Hands Of Enlightenment

လင်းပွင့်လက်များ

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ပထ၀ီ




သက်ရှိဖြစ်စေ/သက်မဲ့ဖြစ်စေ
အဖိုဓါတ်အမဓါတ်ရှိကိုရှိရမည်
အဖိုဖြစ်ခြင်း/ အမဖြစ်ခြင်းဖြစ်ကိုဖြစ်ရမည် ။
မီးရေလေမြေပေါင်းစပ်ခြင်းကြောင့်
ပေါ်ပေါက်လာရသောအကျိုးတရားအကြောင်းတရား
သက်ရှိသည် ဒြပ်ရှိ၊သက်မဲ့သည် စွမ်းအင်တစ်မျိုး
အဖိုစွမ်းအင်/အမစွမ်းအင်ရှိကိုရှိရမည်။
မြေကြီးထဲထွက်လာကြတဲ့သူတွေမဟုတ်ပေမယ့်
ငါတို့တတွေ
မြေကြီးထဲကို ၀င်ဖို့ အခွင့်အခါကိုစောင့်နေကြတယ်။
ဒီမြေပေါ်မှာပဲကြီးပြင်း
ဒီမြေပေါ်မှပဲထွန်ယက်
ဒီမြေပေါ်မှာပဲ စိုက်ပျိုး
ဒီမြေပေါ်မှာပဲရိတ်သိမ်း ရင်းကနေ
ဒီမြေပေါ်မှာပဲ အငြိုးတေးတွေထားလို့
ဒီမြေပေါ်မှာပဲ အမုန်းတရားတွေပွားကြပြန်တယ်
ဒီမြေပေါ်မှာပဲသံယောဇဉ်တွေများပြီး
ဒီမြေပေါ်မှာပဲ အသားအရောင်တွေကွဲခြား
ဒီမြေပေါ်မှာပဲ အဆင့်အတန်းတွေခွဲခြားရင်း
ဒီမြေပေါ်မှာပဲအနိုင်ထက်စီးနင်းပြုကျင့်ကြပြန်တယ်
ဒီမြေပေါ်မှာကျွန်စနစ်စတင်
ဒီမြေပေါ်မှာပဲ ပဒေသရာဇ်စနစ်ဖြစ်တည်
ဒီမြေပေါ်မှာပဲကုသိုလ်တွေဖန်တီး
ဒီမြေပေါ်မှာပဲ အကုသိုလ်တွေမွေးဖွား
ဒီမြေပေါ်မှာပဲ စစ်ပွဲတွေ မဖြစ်ဖြစ်အောင်ဆင်နွဲ
ဒီမြေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်
ဒီမြေပေါ်မှာပဲငြိမ်းချမ်းရေးတွေရယူကြပြန်တယ်
ဒီမြေပေါ်မှာပဲ ပက်ကြားအက်အိပ်မက်ဆိုးတွေထပ်တလဲလဲမက်
ဒီမြေပေါ်မှာပဲလူ့တန်ဖိုးလူ့ယဉ်ကျေးမှုတွေထွက်ပေါ်
ဒီမြေပေါ်မှာပဲဟန်ဆောင်လိမ်ညာမှုတွေအသက်ဆက်
ဒီမြေပေါ်မှာပဲအတုတွေနဲ့အစစ်တွေရောနှော
ဒီမြေပေါ်မှာပဲအမှားနဲ့အမှန်ကိုနံပါတ်စဉ်တွေပြောင်းတပ်
ဒီမြေပေါ်မှာပဲအယူဝါဒတွေဂိုဏ်းဂဏတွေစွဲ
ဒီမြေပေါ်မှာပဲဘာသာရေးတွေမေ့ကိုယ်ချင်းစာတရားတွေပျောက်
ဒီမြေပေါ်မှာပဲမာယာကော့စကီးဘောင်းဘီဝတ်မိုးတိမ်ရေးခဲ့တယ်
ဒီမြေပေါ်မှာပဲအလက်ဇန္ဒား ပွတ်ရှကင်ပလေတိုရာဘင်ဒြာနတ်တဂိုးဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မြို့မငြိမ်းရဲ့သီချင်းတွေပေါ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ဒဂုန်တာရာ ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မောင်ချောနွယ်ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲကဗျာတွေ ဖြစ်တည်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ငါတို့ရပ်တည်ခဲ့ကြတယ်
ဒီမြေပေါ်မှာပဲမြေကြီးထဲပြန်ဝင်ဖို့အချိန်တွေစောင့်ရင်း
ဒီမြေပေါ်မှာပဲ.........ဒီမြေပေါ်မှာပဲ
ဒီ......မြေ.....ပေါ်.....မှာ....ပဲ
ဒီ
မြေ
ပေါ်
မှာ
ပဲ

လွတ်မြောက်ရာလမ်းစဉ်ရှာဖွေတူးဆွရင်း
ဒီ
မြေ
ပေါ်
မှာ
ပဲ ။ ။






အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)







တေဇော




ပထ၀ီမြေကြီးပေါ် ဘယ်ညာပွတ်တီးနေတဲ့ မီး
ရင်ရင်ခြင်းခတ် မျက်ဝန်းမှာ အာပေါမီးထွက်
ဟင်းကနဲဆင်း သက်ပြင်း
ဆန်လေ၀ါယောမီး
နာမ်မီးဖွဲလောင်ကျ
ဗျာပါတ
ဘောပင် ၊ လက်
စာရွက် ၊ မှင်ထိပ်
နှာခေါင်း ၊ ရှိုက်လေ
သွေး ၊ သွေးကြော
ရှင်သန်မှု ၊ လောကဓံ
ဟင်းလင်းပြင် ၊ ဒြပ်
ဘုံ ၃၁ ပူတိုက်လှုပ်ရွ
ဖဿ ပစ္စယာ ဝေဒနာ
ပရမတ္တလျှောက် အပူရောင်
မောဟလျှောက် တဏှာကောင်
မွေးလမ်းကြောင်းက အပူကောင်
ဒေါသထမ်းပြေး တဏှာရောင်
ပုံပြောဆဲ ၂၀၁၀ မီး
ရွာထဲက ဖယောင်းတိုင်မီး
ဘယ်လိုစောင်းစောင်း ဆောင်းဟာ နေထွက်ဆဲ
သမိုင်းဟာ စစ်မီးတွေကလွဲပြီး ဘယ်စာရွက်မှ ပိုမလာဘူး
အမာရွတ်မပါတဲ့ သူရဲကောင်းကြီး အာဏာရှင် ၂၂
ရေမီး ၊ လေမီး ၊ နေမီး
ဇီဝမီး ၊ အေးမီး ၊ ပူမီး
အနုမြူမီး ၊ မီးတကာမီး
ဘယ်မီး ၀မ်းမီးမမှီနိုင်
နိုင်ထက်စား သတ္တ၀ါများစုပေါင်း
ဂရုဏာရှင်များ နှစ်ပတ်လည်... ခိုးရာပါပစ္စည်းများ လောင်းလှူပွဲ
ကလက်တက်တက် ပါတီပွဲတက်
Punk သီချင်းသံနဲ့ ခေါင်းကွဲပြန်တဲ့ ရှိုးပွဲ
သင်္ကြန်ခါဦး အရေးပေါ်ရွှင်မြူး
ဆိတ်ငြိမ်ရာ လောင်
ဆိတ်ကွယ်ရာ လောင်
နှစ်ဦးတည်းလောင်သော တည်းခိုခန်း
Sectionကြေး ၇၀၀၀ထောင် အခွန်ဆောင်
စာရိတ္တမဲ့မိဘများလင်းတဲ့ နောက်မီး၊ရှေ့ မီး HIV သားသမီး
တဦးတည်းလောင်သော စိတ္တဇ
ငရဲဘုံမှာ ပိုကာပွဲ
ဘုရားဒကာကြီးဆွဲတဲ့ ၈ချပ်တွဲကြီး ဂျိုကာဖဲ
စိတ်သွား ရုပ်လောင်
ရုပ်သွား စိတ်လောင်
မင်းကိုငါချစ်တယ်
နှလုံးသဲက ချစ်ဘုရားပွဲ မီးလောင်
အူဝမ်းထဲမှာ ၀ီစကီ မီးလောင်
ရွှေပြည်စိုး မီးလောင် ၊ Red Ruby မီးလောင်
ရတနာပုံဈေး မီးလောင် ၊ ကြောင်အိမ်ထဲ မီးလောင်
ဒုတိယကမ္ဘာစစ် ဘောက်ကျ
ဟီရိုရှီးမား မီးသွေးခေါင်းလျှော်ရည်
ဘေးထိုင်ဘိုင်ကျ Man U ကွ
ဘုရား၊တရား၊သံဃာ နှစ်လုံးခြင်းဆွဲသွားသော အိမ်သူများ
ချစ်တီးပွဲစား သမီးကလေး ဆွဲသွား
South East Asia ဆူနာမီ
သဘာဝနဂါးကြီးလက်ထဲက ဧရာဝတီမင်းသမီးလေး နာဂစ်နှင့်
NGO မင်းသားလေး ရိုမန်တစ်
မယုံကြနဲ့ 
ဂေါ်ဂေါ်ဂွီ အလင်းပေးနေသည်
သွေးထိုးနေသည်
ဂေါ်ဂေါ်ဂွီ အမှန်တရားပြောနေသည်
ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်
ဟ ဟ
ဟ ဟ
အလုပ်မရှိပဲ အိမ်ထောင်ပြုနိုင်ရေး တို့ အရေး
ဆင်းရဲသားတော်လှန်မှုမပါပဲ တရားမျှတသော လူ့ အဖွဲ့ အစည်းတည်ထောင်ရေး တို့ အရေး
လျှပ်စစ်ဓါတ်အသုံးမပြုသော ပြည်တွင်းဖြစ် လူအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေး တို့ အရေး
သီလ ၊ သမာဓိ ၊ ပညာ မပါပဲ ပုထုဇဉ်နိဗ္ဗာန် ရောက်ရေး တို့ အရေး
အစိမ်းရောင်ကမ္ဘာကြီးအား အဖြူရောင်အနွေးထည်ခြုံရေး တို့ အရေး
လျှောကျခြင်း ၊ မြင့်တက်ခြင်းမပါပဲ လောကဓံ ထမင်းမှန်မှန်စားရေး တို့ အရေး
၂၀၁၂ နေကိုးစင်းထွက် ၊ ၂၀၁၃ လကိုးစင်းထွက် ၊ ၂၀၁၄ စကြာဝဌာတိုက်တစ်သောင်း တိုးတက်ရေး တို့ အရေး
နဂါးငွေ့ တန်း ၊ ဥက္ကာခဲ ၊ကြယ် ၊ နေ ၊ လ ၊ ကမ္ဘာ ရုပ်အဖွဲ့ အစည်းမပါသော နာမ်လူသားကမ္ဘာကြီး တည်ထောင်ရေး တို့ အရေး
အစရှိသည်ဖြင့် ၊ ချစ်သူ အနိစ္စ
etc ၊ ရန်သူ ဒုက္ခ
အစရှိသည်ဖြင့် ၊ သတ္တ၀ါ အနတ္တ
ဒြပ် ၊ ရုပ် ၊ သုသာန် ၊ ကြေးစည် ၊ မျက်ရည်
မာကျော ပျော့ပျောင်း
စီးမျော ဖြည့်စွက်
ရွေ့ လျား တွန်းတိုက်
ပူအေး လောင်ခဲ
ဟောဒီက ကောက်ညှင်းပေါင်း ပူပူလေး ရမယ်
ဘူတာရုံတေးသွား
ရေသန့် ဘူးလေး ပစ်ချပေးပါ ခင်ဗျာ
လေမရှိဘီးကြီးနဲ့  လယ်ကွင်းထဲက ထော်လာဂျီ
တေဇော မှ ပထ၀ီ
တေဇော မှ ၀ါယော
တေဇော မှ အာပေါ
တေဇော မှ တေဇာ
ရထားလား ရထားလား
ရရင် အကြောင်းပြန်
ဒါပဲ



အနော်မာ
၃.၁.၂၀၁၀ ( ၃နာရီ ၁၅ မိနစ် )







အာပေါ




ခု ရေတွင်းတူး ၊ ခု ရေကြည်သောက်ဖို့
ရေကြည်ရာ မြက်နုရာ ၊ ရှာနေတဲ့ကောင် ။
ဘာမှလည်း ရေရေရာရာ မရှိ ။
ရေမရှိတဲ့ ချောင်းမှာ ၊ ဘာဖော်ပြီး
သေမယ်ဆိုလား ။ ရေမှုတ်တစ်ဖက် ။
မီးတုတ်တစ်ဖက်နဲ့ ၊ အော်နေလိုက်တာများ ။
" ရေလိုတယ် .... ရေလိုတယ် ... "
ပြီးတော့ ၊ ပုဝါမကူ ရေမရှူကြေး ဆိုပြီး
ရေပက်မ၀င် ၊ ပြောနေသေးတယ် ။
မင်းလိုသာဆို ၊ ရေပုံးနှစ်လုံးရှိရင်
ထမင်း မငတ်ဘူး ။ ငါ့လိုသာဆို
ရေသောက် ၊ ဗိုက်မှောက် ၊ ကဗျာရေးနေလည်း
ဖြစ်တယ် ။ ဟော ... ။ နားထောင် .... ။
" အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေ့  ပြီ ... "
ဘာများလဲလို့ ၊ အင်္ဂါဂြိဟ်ပေါ်က ရေမှာလည်း
ဟိုက်ဒရိုဂျင်နှစ်လုံး ၊ အောက်ဆီဂျင်တစ်လုံး ။
အပိုပါတာ မှတ်လို့ ။ လူတွေကိုက မဟုတ်တာ ။
သူ့ ဟာသူ နေတဲ့ ရေကို တံဆိပ်ကပ်လို ကပ် ။
ရေစေး တဲ့ ၊ ရေနောက် တဲ့ ။
ရေသေ တဲ့ ၊ ရေရှင် တဲ့ ။
ဒါနဲ့ ရေမှာ အရောင် ရှိလား ။
နေမကောင်းရင် ရေစိမ်းတွေ မသောက်နဲ့လေ ။
( ရေကျက်အေး သောက်တဲ့လူတွေ နေကောင်းကြတယ် ။ )
" ကန်တော်ကြီးက ရေထဲ .. ငါ ခုန်ဆင်းလိုက်တာနဲ့
ကြယ်တွေ ထကကြတာ ... ဘာသဘောလဲ .. "
အမိမဲ့သား ပေမယ့် ၊ ရေနည်းငါး မဟုတ်တဲ့
ငါလိုကောင် ။ ရေလည်း မခပ်ဘူး ။
ထင်းလည်း မခွေဘူး ။ ရေရေရာရာ မရှိ
တဲ့ ၊ ဘ၀မှာ ၊ မရေမရာနဲ့ ။
ပြောချင်တာက ၊ ရေတွင်းပျက်ထဲ ခုန်ချ
သွားတဲ့ ၊ ရေသောက်မြစ်အကြောင်း ။
အသက်ရှင်ဖို့  ၊ ရေ မလိုဘူး ။
အသက်ရှင်ဖို့  ၊ အသက်ပဲ လိုတယ် ။
" ရေအသက် တစ်မနက် "
သွားစမ်း ... ။ ထွေလီကာလီတွေ ။
ရေတွေ စီး/စေး တယ် ။
ရေတွေ ကျဉ်း/ကျင်း တယ် ။
ရေတွေ ပြာ/ပျာ တယ် ။
ရေနက်ထဲ မသွားနဲ့ ။
မင်းတစ်ကိုယ်လုံး ၊ မည်း (မဲ) ကုန်မယ် ။
" မဲ ကုန်ပြီ ၊ မဲ ကုန်ပြီ "
ကောင်းတာပေါ့ ။
နားလှည့် ပါးရိုက်မယ့်ကောင်ကို
ထောက် ၊ ထောက်ပြီး ၊ ခံနေစရာ မလိုတော့ဘူး ။


ဆူးခက်မင်း




ဝါယော




ကျွန်တော် အလိုရှိနေတဲ့သူက
အမှတ်တမဲ့ကြည့်ရင်
ကောလဟာလနဲ့ တူတယ်
ထိုင်နေရင် ပွယောင်းငြီးစီနေပြီး
ထသွားတဲ့အခါ အရပ်ထဲ ဟိုစပ်စပ် ဒီစပ်စပ်
အကြိုအကြားအနှံ့ 
အရူးဗုံမြှောက်သလို မြူးခုန်ပေါက်တဲ့ပုံစံ
ငိုမလိုမျက်နှာပေးနဲ့ 
စနေထောင့်က ပြေးထွက်လာတဲ့ပုံစံ
သဇင်တွေကို နှင်းနဲ့ ပက်ဖို့ 
မြောက်ဘက်အရပ်ကနေ ပြန်လာတဲ့ပုံစံ
မူပိုင်ခွင့်တင်ထားတဲ့ ဟန်တွေပဲပေါ့
အလင်္ကာဆင်ပြီး ပြောရရင်
ကြင်သာကြင်ပြီး မမြင်ရတဲ့ ဘဝ
ရှင့်သတင်းတွေ ကျွန်မကြားပါတယ်
လေ
တိုင်ထိပ်မှာ အလံနဲ့တွဲပြီးကတယ်တဲ့
သူများမင်္ဂလာယူချိန်မှာ
ပူဖောင်းထဲဝင် ဇောက်ထိုးဆွဲပြတယ်တဲ့
ဖြတ်သွားတဲ့ကားနောက်မှာ
ဖုန်မှုန့် တွေနဲ့ တရုန်းရုန်း
ကလေးဆန်ချင်ဆန်နေပြန်ရော
ဆံပင်တွေကို ဆွဲ ဖွ
စကက်တွေကို ဆွဲ မ တတ်သူက
ကြွပ်ကြွပ်အိတ်ဟောင်းကို
လမ်းတစ်ဖက် လိုက်ပို့ တယ်တဲ့
သစ်ရွက်တွေကို ငိုချင်လျက်လက်တို့ ပြီး
သံဝေဂတွေ ဘာတွေ ပြလို့ 
အရောင်မရှိ
အဆင်းမရှိ
မရှိတဲ့ထဲကနေမှ
အနီရောင်လေးက
ဖျက်လို ဖျက်ဆီး စိတ်ဓာတ်
အစိမ်းရောင်လေးက
မဆုံတာကြာသူတွေ စကားနာထိုးဖို့ နဲ့ 
မကျန်းမာသူတွေကို တားဆီးဖို့ အတွက်
ဤသို့ ဖြင့် ကျွဲ ဖြစ်ရလေသည်ပေါ့ကွာ
ငါ့ကိုယ်ထဲမှာ ငှက်တွေ ကူးခတ်ကြ
ရနံ့ တွေက ငါ့ကို ခိုစီးပြီး
အသံတွေက ငါ့ကို တွန်းထိုးကြ
မုန်တိုင်းကျသလို ပြေးသွားရင်
ငါ့ ကို အပြစ်မြင်ကြ
မီးလောင်တဲ့အနား ရောက်သွားရင်
ငါကပဲ အချွန်နဲ့  မ သလိုနဲ့ 
တကယ်တော့
ဒါဟာ သင့်ရဲ့ 
မုန်လာဥ အကွက်တွေပဲပေါ့
ဖန်လုံအိမ်က ဆွဲလို့ 
အပျိုရည်ပြဲခဲ့တာက လွဲရင်
ကဗျာဆရာလို ကဗျာလို
အရေးတယူလည်း
သိပ်မရှိကြပါဘူးလေ။ ။



သုဏော်စိုင်း
--

ဘီလူးဆိုင်းနှင့်တီးခတ်ဖြေဖျော်လိုက်သော ၀ါကျအတိုအရှည်များ









# $ ကျပ် @ ! ) * ^ (

စစ်တိုက်တမ်းကစားနေကြတာတဲ့ဗျာ

သိထားဖို့ကဘယ်ကမ္ဘာမှာမှ စစ်ကိုမလိုလားကြဘူး

ထစ်ကနဲဆိုစိတ်ထကကောက်

ဗျစ်ကနဲဆိုတိုင်းတံတွေးမထွက်ဘူး

အဖြစ်သည်းနေရင် အိပ်ပြန်အိပ်လိုက်

အလေအလွှင့်နဲ့အမှိုက်ကိုမီးရှို့ရင်

ဒီလောက်မြန်မြန်မလောင်ဘူး

အလင်းဆိုတာမျက်စိမှုန်တတ်တယ်လား။

အစွန်းထွက်ကမ်းပါးကြီးတွေ

အနေအထိုင်လွဲချော်သွားတဲ့နေ့တွေ

အူမ မတောင့်ပဲ အယ်လ်ကိုဟော စစ်စစ်လိုက်ရှာမိတဲ့အဖြစ်

ဟေ့ရောင်..နီလေး ဒီကမ္ဘာမှာ စစ်ပွဲမလိုဘူး

စက်ဆုပ်ရွံ့ရာမိပေမယ့် ခေါက်ရိုးအကျိုးအကြေမရှိပဲ

သန့်သန့်ပြန့်ပြန့်လေးဝတ်လိုက်ရင်တော့

အမွေပြတ်စွန့်လွှတ်စရာမလိုဘူးပေါ့

ပြောလိုက်တဲ့ဒိုင်ယာလော့ခ်ထဲမှာဒီအခန်းမပါဘူး

မနက်စောစောထမယ်

သဏ္ဍာန်မဲ့ စကားလုံးတွေ ပီပီသသရွတ်မယ်

ဆန္ဒရှိတဲ့အတိုင်း တစ်ရွာဝင်တစ်ရွာထွက်မယ်

နာကျင်မှုနဲ့မျက်ရည်တွေ တွေ့ရင်တွေ့နိုင်တယ်

အိပ်ပြန်နောက်ကျလို့ အမေစိတ်ညစ်ရမယ့်နေ့တွေ ရှိမယ်

လေးလံထုံမှိုင်းမှုတွေရှိမယ်..

ရုပ်ဝတ္ထုကိုအကြောင်းပြုပြီးခဏခဏခလုတ်တိုက်ဖို့တော့လိုတယ်။

အဲဒီ့ စောက်ရေးမပါတဲ့ ငွေကြေးတွေနဲ့

ငါသေရင် ရေဝေးမှာ ငါ့ကိုမသဂြိုင်္လ်ကြနဲ့

ငါ့ကျင်းငါတူးပြီး ငါခန္ဓာကို မြေသြဇာလုပ်ပစ်မယ်

စောက်ရေးမပါတဲ့ ငွေကြေးနဲ့

အခွံလွတ် မျက်နှာဖုံးတွေထဲ ဟန်လုပ်ပြီး

အသက်ရှင်ကျန်မဲ့ စောက်ရေးမပါတဲ့ လူသားတွေကို

ကျော်ဟိန်းလို စောက်ဂရုစိုက်ခံချင်လို့ ပိုစတာထုတ်ပြီး

ငါနှုတ်ဆက်မနေဘူး

သိချင်သိမသိချင်နေ

စောက်ရေးမပါတဲ့ လောကကြီးရေ

အိပ်မက်နဲ့လက်ထပ်ချင်သေးလို့လား

စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်လို့မှမရတာ

သေချာပြီဆိုမှ ကောင်းကင်ပေါ်တက် မီးရှို့ကြတာပေါ

တိမ်ပြာမှုံလောက်တောင် အသုံးမ၀င်တော့တဲ့ ငါတို့က

ဘာကိုအသုံးဝင်ချင်နေကြတာလဲ

လင်ယူသားမွေးပြီး အောင်မြင်တယ်လို့

ကြွားလုံးထုတ်အုံးမလို့လား

မြုံနေတဲ့ နမတွေတော့ ပြုံးနေတော့မယ်

မီးလျှံအဖုံဖုံကို တုန်ရီနမ်းရှိုက်ပြီးမှ

ငါ့ဗဟိုစနေမှာ လောကကြီးအတွက်

ဘာတခုမှချန်နေစရာမလိုတော့ဘူ

လောကကြီးက

စိတ် ပျက် လက် ပျက် ထွေး ထုတ် လိုက် တဲ့ ကြယ်ကြွေ တွေပါ

လေထုနဲ့မတဲ့ လို့ မီးထတောက်တာ ဆန်းသလား

ဘာကိုမှခံစားမနေနဲ့

ယနေ့အထူးလျှော့ဈေး ၁၀၀ % ဒစ်(စ)ကောင့် (discount)

လေကောင်းလေသန့်တစ်ပိဿာ ၁၁၁၀ကျပ်။




အမည်မဲ့၊ nelay

“အုံ့ပုန်း”




ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊

မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊

တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..

လွမ်း
မိုင် ... ... ၊၊

- ဇာတိ -


======================

ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ

မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်

ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား

ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။

- နီလေး -

==========================

ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။

- အမည်မဲ့ -

========================

သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။

- ဆူးခက်မင်း -

=============================

နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ

ငါ့ကို သောက်ပါ

ငါ့ကို သုံးပါ

ငါ့ကို မြိုချလိုက်ပါ


- အနော်မာ -

“ ညအနီ ”



ကောင်းကင်ကို မော့ကြည့်ပြီး

လက်ညှိုးလေးတစ်ချက် “ ကွေး ” ချ လိုက်တယ်

ကြယ် တွေ ကြွေ လာ စမ်း



ရုပ်သေး

ကဗျာထဲက စကားလုံးတွေကို
တစ်မျိုးခြင်းဆီ တိုက်ချွတ်ခွဲခြားလိုက်ပါတယ်


ကောင်မလေးတစ်ယောက် ငွေအိပ်မက် မက်တဲ့
တနင်္လာနံဒေါင့်မှာ ဘာသီလမှ မလုံဘူး
နောက် အိုးတစ်လုံးထဲက ကဗျာလုံးတွေ တန်းစီပြီး
ထိုးချလိုက်တယ် ။
မိုးပေါ်ထောင် ပစ်ရင် ခေါင်း ကိုထိမယ်
မြေကြီးကို စိုက်ပစ်ရင်
ခြေမ ကို ထိမယ်
တစ်
နှစ်
သုံး
လေး
ငါး
ဘယ်နေရာမှာမှ သူ့မ အကြောင်းမလွတ်ဘူး
မကျွတ်ဘူး
စီထားပါလိုက်ပါဆိုလို့ စီထားလိုက်တယ်
နံရံ ကို မော့မော့ကြည့်ပြီး
ဘုရားစာရွတ်တယ်
ဘုရားဘုရားဘုရား
အံတင်းကြိတ်မိလိုက်ရာက စ တာပဲ

လူ တစ် ယောက် ကို သတ် ချင် ရင်
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။

ငါတို့ ကမ္ဘာဆုံးရင် ကမ္ဘာတစ်ဖက်ခြားမှာတွေ့ကြမယ်
ဘုရား ဘုရား ဘုရား
ခုထိ စီထားတုန်း
တိုက်ချွတ်ဆေးကြောတုန်း
ကမ္ဘာပေါ်မှာ နင် နဲ့ ငါ နှစ်ယောက်ပဲ ရှိတော့တယ်
ဘာကို ရှက်နေဦးမှာလဲ .. ( ဆိုတော့ )
လက်ငါးချောင်းထောင်ပြတယ် ။

“ခဗျား စိတ် နဲ့ ကျုပ် လည်း ခု ထိ ကံ မ ကုန် သေး ဘူး”

ငါလဲ ပြုံးနေနိုင်တာပဲပေါ့
အဲ့သလို မျက်နှာပေါ်မှာ
မရှက်ပြုံးတင်ပြီး
ခဗျားလေးလဲ ရှေ့ကသွား
ဘာကို ရှက်နေဦးမှာလဲ
ဤ ပန်းသီးလဲ ချိုပါတယ် .. ။




ရုပ်သေး
ကျွန်တော်နှင့်ကျောက်ခေတ်နှင်းဆီ
www.yotethay.blogspot.com
လင်းပွင့်လက်များ


အကြွေး ဇာတ်ကား ဇာတ်ဝင်ခန်းမှ >>>
လူ တစ် ယောက် ကို သတ် ချင် ရင်
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။
( ကျော်ဟိန်း )

ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့

အလိုလို သေသွားမှာ...
ပြောလို့မရတဲ့ အသံတွေကို..
တိတ်တိတ်တိုးတိုး သတ်ပစ်လိုက်ချင်တယ် ၊၊
အလိုလို မသေခင်...
အလိုလို မသေခင် ... ၊၊


‘နာကျည်းလိုက်တာ’

အလိုလို မသေခင်
လေတွေတိုးတိုးလာ
အလိုလို တိုးတိုးလာ
အသက်ရှုရတာ ရောဂါတစ်မျိုးပဲ
အထပ်ထပ် တိုးတိုးလာ
ငါ့ကို ထိုးသတ်သွားတာ
နတ်သမီးဟာ ဓားယောင်ဆောင်လို့
ငါ့ ကို ထိုး သတ် သွား တာ
အထပ်ထပ် တိုးတိုးလာ

‘နာကျည်းလိုက်တာ’

ငါ့ အသံလဲ ငါ ပြန်သိမ်း
နင့် အသံ လဲ ငါ ပြန်ပြန်သိမ်း
နင့်စကားတွေကို ငါ နားမလည်ဘူး
နင့်အသံကို ပဲ ငါ နားလည်တာ
ဆူးလေ တံတားအောက်မှာ
အသံတွေနဲ့လောင်ကျွမ်းသွားတဲ့
ဖိနပ်တစ်ရံ …
တယ်လီဖုန်း ခလုတ်တွေနဲ့
ငါ့လက်ဗွေရာတွေ ဟာ အလာ့ဂျစ်ဖြစ်ဖြစ်နေ ..

‘ငါ နာကျည်းလိုက်တာ’

လေတိုးသံကြားတောင်
ငါ့ဝိဥာဉ်က ငါ့ကိုလန့်
နင့်ဝိဥာဉ်က ငါ့ကိုလှန့်
နှလုံးသွေးဟာ နှေးကွေးလာတယ်
စာလုံးပေါင်းတောင်မြင်လို့မရ
နာမည်လေးလုံးကိုကြားလို့မရ
သွေးကြောတွေထဲမှာ တဆစ်ဆစ်နာတယ်၊၊

ဒေါင်းယောင်ဆောင်တဲ့တောမှာ ကျီးဟာမဲနက်
သစ်ခြောက်ပင်ကိုအစိမ်းချိုးပြီး
လေပြေတွေငိုသွားသည်အထိ
ငါ့ကိုတောခြောက်သွားတာ
ပွင့်ထွက်တော့မဲ့ မွေးရပ်ညမှာ
နတ်ဘုရားကိုဖွဖွဆုတောင်း
ဒီကောင်က ကြားပေမဲ့ မဖြည့်ပေးတတ်တဲ့အမျိုး
ဘာကိုဘယ်လိုနာကျည်းရမယ်မှန်းမသိတဲ့ငါက
ခေါင်းကိုခဏခဏဖြုတ်ထားရမယ်
ငါ့ကိုတောခြောက်သွားတာ
တိတ်တခိုးအသံတို့ သေရွာကပြန်လာပါစေ
အိပ်မက်ကိုနှိုးပြီး မင်းကိုပြောရအုံးမယ်
လေစကားဟာ လေထဲမှာပဲ သေဆုံး
အဖြစ်မရှိပဲရှုံးသွားတဲ့ယုန်တစ်ကောင်ပါ၊၊

အဲ့ဒီလို ငါ့လက်ခုပ်ထဲ ကျလာတဲ့
ကြယ်အပဲ့တွေကို အစိမ်းချုပ်ချုပ်ပြီး
မီးလောင်တိုက်သွင်းရမှာ ..
မှော်မဆန်ဘူး ဒီလိုညလေးလိုမျိုး
သိမ့်သိမ့်တုန်အောင် သိမ့်သိမ့်တုန်အောင်
ငါ့ ရင် ငါ ခြမ်း ..
ဘာမှလဲမရှိတော့ဘူး .
အခုထိလှနေတုန်းပဲ .. ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့ထဲ ... ။
တောယောင်ဆောင်သွားတဲ့ ငါ့တိမ်ပျိုရေ ...
ငါ့ကျောရိုးမှာ နူးညံ့တဲ့နိမိတ်တို့သေဆုံးတောက်ပ
ဘ၀ပန်းဝတ်ငုံတွေပွင့်မရဖူးမရ
နာကျည်းစရာမိုးတွေသာ မှတ်ဥာဏ်ထဲမှာ လှိုင်လှိုင်သွန်းချ
ဒီမြေသြဇာနဲ့ နက္ခတ်အကျိုးတွေသာ အပြိုင်ပြိုင်တောက်ပနေတယ် ...။

စက်ကွင်း






မိုးသားတွေ အောင်မြင်လှပစွာ ပြီးဆုံးရပ်တန့်သွားတယ်

မီးတန်းတွေ အလုံးလိုက် နဲ့

သိပ်လှတဲ့ ကောင်းကင်ဆီ ။

ငါ့ မြင်း ငါ ရိုင်း အောင်သင်ပြီး

ငါ စိုင်း စရာ ။

တိမ်တွေလဲ ညိုလာပြီ ယုန်ငယ်ရေ

အခုပဲ မိုးသားတွေ အပြေး

ကွေးထားတဲ့ လက်ညှိုးဝိုင်းလေးထဲ သက်တန့်မှာ ခေါင်းစိုက် ငိုက်လို့ ။





ရုပ်သေး

ကျွန်တော်ပြောသော မင်ရည်ကျဲလောက တစ် ၏ စာရွက်နောက်ကွယ်



ငါကျေနပ်ပါတယ် . . ဒီလိုနေရတာ
လမ်းလျှောက်ရင် ပီကေဖောက်မယ်
မကျေနပ်ရင် ခါးထောက်ရှိုးတယ်
အရှေ့ကလူတွေကံဆိုးတယ်
ဖက်ကြမ်းဖတ်ပီး ကဗျာသောက်တယ်
ငါနေပျော်ပါတယ်
ဘီယာစုပ်ပြီး ၅သုံးလုံးခဲတယ်
ခဲတံမလိုဘူး စာရွက်မပါဘူး
ရတယ်
ကဗျာတွေဖြစ်တယ်
လွယ်အိတ်ထဲခေါက်မထည့်ဘူး . . လက်ပ်တော့ပ် ပါတယ် . . တစ်ပုဒ်ချင်းထုတ်စားပြမယ် . .
တစ်ပုဒ်ချိုတယ်
ရှေ့က အစ်ကိုတွေကို ကျနော် လေးစားတယ်
နောက်တစ်ပုဒ်ခါးတယ်
နောက်လာမယ့် ညီလေး
အစ်ကိုလေးစားပါတယ်
လေယာဉ်ပျံကြီး စီးမှ ကဗျာဆရာ မဟုတ်ပါဘူး ။
လေထဲ တိုက်အိမ်ဆောက်တတ်ရင် ကဗျာဆရာ ဖြစ်တယ် ။
ဂရမ်းမီးရထားဟိုတယ်လ် မှာ တက်ရေးမှာ ကဗျာဆရာ မဟုတ်ပါဘူး ။
ဂရမ်းရွိုင်ရယ်လ် သောက်ပြီးရေးလည်း ကဗျာဆရာ ဖြစ်တယ် ။
ကိုယ့်ခံယူချက်နဲ့ ကိုယ် တလွဲလုပ်ကြတာတွေတော့ ရှိတာပေါ့ ။
ကိုယ့်အလွဲနဲ့ကိုယ် မှန်နေကြတဲ့လူတွေကြားမှာ
ကဗျာတစ်ပုဒ် ဆက်ရေးဖို့ ..
စီးကရက်ငွေ့တွေ မှုတ်ထုတ်ပစ်လိုက်တယ် .. ။
" ဟူးးးးးးးးးးးးးး "
မောတယ် ။
လေထဲဆောက်ရမယ့် အိမ်ကို မော့ကြည့်ရတာမောတယ် ။
အခြေမခိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ရတာလည်း မောတယ် ။
တစ် နှစ် သုံး လေး ငါး ၊
ဒီအတိုင်းပဲ ဆက်ရေးတော့ ။
ဘာမှ ဆက်ရေနေစရာမလိုဘူး ။
တစ် ပြီးရင် နှစ် လာမယ် ။
သစ် ပြီးရင် ဟောင်း လာမယ် ။
ကဲ ... ပြော ။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ။
ဘာက ဆုံးဖြတ်မှာလဲ ။
မှားနေကျ မှန် ကပဲလား ။
ဒါမှမဟုတ် မှန်နေကျ ... တစ်ခုခုကများလား ။
ထားပါ ။ ပြောချင်တဲ့ အထဲမှာ အဲ့ဒါတွေမပါဘူး ။
မနက်ရောက်တာနဲ့ ထွက်သွားတော့မယ့် ရထားကြီးရယ် ။
မနက်ရောက်တာနဲ့ ဆိုက်လာတော့မယ့် လေယာဉ်ပျံကြီးရယ် ။
ကိုယ့်ကိုကိုယ် ပြန်မှုတ်ထုတ်နေတဲ့ စီးကရက်တစ်လိပ်ရယ်လောက်ပါပဲ ။
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ။
ဒီ့ထက်ပိုပြီး ဘာများ သိချင်သေးလဲ ။
ဒီ့ထက်ပိုပြီး ဘာများ အသိပေးချင်သေးလဲ ။
မှာစရာရှိတာ မှာလိုက်ကြပေါ့
သွားရ လာရ ခရီးက လေးဆယ့်ငါး ၊ ငါးဆယ်
သွားစရာရှိတာ သွားလိုက်ကြပေါ့
ကံဆိုးတဲ့နောက်လိုက်ကြတဲ့ ကံကောင်းကောင်တွေ
ရောက်နေကျနေရာက ရပ်စောင့်ကြ
ကျနော်ရယ် ကျနော့် အစ်ကိုတွေရယ်
ပြီးတော့ လမ်းအတုတွေရယ် လမ်းအစစ်တွေရယ်
မျက်နှာပေါ်က ရိုင်းပျခြင်းက တစ်ယောက် ပခုံးပေါ် တစ်ယောက် ဖက်လှဲတငင်
ဒီ လောကရဲ့ နောက်ဘက်က မျက်နှာ
ကျနော့် အစ်ကိုတွေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်ရယ်
မှာစရာရှိတာ မှာကြ
ကျနော်ရယ် ကံကောင်းကောင်တွေရယ်
ဘယ်သူမှ မစောင့်ကြဘူး ထထွက်သွားတယ်
မှာစရာရှိတာ မှာလိုက်ကြ
ဒီလောက ရဲ့ ဒီ ခရီး ဖိနပ်ပါးပါးပဲစီး
ထွက်လျှောက်လိုက်တော့
ဟိုးအရှေ့ ကျနော့် အစ်ကိုတွေကို မှီတယ် ... ။               ။


                                     မောင်မိုးချိုဆူးခက်မင်းညီစိမ်း ရုပ်သေး


အရောင်မဲ့ဒြပ်မဲ့ဖြစ်သောပိုးချည်မျှင်မလေး



ပိုး မျှင် ရေ
ပြော ကောင်း ဆို ကောင်း ပြော ချင် တယ်
ဝတ် မှုန် က လေ ပြည် ကို ပြော သ လို
သစ် တော က မိုး ဥ တု ကို ပြော သ လို
ငါ့ က နင့် ကို ပြော ချင် တယ် ။


အ ခု ဆို ရင်
ငါ့ ရေ သောက် မြစ် တွေ က
ဆုတ် ဖြဲ ခံ နေ ရ တာ နဲ့ တင်
ဥာဏ် ရည် ဥာဏ် သွေး တွေ နိမ့် ကျ ကုန် ပါ ပြီ ။




တိမ် တွေ မ ဖြူ တော့ ဘူး ဆို တဲ့
တစ် နေ့ က
နင် မ ဟုတ် ဘူး လား...ပိုး မျှင်
ငါ့ အ သိ ဥာဏ် တွေ ထဲ
ပြေး လွှား က ခုန် နေ ခဲ့ တာ
ကြည် နှုး မှု တေး သွား တွေ က
မှတ် သား ဖွယ် ရာ မိုး ရေ ချိန် တွေ လို
တစ် ချက် တစ် ချက် အုံ ဆိုင်း လာ တယ်
နင် ဆို တာ ငါ မ သိ သေး တဲ့
ငါ့ ရင် ဘတ် ထဲ က နို ၀င် ဘာ
ရေ စက် မ ပါ တဲ့ မိုး တွေ
ဒီ နေ ရာ မှာ မ ရွာ နဲ့
နွေ စက် လက် စို လည်း
ငါ သွေ့ ခြောက် ဖို့ ရဲ တယ် ။


ပိုး မျှင် ရေ
ခေါ် ဆို ရ မ ခက် ခဲ လောက် ပါ ဘူး
မ မြင် ကွယ် ရာ မှာ
တစ် ရာ သီ စာ ပုန်း နေ တော့ မှာ လား
နင် ကိုယ် တိုင် ဖန် ဆင်း အပ် သော
ရ နံ့ အ ပြည့် နဲ့ နှင်း ဆီ တစ် ပွင့်
ငါ့ ရင် ဘတ် မှာ လာ စိုက် ပေး ပါ
ငါ့ ကို လာ ပြီး တော့ ရစ် ပတ် လှည့် ပါ ။



ပိုး ချည် မျှင် နဲ့ ယက် လုပ် ထား တဲ့
နှုတ် ခမ်း ပါး လေး ရေ
စိတ် ရှိ လက် ရှိ သာ ပြော ခွင့် ရ မယ် ဆို ရင်
" ချစ် တယ် " ဆို တဲ့
စ ကား တစ် ခွန်း ထက် ငါ ပို မ ပြော ဘူး
ငါ့ ဂူ တံ ခါး က မင်း မန္တာန် နဲ့ ဖွင့် မှ ရ မှာ မို့ ပါ ။



ပြီး ပြီ လား.....ပြီး ပြီ တဲ့ လား
ဒါ ဆို.....နင့် ဓါး ကို သိမ်း တော့
တံ ခါး တွေ ဖွင့် မီး တိုင် တွေ ထွန်း
ဗုံ သံ တွေ ကို ခုန် ပေါက် စေ လိုက်
အဲ ဒီ တေး သွား နဲ့
ငါ.....စီး ချင်း ထိုး မ လို့
ဟင်း လင်း ပွင့် ကြင် နာ ခြင်း တွေ နဲ့
ပ ညတ် တော် တွေ မ ပါ ပဲ
သေ ချာ တဲ့ အ က္ခ ရာ တစ် ခု ကို
သိပ် သည်း ဆ လေး နက် သွား စေ ဖို့
ပိုး မျှင် ရေ..........ငါ တို့ နှစ် ယောက်
တစ် ယောက် ရင် ကို တစ် ယောက် တူး ဆွ ကြ မယ် ။


အ ရောင် မဲ့ ဒြပ် မဲ့ ဖြစ် သော ပိုး ချည် မျှင် မ လေး ရေ
ပိုး တုံး လုံး လေး တွေ
လိပ် ပြာ ဖြစ် လာ မယ့် နေ့ ကို
ငါ..................မျှော်.........နေ..........တယ်
အ မှန် တ ကယ် လူ လုံး လှ စေ ဖို့ အ တွက် ။



( ရိုးရာ+အမည်မဲ့ )

ပန်းသီးတစ်လုံး / ခပ်ရိုင်းရိုင်း ပါးစပ်ရာဇ၀င်

တစ်ယောက်ယောက်နာမည်နဲ့
သီးတဲ့ အဲ့ဒီ ပန်းသီးတစ်လုံး ...
ငါ ခွဲကြည့်တော့
ဘယ်သူမှ မလောင်ကျွမ်းသေးတဲ့ မီးနဲ့ ငါ စတင်လောင်ကျွမ်း ....
ဒီလိုနဲ့ .. ပြေပြေပြစ်ပြစ် ခါးသီးခဲ့ရပါတယ်၊၊ ၊၊ ( ဇာတိ )

ပတ်ပတ်လည် သုံးဆောင်ပြီး လွှင့်ပစ် ..
ဖြစ်ပုံက ..
ခင်ဗျားတို့  သိတဲ့ အတိုင်း ..
ကျွန်တော်က သိတဲ့ အတိုင်း .. ( သရဲစိမ်း )

ဒီနေရောင်နဲ့ အရင်က ပတ်သက်ဖူးပါတယ်
တူတူတော့မွေးလာကြတယ်
အဆိပ်ရှိရခြင်းနဲ့ ငါကပဲအချစ်ဖြစ်တည်စေမယ် ( လူကြီးမင်း )

ဝှက်ဖဲတစ်ချပ်နဲ့
မင်းနာမည်ကိုဘယ်လိုစာလုံးပေါင်းရမလဲ
ပန်းသီးတစ်လုံးရဲ့ရာဇ၀င်ကိုဖော်ထုတ်ဖို့
ဒီဘက်ခေတ်မှာ မပြောချင်တော့ဘူး
သမိုင်းစာအုပ်လှန်ဖတ်တိုင်း
ခဏခဏ အိပ်မောကျမိတော့
ဒဏ်ရာတွေကို နှိုးနှိုးပြီးမေးကြည့်မိတယ်
ပြောင်းပြန်စီးဆင်းနေတဲ့ သွေးကြောမကြီးထဲမှာ
တစ်ချို့တစ်လေ ငိုက်မြည်းနေတာ ကလွဲရင်
ဒိုင်ယာရီ အသစ်တွေ ထပ်မရေးတော့ဘူး ။ ။ ( အမည်မဲ့ )

ပန်းသီး ပန်းသီးနဲ့ ဖြန်းဖြီးပြီး ၊ ပြော
နေတာတွေ ၊ ရပ် ။
ပြောဖို့ လိုရင် ၊ လိုတာတွေပဲ ပြော ။
" လုံခြုံမယ့် အိမ်လိုချင်တယ် .. "
လူတွေ ၊ လူတွေ ။
ငါ့ လည်ပင်းကို ဖြတ်နင်းသွားတဲ့လူတွေ ။
" မိတ်ဆွေ .. ကျေးဇူးပြုပြီး .. ပန်းသီးတစ်လုံးလောက် .. " ။ ။ ( ဆူးခက်မင်း )

.




မင်္ဂလာပါ
ဒီနေ့ 
ဒီလိုဆုံတွေ့ ခွင့်ရတာ မင်္ဂလာပါ
အဲသည်လိုနဲ့ ကဗျာကို စဖွဲ့ လိုက်လေရဲ့
လက်ခုတ်သံတွေဟာ အုံးခနဲထပျံသွား
အရာအားလုံးဟာ တသားတည်းဖြစ်ဖို့ 
နမောတဿရွတ်လို့  ညွတ်တွားရအောင်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါဘုရား။
(ဒုတိယံမိ နှစ်ကြိမ်မြောက်လည်း)
(တတိယံမိ သုံးကြိမ်မြောက်လည်း)

ဘ၀အတွက်အဆင်းရဲဆုံးက အချိန်
ဘုရားတောင် ပေါက်ဆိန်ပေါက်ဦးချ
ပြက္ခဒိန်တွေ လှန်ရင်းမောလာတယ်။

မွေးကတည်းက လည်း....
အူဝဲ. . . .
သေဆုံးသွားပြန်တော့လည်း
နှောင် ခနဲမြည်တဲ့
ကြေးစည်သံက မျက်ရည်ကို ညှစ်ထုတ်ပြန်တယ်...

ရေပက်မ၀င်အောင်မှန်တဲ့ သင်္ခါရ
ကွေးသောလက် မခြောက်ခင်လား
စိုသောလက် မဆန့် ခင်လား
ရန်သူမျိုးငါးပါးနဲ့  ဒွေးရောယှက်တင်နေရတယ်

ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ 
သင့်ရာဒေသ အမြဲနေ
နယ်ပယ်ချဲ့ ထွင် ကျွန်ခံခြင်း
ငွေကြေးနဲ့ ရွှေ့ လို့ ရတဲ့ ဇယ်ရုပ်တွေဟာ
ဂိတ်မှုးကြီးလက်ထဲမှာ အရောင်လက်လာတယ်..

ပါးကွက်မညီခင် ပါးကွက်ပျက်နေကြခြင်း
ဒါပဲနော်၊ ဒီတစ်ခါပဲရမယ်
အဲသည်လိုနဲ့  ဒုတိယကမ္ဘာစစ်ကို စခဲ့ကြတယ်
ဟီရိုရှီးမားလား၊ နာဝါစကီလားတော့မသိဘူး
ကျွန်တော်တို့ ဖျက်ချခဲ့ကြတယ်...
သမီးခုလို နာမည်ထွက်လာတာဟာ
လက်တွဲဖော်တွေ၊ မြေတောင်မြှောက်ပေးတဲ့သူတွေကို
သမီးနဲ့ 
ကျေးဇူးဆပ်ခဲ့လို့ ပါ
ငါ့သမီးလေးတော်လှ တော်လှနဲ့ 
ဟန်းဖုန်းခါးကြားထိုး

နောက်ဆုံးပေါ် မော်ဒယ် လန်းလန်းလေးနဲ့ 
လဲလိုက်ပါအဖေရာ၊ အဖေ့ကားကြီးက
အဲယားကွန်းလဲ မအေးတော့ဘူး

ချွေးထွက်လွန် သမ္မာအာဇီဝဟာ
အောက်ဆိုက်ဓာတ်ဆားကို မှီဝဲနေ

ကဲ သားတို့ ၊ သမီးတို့  ဒီပုံစံလေးကို ဖြည့်လိုက်ကြနော်
ကြုံတုန်းအလှူငွေလေးလည်း.......

ကင်းခြေများတွေ လမ်းသလားသလို
အသက်ဝင်တဲ့ညနေ
အပြေးအလွှားလမ်းဖြတ်ကူးတဲ့ ကြွပ်ကြွပ်အိတ်ဟောင်းဟာ
ဆယ်လိုတိတ်အကြောင်းမသိတဲ့ ရာတန်ကို
မယုံသလိုလိုကြည့်တယ်
ဘတ်စ်ကားတွေထဲကို ချွေးစက်တွေရဲ့ 
သုံးပုံတစ်ပုံထည့်ရတယ်
ပါးစပ်မပါတဲ့ ညစာစားပွဲတွေနဲ့ 
ညစာစားပွဲမပါတဲ့ပါးစပ်တွေဟာ
webcam နဲ့  chatting ထိုင်
ဂွီ၊ ဂေါ်

ကျွန်ယုံတော တဖက်ကမ်း
သားသမီးယုံတော့ စုံလုံးကန်း
အကြည်ဓာတ်ကလေးလွှာခံထားရတဲ့ ကျွန်တွေရှေ့ မှာ
ယမထာရွှေကြိမ်လုံးရယ်နဲ့ 
သိမ်ပန္နက်ကိုတဲ့ ခြေတော်တင်
အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာ
ရက် ၂၀ နီးပါးရှိပြီ

အသင်းခေါင်းဆောင်ကလည်း ပွဲပယ်ခံထားရတယ်
အားထားရတဲ့ကစားသမားတွေကလည်း
မုန်တိုင်းတိုက်လို့ တကွဲတပြားစီ
ကြွက်ချေးတွေထဲရောနေတဲ့ ဆွမ်းဆန်နဲ့ 
နှမ်းတစေ့နဲ့ ဆီဖြစ်ခြင်း၊ မဖြစ်ခြင်း

ခင်ဗျာ ပြည်တွင်းမှာပဲထုတ်တာခင်ဗျ
နိုင်ငံခြားကိုမှာလို့ မရပါဘူး
ဟုတ်ကဲ့ ကျွန်တော်တို့ ဆိုင်က ဘူဖေးစနစ်လေ

တနေ့ လုပ်မှ တနေ့ စားရတာဆိုတော့လည်း
စုနိုင်အောင်လုပ်ဖို့ ဆိုတာ

တီ
တို

တေ
တီ

ဟယ်လို၊ ဟယ်လို
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.............။





သုဏော်စိုင်း

ပြတင်းပေါက်

လေးထောင့်ဆန်ဆန် ထောင့်မှန်စတုဂံပါပဲ ။

အေးစက်စက်ညတွေမှာ လက်နှစ်ဘက်ကိုပိုက်ပြီး

ချည်တိုင်လေးကို ခပ်တင်းတင်းထွေးပွေ့ထားချင်

နေမင်းလက်ချောင်းတွေနဲ့ ထိတွေ့မိပြန်ရင်လည်း

ကျန်နေတဲ့ကမ္ဘာတစ်ခြမ်းကို ပုခုံးပေါ်ထမ်းတင်ထားချင်သေး

ဝေခွဲလို့ မရလိုက်ပုံများ ..... .....

အသားထဲကို သံချွန်တွေ ရိုက်သွင်းပြီး

ချုပ်နှောင်ခံထားရတာကိုတောင် မေ့လို့ ။

ညီစိမ်း



ကျွန်တော်မသိဘဲ..မိုးတွေရွာသွားတယ်..မကြည်ဖြူ




ဒီ....အသံ

ဒီ..အလင်းတွေထက်မြန်တဲ့

ချစ်ခြင်းမျိုးနဲ့

အနားကိုရောက်ပါရစေ မကြည်ဖြူ

ယုံကြည်ပေးပါ ။



အလျားလိုက်ရွာသွားတာလားဒေါင်လိုက်ရွာသွားတာလားဆိုတာ

ခွဲခြမ်းမစိတ်ဖြာမိတာကလွဲရင်

ကျွန်တော် မကြည်ဖြူကိုချစ်တာ

သစ္စာဆိုပြစရာလိုသေးလို့လား

မိုးတွေရွာသွားတယ်ဆိုတာ

ကျွန်တော်တကယ်မသိလိုက်ဘူးမကြည်ဖြူ ။






စတော်ဘယ်ရီနဲ့လုပ်ထားတဲ့

ညနေခင်းလေးလည်း

ပြာ

ကျ

အရင်တုန်းကညနေခင်းဟာ

ညနေခင်းနဲ့မတူတော့

တစ်လောကလုံးတိတ်ဆိတ်

ကျွန်တော်အသက်ရှုဖို့တောင်မေ့သွားတယ် ။





လူ့ဘ၀ဆိုတာ မသေချာခြင်းသီချင်းတစ်ပုဒ်

ကျွန်တော်မသိလိုက်ပဲ

အပြင်မှာ

မိုးတွေတကယ်ရွာနေသလို

ရင်ထဲမှာလည်း မသေချာခြင်းခြေလှမ်းတွေ မှားနေတုန်း

နိုဝင်ဘာရဲ့အိပ်မက်တွေ

တကယ်ပြုစားခံလိုက်ရတာ

ဘာမှမပြောင်းလဲသလိုပါပဲ

မကြည်ဖြူရေ...

အဲဒီနေ့ကမှ ကိုယ့်ဘာသာကိုယ်ပြန်မေးမိတယ်

ဘယ်တုန်းကများ

ဘာကြောင့်

ဒီလောက်ထိချစ်သွားရသလဲဆိုတာကို ။




နေ့ဆိုတာ

ပြက္ခဒိန်တစ်ခုမှာ နံပါတ်တစ်ခုပြောင်းတပ်လိုက်တာ

ဆိုပေမယ့်

ကျွန်တော်မကြည်ဖြူကိုချစ်မိတဲ့အကြောင်းကစပြီး

ကဗျာတစ်ပုဒ်လောက်ချရေးချင်ပါသေးတယ်

ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်

ဒီရင်ခွင်လွဲလို့

ဘယ်နေရာမှမခင်တွယ်မိဘူး

ဖြစ်ပြီးပျက်တဲ့အထဲမှာ

ကျွန်တော့်ချစ်ခြင်းတွေမပါစေရဘူး မကြည်ဖြူ ။




ဒီဖက်လှည့်လို့ ပြုံးပြစမ်းပါဦးလား မကြည်ဖြူ

ပြုံးလိုက်တိုင်း

ကြယ်တွေတောင်ခူးဆွတ်ပေးချင်ရဲ့

တောင်နံရံတွေပြေးပြေးတက်

အက်ဆစ်ပြင်းပြင်းတစ်ခွက်ကိုပဲတပ်မက်ခဲ့သူပါ။





ကျွန်တော်မသိပဲရွာသွားတဲ့မိုးက

ပြန်ကျမိုးတွေမှမဟုတ်တာသေချာပါတယ်

မတွေးပါနဲ့ပြောလည်း ဘယ်လိုမှတားလို့မရဘူး

ကို့ရောဂါအခြေအနေကိုယ်မသိတော့

ဆေး ဆိုတာမရှိတော့ဘူးပေါ့ ။





မကြည်ဖြူရေ

"ချစ်ခြင်း"ဆိုတာမင်္ဂလာ

ဟောဒီကမ္ဘာရဲ့သံလွင်ခက်

ရက်စွဲလှလှတွေရင်ခုန်ကြရအောင်

အခုလေ

ကျွန်တော်မသိပဲအပြင်မှာမိုးတွေရွာနေပြီ

မနက်ဖြန်ဆိုရင် ကျွန်တော်ပျိုးထားတဲ့အပင်လေး

ဖူးပွင့်လာတော့မယ် ။





အမည်မဲ့

အရပ်သုံးဘာသာစကားဖြင့် မျက်ရည် ( ) စီစီ
ထုထည်ကို ဖော်ပြခြင်းငှာ မစွမ်းသာသောကြောင့်
မစွမ်းသာသော ဖော်ပြခြင်းအဖြစ်
ထုထည် ( ) စီစီ ရှိ မျက်ရည်ဖြင့်
အရပ်သုံးဘာသာစကားတွင် ၀င်ရောက်နေထိုင်ရင်း ၊ နေရင်း ၊
ထိုင်ရင်း ဘေးတိုက်ကျလာတဲ့နေ့ တွေ အကြောင်း/ကြောင့်
ဘေးထိုင် ဘုပြောခြင်း/ခံရခြင်း နှင့်
အတူ အားစိုက်ထုတ်မှုချွေးစက်တွေကို ယပ်ခပ်ပေးနေရတာ/ ရလို့  နေသာထိုင်သာ
သော်လည်း လစ်တမတ်စက္ကူလို
အရောင်ပြောင်းသီအိုရီ မရှိလို့  ကိုအမည်မဲ့ရဲ့ ကဗျာတစ်ပုဒ်လို
ဘာလိုလို ညာလိုလို လိုလိုနေတဲ့
ဆင်ခြေဖုန်းဆန်လာတဲ့ လူ အဖြစ်နဲ့  ဒီနေ့ ပေါ်ထိုင်
ကြည့်တော့ မနက်ဖြန်ဆိုတာလည်း မနေ့ ကနဲ့ တူသလိုလို
ဆိုပေမဲ့ ပစ်ဖဲတိုင်းဟာ ပိုဖဲ မဟုတ်ဘူးဆိုတော့
တာဝန်ဝတ္တရားလို ၊ အာသီသလို ၊ လက်ခေါက်မှုတ်သံလို
လိုအပ်ချက်များကို ဖြည့်စွက်ရန်
သင်၏ အိမ်မက်များကို ကျွန်ုပ် ၏ အတွေး ဖြင့်
သားဖေါက်ရန် လို/ မလို


သုဏော်စိုင်း

ဓားပြဇာတ်

 

 

ကောင်းကင်ပွင့်ပြီလား….?

မြို့ရိုးကိုမှီထိုင်၊ ကြယ်တရာပတ်ပျိုးတစ်ပိုဒ်နဲ့

မီးပျက်နေတဲ့ ကန္တာရတစ်ခြမ်းမှာ အသက်ရူကြပ်တယ်။

ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး……

ကိုယ့်ဓါးကိုကိုယ် မြအောင် သွေးချင်ကြတာချည်းပဲ…….။

 

မနေ့ကနေသာတယ်..။

ကိုယ့်ကိုကိုယ် အချိုးမပြေကြောင်း ဒီနေ့မှသိတယ်..။

နှလုံးသားတည့်တည့်က ဆင်ဆာဖြတ်ခံရ

စောင်းကြိုးတွေပိုင်းဖြတ်မယ့် ဓါးအော်သံ

……….. တိုက်ပွဲမှာငါကျတယ်……………

 

“အနုပညာက စကားပြောသတဲ့”

သွားစမ်းပါ… ခရစသ်နှစ်ထောင်က ထွင်းထုခဲ့တဲ့

ငါ့ကဗျာအဟောင်းတွေထဲက စကားလုံးအသိုးတွေ……

သံကြွပ်နဲ့ လုပ်ထားတဲ့အပြုံးတွေ……

ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ထိုးအန်ချပစ်လိုက်ရဲ့

ထက်ပိုင်းကွဲနှင်းဆီတို့ ရဲရင့်မွှေးရီကြပြီ..။

 

အဲ့ဒီ့အလင်းတစ်ပြိုက်..၊နှစ်ပြိုက်အောက်မှာ

မျက်ရည်ပေါက်ကြီးငယ်ကို အကုန်မျိုချ……..

လက်ဖ၀ါးထဲက တိမ်တစ်ဆုပ်ကို

စိတ်ရှိလက်ရှိ ချရေးကြည့်တယ်..။

“တို့သိပ်ချစ်ကြတယ်”

“တို့သိပ်ချစ်ခဲ့ကြတယ်”

နှင်းဆီရွက်စိမ်းစိမ်းလေး ရနံတွေ ပြာပြာသလဲကြွေကျ

ငါလွမ်းလိုက်တာ…။

 

ထားလိုက်ပါနေတော့လေ…

ဓါးဆိုတာသူရတဲ့ထောင့်က ၀င်လာမှာပဲ

ယမ်းခိုးတလူလူအစိးအနင်းကြား

အိမ်မက်ကိုထည့်ရေးဖို့ ငါမေ့သွားတယ်..။

ငါ့ဖဲဆင်မှာ ဂျိုကာမပါဘူး…..

ယတြာချေဖို့ ငါဘာလို့မေ့ခဲ့တာပါလိမ့်…။

 

မမြဲခြင်းတရားက ဖက်လဲတကင်းဆီးကြို

စိုတိစိုဖတ်နဲ့ ဘ၀ကို အံစာခေါက်ကြည့်တော့

“တစ်”ကျတယ်…။

ဘာမှမရတာကိုက အမြတ်ဖြစ်နိုင်တယ်…

ခပ်တည်တည်နေတတ်ဖို့တော့လိုလိမ့်မယ်…။

 

တစ်ချိန်က တစ်စုံတစ်ယောက်ရေ

အင်ဂျလီနာဂျိုလီအကြောင်းပြောတုန်းပဲလား?

အိန္ဒြာကျော်ဇင်အကြောင်း ပြောတုန်းပဲလား ?

လှေကားတိုင်းတက်ဖို့လို့ ထင်နေတုန်းပဲလား?

ပြောခဲ့ပြီးပါပြီ………

“ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး”ဆိုတာကို………

 

မိတ်ဆွေ…………

သင်နှင့်ကျွန်ုပ်သည် တရားမ၀င်သော မိတ်ဆွေများဖြစ်နိုင်ပါတယ်..။

နောက်ကျောမှလာသောဓါး…….

နံဘေးမှ ကပ်ဝင်လာသောဓါး………

ဘယ်ဘက်ရင်အုံသို့ ပြေးဝင်ဆိုက်သောဓါး…..

မည်သည်ကိုမှ မရှောင်တော့ပါ…..။

အသွေးအသားထဲတွင် ဓါးယဉ်ကျေးမှုတို့

စိမ့်ဝင်လည်ပတ်နေကြသည်…..။

မကြာမီ…………ကိုယ်တိုင်ဓါးတစ်စင်းဖြစ်သွားနိုင်ပါ၏..။

သင်အန္တရာယ်ကင်းလိုလျှင် ကျွန်ုပ်ကိုပါ သတိထားပါ…..

 

မနေ့ကတော့နေသာခဲ့ပါသည်…။

တစ်စုံတစ်ယောက်၊ လူ့ဘောင်လောကနှင့်ငါ

နက္ခတ်တစ်လုံးစာ ဝေးကွာသွားခဲ့ပြီ…….။

ဓါးပြဇာတ်အတွက် ပွဲသိမ်းတီးလုံး လွင့်ပျံလာခဲ့ပြီ…

ဇာတ်ခုံပေါ်တွင် လှိုင်းများရှိ၏…

အားလုံးပုတ်ခတ်တတ်သည်ချည်းပင် ဖြစ်သည်…..။

 

 

 

ပိုးဥ

ကစဉ့်ကလျား ရုပ်သေး သီချင်း

 

 

ငါ့ကိုငါ ကျကျန်နေခဲ့တာ ကြာပြီ
နန်းတော်ပြတ်ကြီး တခုထဲမှာ
ရုပ်သေးရုပ်အဖြစ်
က လို့ကောင်းတုန်း
ည အလင်း နဲ့ ၀ုန်း ဆို
မှိုတက် ပလ္လင်မှာ မီးထတောက်ခဲ့
ကေသာရှည်ဟာ
မောပန်းနွဲ့  လျ
ရစ်ပတ် ငါ့ ကို ရစ်ပတ်
ငါ့ကိုငါ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ
ပြန်
ကောက်

တော့
ခြေတခြား ခေါင်းတခြား
ကြိုးတွေ  ရှုပ်လို့ ခက်လို့
နောက် ရာစုအသစ်တခုအထိ
စောင့်ပါရစေဦး
နောက် ခြေလှမ်း တစ်သိန်းပြည့်တဲ့ အချိန်အထိ
စောင့်...........................
........................... ပါ .......................ရ
......စေ...................................
.............................ဦး

မီးခိုးထူဖွေးတွေ ကြားမှာ အသက်ရှုမှားနေရ
ကြိုးဆွဲမှားနေတဲ့ အတိုင်း က နေတဲ့ ရုပ်သေး
အဲ့ဒီ အချိန်
ကြိုးတစ်ချောင်းဖြစ်ခွင့်ရချင်တယ်
ပလ္လင်တခုဖြစ်ခွင့်ရချင်တယ်
နောက် ဘုံငါးဆင့်မှာ မျက်ဝန်း မဟူရာတို့
ပျက် ရွေ့   ပျက် ကွယ်
ပျက် ရွေ့   ပျက် ကွယ်
ဟိုး
ဘုံငါးဆင့်မှာ
တွဲ လို့ ခွဲ လို့  
ရုပ်သေး ကြိုးက
ခုထိ ပြတ်ကျနိုင်ဘူး

နောက် ကမ္ဘာအထိလိုက်ပါရစေဦး
နောက် ကမ္ဘာအထိလိုက်ပါရစေဦး
ဘယ်နေရာကို လှမ်း လှမ်း
ဘယ်နေရာကို ရွှေ့   ရွှေ့  
တထပ်ထဲ ကျအောင် လှမ်းရွှေ့  မယ်
ဘယ် ဘ၀ ကို ရောက်ရောက်
တထပ်ထဲ ကျအောင် လှမ်းရွှေ့  မယ်


                                                

                                                     ရုပ်သေး

   ကြီးကျယ်ခမ်းနားသော ကဗျာဆရာ၏ ရင်ဘတ်

 

 

 

ကထိကထ  လွန်လွန်ကျူးကျူးနဲ့

မိုးပဲအုံ့တတ်တဲ့ ငါ့စာနမျက်နှာတွေ

မျှော်တော်ယောင် ဇာတ်ထုပ်ထဲကလို

ဖြည်မရတာကိုပဲ ဖြည်ချချင်နေတယ်

 

အိုးမလုံ့လို့ အုံပွင့်တာလား

အုံမလုံလို့ အိုးပွင့်တာလား

           မိတ်ဆွေ

တွယ်ချိတ်တစ်ခုလောက် အပိုပါလားခင်ဗျာ

 

စုံစီနဖာအတွေးတွေနဲ့ ဖောက်ခွဲမိပေမယ့်

ပြန့်ကျဲကျဲအဓိပ္ပါယ်တွေနဲ့

ငါ့လွယ်အိတ်စုတ်ကြီးထဲမှာ

ခပ်ရိုင်းရိုင်းမိုးတွေ

ရွာချင်ရင်လည်း ရွာနေတတ်တယ်

 

ကျေဇူးပြု၍

ကျုပ်ကိုအထင်ကြီးစမ်းပါ

အနုတ်စုတ်တစ်ယောက်ရဲ့သန်ဖက်ခါတွေလို

အကြည့်လက်တဆစ်လောက်နဲ့ 

ကြည်နူးနေတာမဟုတ်ပါဘူး

 

ခင်ဗျားတို့လိုက်မမှီတဲ့

ကျုပ်ရင်ဘတ်ထဲမှာ

မိုးကြိုးပစ်တတ်တဲ့ စကားလုံးပေါင်းများစွာ

      ကျုပ်

ထမ်း  ထား  တယ်

 

                  

                                                      အကယ်ဒမီ

 

ရုံတင်ကားကြီး


ပြီးပါပြီ
ပြီးပါပြီ

ခပ်သင့်သင့်ဘဲ စာတန်းထိုးလိုက်တယ်
ပြသချိန်က တစ်ကဒ်ထဲ

ကျွန်တော်ဟာ
မင်းသားလား
လူကြမ်းလား
အချော့တော်လား
ကြာကူလီဆိုတော့လဲ
ကြာကူလီပေါ့ ဗျာ
(ဘယ်အတန်းက ဘယ်လိုကြည့်ကြည့်ပါ)

ရုပ်ရည်ကတော့ မဆိုးပါဘူး

လက်ခုပ်တီး
ကျေးဇူးပြု၍
နေကြာစေ့များစားနိုင်ပါသည်

အခင်အမင်မပျက်ချင်သဖြင့်
ကောင်းပါပြီကောင်းပါပြီ နှင့်
အသံချဲ့ စက်လဲ ညောင်းညာနေပါပြီ

ဂါရဝေါစ
အမိုက်အမဲလေးကို
ခွင့်လွှတ်ပါ

ရွာသူတွေကများလွန်းတော့
ဘယ်သူပြုစားလေမလဲပေါ့

ဟုတ်ကဲ့ အမှန်တကယ်လိုအပ်နေတာပါ
ဇာတ်ဆရာရေ ကြည့်လို့တော့ကောင်းသားဗျ
ခင်ဗျားဆိုင်းကြောင့်တော့မဟုတ်ဘူး
လှုပ်လီလှုပ်လဲ့


အဟင့် . . .
ဒါ
နောက်ဆုံးပေါ် ချဲဆီနံပါတ်လေ
ရှေ့အက္ခရာနဲ့နောက်အက္ခရာ
ကြည့်ဝယ်ထားတာ

ဘယ်ဘုံမှာ မော်ဒယ်ရှိသလဲ မေမေ
အရှက်သိက္ခာနဲ့ ဆက်သွယ်ပေးကျပါ
မြေပြင်ရေပြင်လေဟာ

တစ်နာရီ မိုင် ၆၀
ဟုတ်သေးဘူး
မိုင် ၈၀ ဟုတ်သေးဘူး
မိုင် ၁၀၀
ယခုအချိန်တွင် သတင်းများကို ကြေငြာလို့ ပြီးတော့ပါမယ် ရှင်

အဲ့ဒီလိုနဲ့
ပုဆိုးခြုံတဲ့ ဘုံဆိုင်မှာ
လူ့လောကတွေ ဖွာလန်ကျဲ

ခြောက်နှစ်သားအရွယ်ချာတိတ်ငယ်က
ဆော်မှိုင်းတဲ့ဟေ့ !
နှစ်ကိုယ်ကြားပြောဖူးတယ်
`ကုန်ဆုံဆိုင်လေး ဖွင့်လို့ရရင်သူပြန်မယ်တဲ့´
ငိုရီမိန့်မော
ငိုရီမိန့်မော
အမှည့်ချွေ ချွေနေတာလား
သင်္ခါရ !

အတုတွေဟာ အစစ်ဖြစ်လာလိုက်တာ

တိုးတိုးပြောပါ ဦးရယ်
ဟိုဘက်အိမ်က ကောင်လေးလဲ
အကျီအဖြူ ၀တ်ဝတ်နေသတဲ့

ခပ်ကြောင်ကြောင်ရိုးသားခြင်းတောင်
ရိုးရာမပျက်ကိုးထားမှ ဖြစ်မယ်

အိတ်(စ်)ပို့တွေသိပ်များနေတယ်
ကွန်တိန်နာလိုလူနေမှုစနစ်မှာ
တစ်နေ့ကို နှစ်နာရီစာလောက်နဲ့
တိုက်တစ်ခန်း ဟန်းဖုန်းတစ်လုံးပေးတယ် ဆိုဘဲ

ကျုပ်သာမိန်းမဖြစ်ရင်
ကျုပ်သာမိန်းမဖြစ်ရင်

နှစ်ကိုယ်တူ မချစ်ချင်ပါနဲ့မောင်ရယ်
မောင်က အကျီအဖြူဝတ်

မီနစ်နှစ်ဆယ်စာလောက်ကို
အဲယားကွန်းလေးနဲ့ သလားလိုက်ကျအောင်လား

တိုးထွက်ကုန်တွေ ရှားပါးနေတယ်
ဇိုးဇိုးဇွက်ဇွက်
ဇိုးဇိုးဇွက်ဇွက်

နှာစေးချောင်းဆိုးဖြစ်မယ် သားရေ
မျက်နှာလေးတော့သစ်သစ်ပေး
(၃၁)ဘုံမှာ အုံးနှောက်ရှိရှိဖောက်ပြန်လို့ရတာ
ဒီတစ်ဘုံထဲရယ်

နုနုနယ်နယ်
ရင့်ရင့်သီးသီး
ပလုံစီမျိုးတော့
ယာတစ်လျှောက်
တာရိုးပေါက်နေပါပြီ

အဲ့လိုနဲ့
အသစ်အသစ်တွေ
ခေတ်သစ်ရဲ့ အသစ်တွေချည်းဘဲ ။ ။


မြူခိုး

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter