ကဗျာတစ်ပုဒ် စာတစ်ပုဒ်ဆိုတာ အနုပညာရှင်တစ်ယောက်ရဲ့ ရင်ဘတ်ထဲက ခံစားချက်တွေနဲ့ ပုံဖော်ထားတဲ့ စကားလုံးလူသားတစ်ဦး လို့ ကျွန်တော် ခံယူထားပါတယ် ။ ဖန်တီးသူ တစ်ယောက်ရဲ့ နှလုံးသားထဲက တိုးထွက်ပေါက်ဖွားလာတဲ့ ရင်သွေး ဒါမှမဟုတ် ကိုယ်ပွား တစ်ယောက်လို့ ပြောချင်လည်း ပြောလို့ ရပါတယ်။ အဲဒါကြောင့် ကျွန်တော်ဆီက ပေါက်ဖွားလာတဲ့ ကိုယ်ပွားတွေ ကို နာမည်ပေးတဲ့ အခါ လူသားတစ်ဦး လို့ မှတ်ယူပြီး ပေးခဲ့ပါတယ် ။
လူတစ်ယောက် မွေးဖွားလာပြီ ဆိုရင် သူတို့ရဲ့ နာမည်က လူနဲ့ တဆက်တည်း လိုလို ကပ်ပါလာတတ်ပါတယ်။ တဆက်တည်း မပါခဲ့ဖူးဆိုရင်တောင် အချိန်သိပ်မကွာပါဘူး ။ တချို့ တချို့တလေ ဆိုရင် နာမည်က လူထက် အသက်ကြီးတာတွေ ရှိပါသေးတယ်။ ဒီနေ့ ဒီရက် မှာ ဒီနာမည် ပေးချင်တာမျိုး ။ ဒီနက္ခတ် ဒီ ဇာတာ နဲ့ ယှဉ်မွေး မှ ဒီလူ ကြီးပွားမယ် ဆိုတာမျိုး တွေကြောင့် ခွဲစိတ် မွေးတာမျိုးဆို နာမည်က လူထက် အသက်ကြီးတတ်ပါတယ် ။
ဘယ်လိုပဲ ပေးပေး ဘယ်အချိန်ပဲ ပေးပေး ပြောချင်တာက လူတစ်ယောက်ရဲ့ နာမည် ဆိုတာ အဲဒီလူရဲ့ခေါင်းစဉ် မဟုတ်ပါဘူး ။ ( ခေါင်းစဉ်အဖြစ် သတ်မှတ်ပြီး ပေးတာမျိုးလည်း ရှိချင် ရှိမှာပေါ့လေ ) လူသားတစ်ယောက်ရဲ့ ဘ၀က စာစီစာကုံး တစ်ပုဒ်လို ခေါင်းစဉ်ချပြီး ကန့်သတ်ကွက် ထဲမှာ နေထိုင်ရှင်သန်တာမျိုး မဟုတ်ပါဘူး ။
ရှင်းအောင် ရှုပ်ရရင်
ကျွန်တော့် နာမည်အရင်း က ကောင်းသန့်ပါ။ နာမည် လို့ ပြောပါတယ် ။ ကျွန်တော့် ခေါင်းစဉ် ကောင်းသန့်ပါ လို့ မပြောပါဘူး။ကျွန်တော့် နာမည် ကျွန်တော့်ထက် အသက်ကြီးလား မကြီးလား မသိပါဘူး။အရေးမကြီးဘူး ထင်လို့ အမေ့ကို တစ်ခါမှ မမေးဖူးပါဘူး။
နာမည်က ကောင်းသန့် ဖြစ်တာကြောင့် လူကလည်း ကောင်းမယ် သန့်မယ်လို့ တထစ်ချ ပြောမယ်ဆိုရင် အလွဲကြီး လွဲပါပြီ။ ကောင်းချင် ကောင်းပါမယ် ကောင်းချင် မှလည်း ကောင်းပါမယ်။ ကျွန်တော့်မှာ ကောင်းပိုင်ခွင့် အပြည့်အ၀ ရှိသလို မကောင်းပိုင်ခွင့်လည်း အပြည့်အ၀ ရှိပါတယ် ။ ဘာလို့လဲ လို့ ထပ်ပြောရရင် ကောင်းသန့် ဆိုတာ ကျွန်တော့်ဘဝရဲ့ ခေါင်းစဉ် မဟုတ်လို့ပါ ။
ငယ်ငယ် တုန်းက ဆရာမတွေ ဆူတာခံရရင် နာမည်က သာ ကောင်းသန့် လူက တစ်စက်မှ မကောင်းဘူး နာမည်နဲ့ကို မလိုက်ဖူးဆိုပြီး အပြောခံရပါတယ်။ အဲလို အခါမျိုးတွေ ကြာလာတော့ ကိုယ့်နာမည်ကိုယ် အားနာလာလို့ အမေ့ကိုပြော ပြီးပြောင်းဖို့တောင် စဉ်းစားဖူးပါတယ်။ ဒါပေမယ့် နာမည်ကြောင့် နာမည် နဲ့လိုက်အောင် နေဖို့ တခါမှ မစဉ်းစားဖူးပါဘူး ။
အပြင်မှာ မိုးအုံ့နေသော်လည်း မနက်ခင်းက သာယာ နေသယောင် ။ ဆောင်းတွင်း ခေါင်းမြီးခြုံ ကွေးနေသည်ကိုလည်း တက်ညီလက်ညီ ကျန်းမာရေးလိုက်စား သယောင် ခံစားမှု အတုအပများနှင့် ချယ်မှုန်းထားတဲ့ စာစီစာကုံး တစ်ပုဒ် အဖြစ် နေထိုင်ရမည်ကို အလွန်ရွံမုန်းသောကြောင့် ဖြစ်ပါတယ်။ ကျွန်တော်လည်း မနေပါ။ တခြားလူတွေကိုလည်း မနေစေချင်ပါဘူး။ ကိုယ့်ဖာကိုယ် ကြိုက်ရာလုပ် ဆိုးပေနေလို့ နာမည်နဲ့ မလိုက်ခြင်းက ပိုပြီး လိပ်ပြာသန့် တယ်လို့ ခံယူထားလို့ ဖြစ်ပါတယ်။
အဲဒါကြောင့် တစ်ခါတုန်းက လူတွေ ကိုယ့်နာမည် ကိုယ် ပေးသင့်တယ် ဆိုတဲ့ အကြောင်း ပီတိ နဲ့ ဆွေးနွေးဖူးပါသေးတယ် ။ ( မအောင်မြင်ပါဘူး )
တစ်ခါတစ်လေ
ရေချိုးရင်း အိမ်သာတက်ရင်း စကားလုံး ( နာမည် ) လှလှလေးတွေ ရတဲ့အခါ ကိုယ်ရေးနေတဲ့ ကဗျာ ။ ကိုယ်ရေးနေတဲ့ စာ နဲ့ မကိုက်လို့ မသုံးလိုက်ရတာ။ ကိုယ် ခံစားနေရတဲ့ ခံစားချက်မျိုးနဲ့မကိုက်လို့ မပေးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ အဲလို အခါမျိုးမှာဆိုရင် နောက်မှ သုံးမယ်ဆိုပြီး သိမ်းထားရင်း ထားရင်းကနေ မေ့မေ့လျော့လျော့နဲ့ ပျောက်သွားတာမျိုးဆို အရမ်းနှမြောဖို့ကောင်းပါတယ်။
ဥပမာထပ်ပြရရင်
နှင်းလဲ့ဝေ ဆိုတဲ့ နာမည်လေးကို အဖေက ကြိုက်ပြီး ရွေးထားတယ်။ မွေးလာတော့ တနင်္ဂနွေသမီးဖြစ်နေလို့ နှင်းလဲ့ဝေလို့ မပေးဖြစ်ပဲ တခြားတနင်္ဂနွေနဲ့ ဆိုင်တဲ့ နာမည်ပေးလိုက်တယ်။ နှင်းလဲ့ဝေ ဆိုတာကိုတော့ နောက် စနေသမီးလေး မွေးမှ ပေးမယ်ဆိုပြီး ချန်ထားတာမျိုး ဖြစ်နေပါတယ် ။
နောက်ထပ် တစ်ခု က အဲဒီလို ရလာတဲ့ လှတီးလှတ နာမည်လေးတွေကိုနာမည်ပေးချင်လို့ ( ခေါင်းစဉ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ) နာမည်နဲ့လိုက်တဲ့ စာမျိုး ကဗျာမျိုး လိုက်ရေးဖို့ ခံစားချက်ကို အတုအယောင်ဆောင် ဖန်တီးတာ အနုပညာရှင်တစ်ယောက်ရဲ့ ရှက်ဖို့ကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ ခင်ဗျားတို့ တော့ မပြောတတ်ဘူး ကျွန်တော်ကတော့ ရေးလေ့မရှိဘူး ။
အဲလို ခံစားချက်မျိုးနဲ့ ရေးတဲ့ စာ ကဗျာတွေက ကျွန်တော့် အမြင်မှဆိုရင် အမှတ်ပေးစဉ်းမျဉ်းနဲ့ ရေးသားတဲ့ စာစီစာကုံးတွေနဲ့ မခြားနားပါဘူး ။
အနည်းနဲ့ အများ ပါပဲ ။ ကိုယ်ပျော်ရွင်နေတဲ့ အခါ ဝမ်းနည်းစရာ စာမျိုး ။ အလွမ်းကဗျာမျိုး မဖတ်ချင်ပါဘူး။ အဲလို အခါမျိုးမှာ စာဖတ်သူက ကိုယ်ရေးထားတဲ့ စာကို ကိုယ်ပေးထားတဲ့ ခေါင်းစဉ် ကြည့်ပြီး ဒါ အလွမ်း ဖြစ်နိုင်တယ်။ ဒါ ဟာသ ဆိုပြီး ကျော်ဖတ်သွား ခဲ့မယ်ဆိုရင် ဖန်တီးသူတစ်ယောက်ရဲ့ ရင်ထဲမှာ နင့်ခနဲ ဖြစ် ဖြစ်သွားပါတယ် ။
သေချာပါတယ် ။ ဘယ်စာရေးဆရာ မှ ကိုယ် စာ ကို စိတ်ပါမှ အဖတ်ခံရတာမျိုး လိုချင်ကြမှာ မဟုတ်ပါဘူး ။
လူတစ်ယောက်ရဲ့ အကြောင်းကို သူနာမည် သိရုံနဲ့ မသိရပါဘူး ။ အနည်းဆုံး ခဏလောက်တော့ ပေါင်းသင်းကြည့်ဖို့လိုပါတယ် ။ အဲလိုပါပဲ ကဗျာတွေ စာတွေကိုရဲ့ နာမည်တွေကိုလည်း လူတစ်ယောက်ရဲ့ နာမည်တွေလို သဘောထားကြည့်စေချင်ပါတယ် ။ ဒါပါပဲ ။
ကျွန်တော် အခု ရေးသားလာတဲ့ စာကို အမှာစာ ဆိုတဲ့ နာမည်နဲ့ တိုက်ဖတ်ပြီး အမှာစာလို ဖတ်နေရင် ၊ အမှာစာလို့ ထင်နေရင် ခင်ဗျားတို့ အမှားကြီး မှားသွားပါပြီ။
တကယ်က အဲဒါ ကျွန်တော့် ခံစားချက် တွေနဲ့ ဖန်တီးထားတဲ့ လူငယ် တစ်ယောက်ရဲ့ နာမည် သက်သက် ဖြစ်နေလို့ပါပဲ ။
မလွမ်းဘူးဆိုပြီး လွမ်းလို့ ရေးတဲ့ကဗျာ
ကိုယ့်ကိုကိုယ် အဆက်အသွယ်ပြတ်နေတာကြာပြီ ။
ရက်စွဲတစ်ခုကို ငါးစာလုပ်ပြီး ။
ကိုယ့်စိတ်ကိုယ် ပြန်မျှားနေရတယ် ။
ကျွန်တော့်ရင်ဘတ်ဆီကို ဖုန်းတစ်ချက်လောက် ခေါ်ပေးကြပါ ။
ဟယ်လို ..... တက်စ်စတင် ၊ ၀မ်း .. တူး ... သရီး ။
ဒီလိုမဟုတ်ဘူးလေ ။
အခုပြောနေတာ မိုက်ခ်ခရိုဖုန်း မဟုတ်ဘူး ။
ဟယ်လို ..... ဟယ်လို ..... ကြားရလား ။
ဘာသံတွေလဲ ။
သွားရင်းလာရင်းနဲ့ ဖိနပ်က သဲကြိုးပြတ်ထွက်သွားတယ် ။
လိုင်း သိပ်မကောင်းဘူး ။
လေနံ့ မိုးနံ့ ရတာနဲ့တင် အသက်ရှူမမှန်ချင်တော့ဘူး ။
ရာသီဥတုက "ဆောင်း" သာဆိုတယ် "ပူ" လိုက်တာ ။
မော်နီတာ ဖန်သားပြင် "ဖျတ်" ခနဲ ပိတ်သွားသလို ။
ဘာလုပ်လုပ် ဆောက်တည်ရာမရနဲ့ ။
"မလွမ်းပါဘူး" လို့ ကိုယ့်ကိုကိုယ် ရသလောက် ပြန် လိမ် တယ် ။
ဘယ်လိုပဲ ၀တ်ထား ၀တ်ထား နောက်ကျောက မလုံဘူး ။
အနွေးထည် ထူထူတစ်ထည်လောက် ပေးပါဦး ။
သွေးရူးသွေးတန်းနဲ့ စကားတွေ ထ ပြော တယ် ။
ကိုယ့်ကိုကိုယ် ဘာမြေကြီးကို နင်းမိထားမှန်းတောင် မသိဘူး ။
ရှူနေတဲ့လေထဲမှာ ဘာနံ့တွေပါလဲ ။
စိုထိုင်းစ နည်းနေပြီ ထင်တယ် ။
အာခေါင်ထဲမှာ ပက်ကြားအက်တွေနဲ့ ။
အခုတလော နေတွေ ခဏ ခဏ ပူ တယ် ။
ရုပ် နဲ့ နာမ် နဲ့ သိပ်မတွဲမိဘူး ။
ကျွန်တော့်ဆီကို ဖုန်းတစ်ချက်လောက်ဖြစ်ဖြစ် ခေါ်ပေးကြပါ ။
နံပါတ် ( ၈ ) ဂဏန်းတော့ ( လုံးဝ ) မပါစေနဲ့ ။
ပြောချင်တာက …..
ဒီကဗျာထဲမှာ ချော်ထွက်သွားတဲ့ ဖုန်းခေါ်သံ မပါဘူး ။
ပြန်နွှေးထားရတဲ့ မျက်ရည်တွေ မပါဘူး ။
ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်လိမ်ထားတာ မပါဘူး ။
ညီစိမ်း