ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့
သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့
အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း
“ထင်း” နေ အောင် စိုက် ထူ လို့ ။
ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့
မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။
ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။
တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့
ကြိုးစားခဲ့တာ ဖြစ်တယ် ။
အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကနေ
ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ
ခိုး ခိုး ကြည့်ရတာ ။
မပျော်ဘူးကွာ ၊ မပျော်ဘူး ။
အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။
ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့
အလယ်အလတ်တန်းစား ငရဲဘုံမှာ
ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ
ပေါင်သားဖွေးဖွေးတွေ ကြားမှာ
စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ
အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့
မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ
အမြတ်တနိုး ထည့်ဆွဲထားကြတဲ့
အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ
ကပွဲလက်မှတ် မပါတဲ့ ငါ့ကို
ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။
အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ
လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ
လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ
လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့
လမိုင်းကို မကပ်ပါဘူးကွာ ။
လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွား
လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ
လူမြင်သူမြင် အမှောင်ခန်းထဲမှာ
လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။
လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။
လင်းလင်းထင်းထင်း ဖြစ်သွားအောင်
လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။
လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ
လောက်လောက်လားလား ဖြစ်မှာပါ ။
အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။
ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။
အမောပြေ မပြေတော့ မသိဘူး ။
အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ
အဆုံးစွန်ထိ ပြေလျော့သွားတယ် ။
ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။
သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။
ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။
ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို
မသိကျိုးကျွံပြုနေပါရစေ ။
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။
ဆူးခက်မင်း
0 comments:
Post a Comment