယ် ။
နာရီတွေထဲ ဘာကိုထည့်ပြီး သိမ်းဆည်းထားခဲ့သလဲ ။
ရူးနေတဲ့ယင်ကောင်ဟာ နတ်ဖွက်ထားတဲ့ပန်းကိုမှ တရှိုက်မက်မက် ။
တောင်းပန်တယ် ။ နူးညံ့နာကျင်စွာ ချည်နှောင်ခဲ့မိတယ် ။
အာတိတ်ဒေသ ၊ ၀င်ရိုးစွန်းစက်ဝိုင်း ။
ကြယ်တွေကို တစ်ယောက်တည်း ထိုင်ကြည့်ရတော့မယ့် လူ ။
ခြစားနေတဲ့ အဆုံးမရှိ ချောက်နက်ကြီးထဲ ၊
ရိုးသားလွန်းပြန်တော့လည်း ခါး တယ် ။
နောက်ဆုံးတော့
ရေခဲကျွန်းမျောတွေကြား ရွက်လွှင့်နေခဲ့တဲ့ လှေငယ်ဟာ
ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပြီ မဉ္ဇူရီ ။
တိမ်ကိုး
အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျ ။ နေတာကို ဆံပင်စုတ်ဖွားနဲ့လူက သဘောကျနေလေရဲ့ ။
ရေချိုးသန့်စင်ပစ်လိုက်ဖို့ ဆံပင်တွေထဲ သံသယတွေက တနိုင်တပိုင်ထက်ပိုလွန်းနေတယ် လို့
ဆံပင်စုတ်ဖွားနဲ့လူ မကြာခဏ ပြောတယ် ။
ပတ်ဝန်းကျင်ထဲ လူသွားလူလာမပြတ်စေဖို့ ကိုယ့်ကိုကိုယ်တံဆိပ်ပြန်တပ်ထားပါတယ် တဲ့
ဆံပင်စုတ်ဖွားနဲ့လူက ကဗျာဆရာအယောင်ဆောင်မှုကို ထဲထဲဝင်ဝင်နှစ်သက်တယ် ။
မကြာမကြာဆိုသလို စကားလုံးအစုအဖွဲ့တွေကို ကဗျာတွေပါလို့ လူတွေကို လိမ်တယ် ။ လူသွားလူလာမပြတ်စေဖို့ ။
ဆံပင်ရှည်ရှည်တွေထဲ စိတ်ကိုတတ်နိုင်သလောက်တိုအောင် ဖွက်ထားတတ်တဲ့ ဆံပင်စုတ်ဖွားနဲ့လူက
အလင်းဆိုင်ရဲ့ ညတွေထဲ တနံတလျားကျယ်တဲ့ စကားတွေကို အိပ်ချင်ယောင်ဆောင်ရင်း ရှာနေတတ်သတဲ့ ။
သူက လူလိမ် ။ ကဗျာဆရာအယောင်ဆောင်မှုကို လွယ်လင့်တကူကျူးလွန်တတ်သူ ။ ပြီးတော့လဲ ဘာမှမဟုတ်ပြန်ဘူး ။
စိတ်လိုလက်ရ အလင်းရတဲ့နေ့မျိုးဆိုရင် ဆံပင်တွေထဲ မုသားတွေခိုကပ်နေမလားလို့ မွှေနှောက်ရှာဖွေ
တစ်ယောက်ထဲ တိတ်တိတ်လေး ရယ်နေတတ်တယ် ။
ဆံပင်စုတ်ဖွားနဲ့လူလိမ် ။ သူပြုံးတယ် ။ သူရယ်တယ် ။
တခါတခါကျ ၀မ်းနည်းစရာကောင်းလှတဲ့ ပြက်လုံးတစ်ခုကို ဟက်ဟက်ပက်ပက် ငိုကြွေးနေတတ်တယ် ။
မနက်ခင်းဆိုတာ သူဖွင့်မကြည့်ဘူးတဲ့ အပြာရောင်ဇာတ်ကားတစ်ခုသာဖြစ်ကြောင်း ။
အဲဒီ ဆံပင်စုတ်ဖွားနဲ့ လူပေါ့ ။ လိင်မှုကိစ္စ အ၀၀ကို ၀ဖီးဖီးမိန်းမကြီးတစ်ယောက်ဆီမှာ ကိုယ်ထိလက်ရောက်စုံစမ်းနေလိုက်သေးတယ်။
သူကိုယ်တိုင် ပြန်ချုပ်ထားတဲ့ ချုပ်ရိုးတွေကို ငြီးငွေ့နေပြီ တဲ့ ။
သူဟာ တတိယလူဖြစ်ကြောင်း ၊ လူရွှင်တော်ဖြစ်ကြောင်း ၊ ဆံပင်စုတ်ဖွားနဲ့ လူလိမ်တစ်ယောက်ဖြစ်ကြောင်း ။
အာလေးလျှာလေး နဲ့ အသံက ဆံပင်စုတ်ဖွားနဲ့လူဆီမှာနေ့ရောညပါ ခိုလှုံနေ ။
သူ့ဆံပင်စုတ်ဖွားတွေထဲ အသံတွေဝင်သွားမှာကို သွေးရူးသွေးတန်းကြောက်လန့်နေတတ်သေးတယ် ။
အညှီအဟောက်တွေလား ။ အဟောင်းအမြေ့တွေလား ။ ဘောင်တွေထဲ ။ အသစ်တွေထဲ ။
သူဟာ ပန်းချီကားတချပ်မဟုတ်ပါဘူးတဲ့ ။ နားရည်ဝနေကျစကားလုံးတွေနဲ့ ခါးခါးသီးသီး ငြင်းနေတဲ့ ဆံပင်စုတ်ဖွားနဲ့လူ
အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျနေတာကို သဘောကျနေလေရဲ့ ။
မင်းလုလင်
.
မနက်အစောကြီးထပြီးရင် ဘာလုပ်ရဦးမှာလဲ ၊ မနက်အစောကြီး ထ
ရတာ နဲ့ ပြန်ပေးလိုက်ရတာ မမျှတဘူး မတန်ဘူး တန်ဖိုးတိုင်းဟာ တိုင်းတာလို့
မရဘူး ရတယ် ဆိုတာတွေနဲ့ ရှုပ်ထွေးနေရပါတယ် ၊ ကျုပ်တွေးနေရပါတယ်
ကျုပ်ရဲ့  ဖြစ်တည်မှုဟာ သူမရဲ့  လက်ဖ၀ါးလေးပေါ်မှာ မလှုပ်သာ မယှက်/ရှက် သာ
သာယာယာ အမြဲတမ်း ဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ ၊ စိတ်ထောင်းတော့ ကိုယ်ကြေ
ကွဲရပါတယ် ၊ ရင်ဘတ်တွေ နာကျင်လွန်းရပါတယ် ၊ ငါ/ကိုယ် ထင်ရင် ခုတင်/ခုလေးတင်
ရွှေနန်းပေါ့ ၊ သေစမ်းပေါ့ ၊ ရုတ်တရက်ကြီး သေပစ်လိုက်ရတော့မယ် ဆိုတော့ ရုတ်တရက်
ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ရတာပေါ့ ၊ ဗလောင်းတွေရော ဗလဲတွေရော ပြော
ပစ်လိုက်ရမှာလည်း အဆီတ၀င်းဝင်း ဆိုသလို ၊ စားရမှာလည်း သဲနဲ့ တရှပ်ရှပ် ၊
တစ်ရှက်ကနေ နှစ်ရှက် အကွဲမခံနိုင်ရင် ၊ အရှက်တရားကို ခါးပုံစထဲထည့်ပြီး
သိမ်းထားလိုက်ပေါ့ ၊ ထိန်းထားလိုက်ပေါ့ ၊ နာကျင်ခြင်းတွေ လွတ်ထွက်မသွားအောင်
ဆိုပြီးတော့ နာကျင်ခြင်းတွေကို ကြိုးနဲ့ ခပ်နာနာလေး တုပ်ထားလိုက်တယ် ၊
လည်ချောင်းထဲကနေ တိုး/ထိုး ထွက်လာတဲ့ အလိုမကျခြင်းတွေဟာ ကိုယ့်ကို ၀ါး
မြို သေအောင် မြို မသေမချင်း မြို ကိုယ့်အိမ်လိုသဘောထားပြီး မြို
မြို့ လေးတစ်မြို့  ရဲ့  အနီးမှာ မြို့ လေးတစ်မြို့ ရှိတယ် ၊ အဲ့ဒီမြို့ လေးရဲ့  သင်္ချိုင်းမှာ
မြေပုံတစ်ခု ရှိတယ် ၊ ကိုယ်တို့ လမ်းပျောက်ရင် အသုံးဝင်ကောင်းဝင်ပါလိမ့်မယ် ၊
ကိုယ်တို့ဟာ လမ်းပျောက်နေတဲ့ သတ္တ၀ါတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊
သံလိုက်အိမ်မြောင်ဟာ သန်လိုက် မသန်လိုက်နဲ့ ဘတ်လဘိုင်လိုက်နေပါတယ် ၊
ကိုယ်တို့ ဘာကိုများ ယုံကြည်သက်ဝင်စရာ ရှိဦးမလဲ ၊ ကြေကွဲရပါတယ် ။
ဆူး ခ က် မ င်း
120920111101PM
.