Hands Of Enlightenment

လင်းပွင့်လက်များ

Showing posts with label ကဗျာ (နေနှင်းစက်). Show all posts
Showing posts with label ကဗျာ (နေနှင်းစက်). Show all posts


လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ


ငါးပွက်ရာ ငါးစာချ

ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။

ကဲ …

ပြော “မိကြယ်စင်”

ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။

ဟိုးရှေးရှေးတုန်းက

ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို

အမြဲ အမြဲ သွားတယ်တဲ့လား။

သွားစမ်းပါ။

မေ့လို့မရတဲ့ည “သွား”

ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ

ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။

နေပေရော့ “မိကြယ်စင်”

ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။

နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ

ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။

ရှိပါစေတော့ကွာ …

တောထွက်ရာ အရပ်မျက်နှာမှာ

အရှေ့သံအနောက်သံ

ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ

ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ

မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။

ဒီစကား နှုတ်ထွက်များရင်

ငါ့ လျှာကိုဖြတ်။

အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။

ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ

မကြာမကြာ ၀င်ဆို့ထွက်ဆို့

….. ….. ….. ….. ….. ….. ။

ပြီးပါပြီ ဆိုမှတော့ …..

ပြောနေလည်း မထူးဘူး

လိုသလိုရူးပစ်ပေးပြီးရင်

ဒါပဲကောင်းပါတယ်လေ …..။

ကျောလေးခိုင်းရုံနဲ့

လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။

တွေးတွေးပြီး သေနေပါရစေလား

မှားစရာတွေ ထား

မှားပြီးရင် ခါး … တဟားဟားရယ်

သွေးလွန် ဓါးနက်နက်မှာ

တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့

သွားတုတွေချွတ် .. ဟုတ်ပါတယ်

အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။

ငါလေ အပြစ်တွေ လျှော်ထုတ်

အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်

“မိကြယ်စင်” သာ … ဘ၀ရဲ့

ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။

အသက်တစ်သက်ထွက်ပြီးခါစ

နောက်တစ်သက် မ၀င်ခါနီး

နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး

ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။

တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။

“မိကြယ်စင်” ရေ …. …..

နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း

ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း

ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။

ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။

ထီးချ … ဦးထုပ်ချ ..

ကဲဆို .. ခဏခဏ

ရထားစီးတဲ့ ည။

သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်

မရောက်ခင် ပေါက်တဲ့ ဖိနပ်

ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ

ဝဲ ….. ၀ဲ ….. လည် ….. လည်

တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား

တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည

ဟ တ တ နဲ့

တစ်ခါက အခါခါ

တစ်လွှာပြီး တစ်လွှာ ….

ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်

“မိကြယ်စင်” ….. …..

နင် ပြန်ရာလမ်းမှာ

အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့

အဲဒါ ….. …..

နေ့ဆိုလည်း နေ့ပေါ့ ။

မပြောဝံ့ ….. မနာသာ

နင် ဆိုတာ ငါ ခါးရာလမ်း …..။

ခရမ်းတော ပန်းမှာ နင်မပွင့်လည်း

လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်

“မိကြယ်စင်” ရယ်

ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်

အရင်သောက်

ဒါလည်း အမော မပြေခဲ့ပါဘူးလေ။

ငါက ….. ….. ….. …..

ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။



(နေနှင်းစက်)

နှစ်ပေါင်း တစ်ရာကြာပြီးနောက်

သေချာပါတယ်ဆိုမှာ
ဒီရင်ဘတ်မှာလား မေး
ခပ်ဝေးဝေးမှ ရှိရက်နိုင်လို့လား ..... ။

လက်တစ်ချက်အဝေ့မှာ အားလုံးပြီးသွားတယ်။

အဲဒါ ``ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်´´

ဒီမှာ ``မိဝတီ´´
နင် မသိလိုက်တဲ့ စက္ကန့် ထူထူကြီးထဲမှာ ငါ့ သေရာသေကြောင်းရှိတယ်။

တောင်ပေါ်မှာ တသွင်သွင် လွင်တောက်
ငါ့ကမှ တလင်းကို ရောက်စေချင်ခဲ့တာလို့
မောင်းခတ် ကြေငြာထားဦးမတဲ့လား ..... ။

`ရှူး´
ရင်ဘတ်က ကြားရုံလေးတောင် မအော်နဲ့တော့
ဆူးလွန်ရှင်းတောက် လွန်းတယ် ... အဲဒီ အသံတွေက ... ဆူးလွန်ရှင်းတောက် လွန်းတယ်။

လက်တန်နှစ်ဖက် သေသွားပြီ .....
ပြောချင်လွန်းလို့ ပြောပြရမယ်ဆိုရင် ..... ..... .....
ငါက ဒေါင်ဒင်မြည်တဲ့ နာရီအိုပါ။

ငါ့မှာကောက်ရတဲ့ ပန်းတစ်ပွင့်တောင် မရှိခဲ့ရဘူး။

နောက်တော့လည်း ပြောဦးပေါ့ `` မိဝတီ´´
ငါက စာမျက်နှာ ၈၀ စာ ရယ်စရာဟာသ .....
အဲဒီမှာ အစေ့အငုံ တစ်ရာ၊တစ်ထောင်လောက်
မှောက်လျက်လဲတာ နင်မှမမြင်လိုက်ပဲကိုး ..... ..... ။

ရိတ်သိမ်းသွားလိုက်ပါပြီတဲ့
အဲဒါ
အားလုံးမေ့သွားတဲ့ သေပြီးသား သစ္စာပဲ။

သေချာတယ်
`ငါ ... နောက်ထပ် ... ဘယ်တော့မှ ... ထပ်မရွတ်ဘူး´။

နေစမ်းပါဦး ``မိဝတီ´´
နင် မသိသမျှ ငါ့အကြောင်း ဒါအကုန်ပဲ တဲ့လား။

ပြီးစေတော့။
ပြီးပါစေတော့ကွာ။

နောက်ထပ် ... ထပ်ပြောရကြေးဆိုရင်
` ၁၆၈ နာရီထက် နင်ပိုလင်းနိုင်ပါစေ´ မိဝတီ။


(နေနှင်းစက်)

လွှတ် .....

ငါ့ လက်ကို၊

၊နောက်၊ ငါ့ အင်္ကျီစကို၊

ငါ့ နောက်ကျော ကို။

ဖြစ်နိုင်ရင်

ငါ လည်း ငါ့နောက် မလိုက်နဲ့။

ဒါမှ ... ငါ

လွတ်။

(နေနှင်းစက်)

ခေါင်းစဉ်လေးကတော့ ရုပ်သေး ပြောဖူးတဲ့ ခေါင်းစဉ်လေး ဖြစ်ပါတယ်..

ငါ ..... ကဗျာဆရာ

ဘောပင် နဲ့ စာအုပ်ပါ
လွင့်ပစ်လိုက်
ဘာမှမပါလည်း ရတယ်။

(နေနှင်းစက်)

``ည ဦး´´

`ခေတ်´
အဲဒီမှာ - ၂၄ ပစ္စည်း မရှိဘူး
- သစ္စာနီ ၀တ္ထုတို မရှိဘူး
- ပိုးဟပ် နဲ့ ချ တွေ မရှိဘူး
- မြေနံ့ မရှိဘူး

`ခွင့်ပြုပါဦး´ ..... `ခင်ဗျားဆိုရင်လည်း လေစိမ်း၊ လေနီတွေ ရှူချင်ပါ့မလား´

အမှန်စကားသာဆိုကြေးပေါ့။

ပြန်တော့မယ်ဆိုရင်
နှုတ်ဆက်ရမယ့် ယဉ်ကျေးမှုမျိုးမှာ
ဖုန်းမှားဝင်နေကြပါ `ခေတ်´

`ထားလိုက်ပါ´ ..... `ခလုတ်ဆွဲညှစ်တိုင်း ကျည်လိုက်ချင်မှ လိုက်မှာပေါ့´

ဒါတွေက သင်္ကေတ၀ါဒီ ဟုတ်မဟုတ်မသေချာဘူး။

တံခါးမခေါက်ဘဲ ၀င်လို့ရတဲ့ မြို့ရိုးမှာ
ထိလွဲ ဖြစ်ရပ်မျိုးလေးတော့
ရှိပါစေကွာ
သူတို့လည်း
ကိုယ့်နှာခေါင်းကိုယ် ငှားပြီး ဖြစ်ပျက်ရှုတာမှမဟုတ်တာ။

အသက်ရှူကြပ်တယ် `ခေတ်´။

ဝင်လေထွက်လေတွေ ထပ်ထပ်ထားလွန်းတော့
အတင်းဖုန်ထပြနေတဲ့လမ်းမှာ
ဘယ်ကားမှ အချက်ပြမမှားပါစေနဲ့တော့။

ဒါက
`ယာဉ်မတော်တဆမှုကင်းမဲ့ ဧရိယာ´။

`ခေတ်´
မျက်နှာသစ်ပြီး အိပ်တော့မှပဲ
အိပ်မက်အတွက် ငါစိတ်သန့်သွားတော့တယ်။

`ခွင့်ပြုပါဦး´ ..... `ခင်ဗျားလည်း ပျင်းနေရောပေါ့´။

(နေနှင်းစက်)

`မြား´

ငါ့ကို ငါ
နှစ်ခါ ခွဲပြီး က မယ် ။

ပြောပါ
အသင် မေ့နေလား၊ မေ့လျော့ချင်ယောင်ဆောင် နေသလား။

ငါ(နင်)၊ သူ(မ)
``ဟာ .......... ´´
အားလုံးမှားကုန်တယ်

(နေနှင်းစက်)

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter