ဓားပြဇာတ်
ကောင်းကင်ပွင့်ပြီလား….?
မြို့ရိုးကိုမှီထိုင်၊ ကြယ်တရာပတ်ပျိုးတစ်ပိုဒ်နဲ့
မီးပျက်နေတဲ့ ကန္တာရတစ်ခြမ်းမှာ အသက်ရူကြပ်တယ်။
ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး……
ကိုယ့်ဓါးကိုကိုယ် မြအောင် သွေးချင်ကြတာချည်းပဲ…….။
မနေ့ကနေသာတယ်..။
ကိုယ့်ကိုကိုယ် အချိုးမပြေကြောင်း ဒီနေ့မှသိတယ်..။
နှလုံးသားတည့်တည့်က ဆင်ဆာဖြတ်ခံရ
စောင်းကြိုးတွေပိုင်းဖြတ်မယ့် ဓါးအော်သံ
……….. တိုက်ပွဲမှာငါကျတယ်……………
“အနုပညာက စကားပြောသတဲ့”
သွားစမ်းပါ… ခရစသ်နှစ်ထောင်က ထွင်းထုခဲ့တဲ့
ငါ့ကဗျာအဟောင်းတွေထဲက စကားလုံးအသိုးတွေ……
သံကြွပ်နဲ့ လုပ်ထားတဲ့အပြုံးတွေ……
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ထိုးအန်ချပစ်လိုက်ရဲ့
ထက်ပိုင်းကွဲနှင်းဆီတို့ ရဲရင့်မွှေးရီကြပြီ..။
အဲ့ဒီ့အလင်းတစ်ပြိုက်..၊နှစ်ပြိုက်အောက်မှာ
မျက်ရည်ပေါက်ကြီးငယ်ကို အကုန်မျိုချ……..
လက်ဖ၀ါးထဲက တိမ်တစ်ဆုပ်ကို
စိတ်ရှိလက်ရှိ ချရေးကြည့်တယ်..။
“တို့သိပ်ချစ်ကြတယ်”
“တို့သိပ်ချစ်ခဲ့ကြတယ်”
နှင်းဆီရွက်စိမ်းစိမ်းလေး ရနံတွေ ပြာပြာသလဲကြွေကျ
ငါလွမ်းလိုက်တာ…။
ထားလိုက်ပါနေတော့လေ…
ဓါးဆိုတာသူရတဲ့ထောင့်က ၀င်လာမှာပဲ
ယမ်းခိုးတလူလူအစိးအနင်းကြား
အိမ်မက်ကိုထည့်ရေးဖို့ ငါမေ့သွားတယ်..။
ငါ့ဖဲဆင်မှာ ဂျိုကာမပါဘူး…..
ယတြာချေဖို့ ငါဘာလို့မေ့ခဲ့တာပါလိမ့်…။
မမြဲခြင်းတရားက ဖက်လဲတကင်းဆီးကြို
စိုတိစိုဖတ်နဲ့ ဘ၀ကို အံစာခေါက်ကြည့်တော့
“တစ်”ကျတယ်…။
ဘာမှမရတာကိုက အမြတ်ဖြစ်နိုင်တယ်…
ခပ်တည်တည်နေတတ်ဖို့တော့လိုလိမ့်မယ်…။
တစ်ချိန်က တစ်စုံတစ်ယောက်ရေ
အင်ဂျလီနာဂျိုလီအကြောင်းပြောတုန်းပဲလား?
အိန္ဒြာကျော်ဇင်အကြောင်း ပြောတုန်းပဲလား ?
လှေကားတိုင်းတက်ဖို့လို့ ထင်နေတုန်းပဲလား?
ပြောခဲ့ပြီးပါပြီ………
“ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး”ဆိုတာကို………
မိတ်ဆွေ…………
သင်နှင့်ကျွန်ုပ်သည် တရားမ၀င်သော မိတ်ဆွေများဖြစ်နိုင်ပါတယ်..။
နောက်ကျောမှလာသောဓါး…….
နံဘေးမှ ကပ်ဝင်လာသောဓါး………
ဘယ်ဘက်ရင်အုံသို့ ပြေးဝင်ဆိုက်သောဓါး…..
မည်သည်ကိုမှ မရှောင်တော့ပါ…..။
အသွေးအသားထဲတွင် ဓါးယဉ်ကျေးမှုတို့
စိမ့်ဝင်လည်ပတ်နေကြသည်…..။
မကြာမီ…………ကိုယ်တိုင်ဓါးတစ်စင်းဖြစ်သွားနိုင်ပါ၏..။
သင်အန္တရာယ်ကင်းလိုလျှင် ကျွန်ုပ်ကိုပါ သတိထားပါ…..
မနေ့ကတော့နေသာခဲ့ပါသည်…။
တစ်စုံတစ်ယောက်၊ လူ့ဘောင်လောကနှင့်ငါ
နက္ခတ်တစ်လုံးစာ ဝေးကွာသွားခဲ့ပြီ…….။
ဓါးပြဇာတ်အတွက် ပွဲသိမ်းတီးလုံး လွင့်ပျံလာခဲ့ပြီ…
ဇာတ်ခုံပေါ်တွင် လှိုင်းများရှိ၏…
အားလုံးပုတ်ခတ်တတ်သည်ချည်းပင် ဖြစ်သည်…..။
ပိုးဥ
0 comments:
Post a Comment