Hands Of Enlightenment

လင်းပွင့်လက်များ





ငါးသုံးရဲ့ မော်ဒန်ကလောင်အား ကိုမြူခိုးနဲ့  အမှတ်တရ ကဗျာမြစ်တစ်စုံ။
ဖြေလျှော့ခွင့်တွေ...ပြေလျှောပွင့်


- တောက်ပမာကျောလွန်းတဲ့ အသံကြောင့် ငတ်မွတ်ခြင်းကင်းတဲ့ ငါ့နှလုံးသား မဆွတ်မပွတ် လှုပ်ခတ်သွား -

’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ဖြေလျှော့ခွင့်

အရောင်တွေ ဆိုးစရာမလိုဘူး
အဖြူ ၊ အမည်း
တောက်ပခြင်းထက်ပိုလှတယ်

ကိုယ့်ကို ကိုယ်
သစ်ပင်တွေလို
ကိုင်းတွေတပ်
ရွက်တွေထွက်

ဆိုးပေတေတဲ့ အိမ်မက်
တစ်ထောင့်တစ်ညထက်
တစ်ကွက်ပိုလျှက်

ချစ်ခြင်းကိုပစ်ခွင်း
လေဟုန်စီးမိတဲ့ ငါ
နေရာကွက်၍ မိုးသက်လေပြင်း
ကျ
ခဲ့
မိ
ရှာ

ဘာလိုလိုနဲ့ ရင်ဒိုင်ခွက်
အပူလွန်မှတ်
တစ်သုည ငါး

။ ။ ။ မရီပါနဲ့ ။ ။ ။

အသင်လဲ တစ်ကြီမ်တစ်ခါ
“ ကြယ်ပျောက်ကောက်ဖူးတာဘဲ ”

ချစ်သူတွေရယ်တိုင်း
ရင်ရင်းတဲ့ နင့်ကို
ပြန်
ပြန်
ပျို့


ချော့သိပ်တဲ့ လေပြေ
ငါ ၀ါးမြိုမှားတဲ့
အသွင်ပြောင်းကျောက် စလေးများ

ဒယိမ်းဒယိုင်နဲ့ ငါ့ကို
ဦးနှောက်က သတိပေးတယ်
ဒီတစ်ခါ

“ ‘ ကြိုးမိန့် ‘ “

မြူခိုး

-----------------------------------------------------

ပြေလျှောပွင့်


ဆွဲမဖွင့်ရက် ဒိန်းဒိန်းတုန်ရီတံခါးရှေ့ 
...ကျွီ...
အနှေးပင့်တက်...မဟော်ဂနီပိတ်ကားချပ်လို
ဖြေးဖြေးလေး...ဖြေးဖြေးလေး
...လူပ်ခတ်ရွေ့ ...

...ဟာ...
တိမ်ခိုးယှက် ဘုံနှစ်ခုအဆက်လမ်းပေါ်
ဖြေးဖြေးလေး...ဖြေးဖြေးလေး
...ခြေဖ၀ါးလေးခု နင်းဖြတ်...

သွေးကြွ လိမ္မော်ရောင်မီးငွေ့ 
စနစ်တကျ အဖြူရောင်သဘက်နှစ်ခု
ခြောက်သွေ့  ကြွေဇလုံလဲလျောင်း
ကြည်လင် မှန်တစ်ချပ်
ပါကင်ပိတ် ဆပ်ပြာတုံးနှစ်တုံး

...ခိုးခိုးခစ်ခစ်...
တစက်စက်ရီချ ရေစက်များ
လုံးကနဲ ပြုတ်ကျ
ဖရိုဖရဲ နှင်းဆီဖြူး တအိအိဝါဂွမ်းဖတ်တွေပေါ်

......
သဏ္ဍာန်
ငန်ကြိကြိ
ဝိုးတ၀ါး
အရိပ်
အဖြူအမည်း
စိမ့်ချို
ဒန်းစီးရစ်နွယ် ၃၆၀ံလှည့်ပတ်

...လွန့် လူးတစ်ထောင့်တညလွန်အိပ်မက်...
စနစ်မကျသော တစ်စုံတစ်ရာများ
အရာအားလုံး မခြောက်သွေ့ လေဟုန်စီး
ရင်ဘတ်ထဲ ရင်ဘတ်ကိုသိမ်း
ပိတ်ခြင်းမဲ့ဗလာ ဟင်းလင်းပြင်
နူတ်ခမ်းလေပြေ ပျို့ အန်နွေး
............
.......
....

နှင်းဆီပြတ် ၀ါဂွမ်းနွမ်းချိန်
အားမလိုအားမရ ညစာစားပွဲအပြီး
အသွင်ပြောင်းအရေခွံလဲကျွတ်
ပြွတ်သဲ့သဲ့ ဖုန်စုပ်စက်ဖြတ်မောင်း
ကန့် လတ်ဖြတ်ကြိုးမိန့် ကျ မွှေးညှင်းထောင်
............
.......
....

ဆွဲဖွင့်ထွက် မောဟိုက်ဒယိုင်းဒယိုင်တံခါးရှေ့ 
...ကျွီ...
အနှေးပင့်တက်...လောကဓံပိတ်ကားချပ်လို
..ဖြေးဖြေးလေး...
...ဖြေးဖြေးလေး...
ပြေ...လျှော...ပွင့်


အနတ္တ အနော်မာ

၁၇.၆.၀၉(နေ့ လည် ၁း၀၆)

ရုံတင်ကားကြီး


ပြီးပါပြီ
ပြီးပါပြီ

ခပ်သင့်သင့်ဘဲ စာတန်းထိုးလိုက်တယ်
ပြသချိန်က တစ်ကဒ်ထဲ

ကျွန်တော်ဟာ
မင်းသားလား
လူကြမ်းလား
အချော့တော်လား
ကြာကူလီဆိုတော့လဲ
ကြာကူလီပေါ့ ဗျာ
(ဘယ်အတန်းက ဘယ်လိုကြည့်ကြည့်ပါ)

ရုပ်ရည်ကတော့ မဆိုးပါဘူး

လက်ခုပ်တီး
ကျေးဇူးပြု၍
နေကြာစေ့များစားနိုင်ပါသည်

အခင်အမင်မပျက်ချင်သဖြင့်
ကောင်းပါပြီကောင်းပါပြီ နှင့်
အသံချဲ့ စက်လဲ ညောင်းညာနေပါပြီ

ဂါရဝေါစ
အမိုက်အမဲလေးကို
ခွင့်လွှတ်ပါ

ရွာသူတွေကများလွန်းတော့
ဘယ်သူပြုစားလေမလဲပေါ့

ဟုတ်ကဲ့ အမှန်တကယ်လိုအပ်နေတာပါ
ဇာတ်ဆရာရေ ကြည့်လို့တော့ကောင်းသားဗျ
ခင်ဗျားဆိုင်းကြောင့်တော့မဟုတ်ဘူး
လှုပ်လီလှုပ်လဲ့


အဟင့် . . .
ဒါ
နောက်ဆုံးပေါ် ချဲဆီနံပါတ်လေ
ရှေ့အက္ခရာနဲ့နောက်အက္ခရာ
ကြည့်ဝယ်ထားတာ

ဘယ်ဘုံမှာ မော်ဒယ်ရှိသလဲ မေမေ
အရှက်သိက္ခာနဲ့ ဆက်သွယ်ပေးကျပါ
မြေပြင်ရေပြင်လေဟာ

တစ်နာရီ မိုင် ၆၀
ဟုတ်သေးဘူး
မိုင် ၈၀ ဟုတ်သေးဘူး
မိုင် ၁၀၀
ယခုအချိန်တွင် သတင်းများကို ကြေငြာလို့ ပြီးတော့ပါမယ် ရှင်

အဲ့ဒီလိုနဲ့
ပုဆိုးခြုံတဲ့ ဘုံဆိုင်မှာ
လူ့လောကတွေ ဖွာလန်ကျဲ

ခြောက်နှစ်သားအရွယ်ချာတိတ်ငယ်က
ဆော်မှိုင်းတဲ့ဟေ့ !
နှစ်ကိုယ်ကြားပြောဖူးတယ်
`ကုန်ဆုံဆိုင်လေး ဖွင့်လို့ရရင်သူပြန်မယ်တဲ့´
ငိုရီမိန့်မော
ငိုရီမိန့်မော
အမှည့်ချွေ ချွေနေတာလား
သင်္ခါရ !

အတုတွေဟာ အစစ်ဖြစ်လာလိုက်တာ

တိုးတိုးပြောပါ ဦးရယ်
ဟိုဘက်အိမ်က ကောင်လေးလဲ
အကျီအဖြူ ၀တ်ဝတ်နေသတဲ့

ခပ်ကြောင်ကြောင်ရိုးသားခြင်းတောင်
ရိုးရာမပျက်ကိုးထားမှ ဖြစ်မယ်

အိတ်(စ်)ပို့တွေသိပ်များနေတယ်
ကွန်တိန်နာလိုလူနေမှုစနစ်မှာ
တစ်နေ့ကို နှစ်နာရီစာလောက်နဲ့
တိုက်တစ်ခန်း ဟန်းဖုန်းတစ်လုံးပေးတယ် ဆိုဘဲ

ကျုပ်သာမိန်းမဖြစ်ရင်
ကျုပ်သာမိန်းမဖြစ်ရင်

နှစ်ကိုယ်တူ မချစ်ချင်ပါနဲ့မောင်ရယ်
မောင်က အကျီအဖြူဝတ်

မီနစ်နှစ်ဆယ်စာလောက်ကို
အဲယားကွန်းလေးနဲ့ သလားလိုက်ကျအောင်လား

တိုးထွက်ကုန်တွေ ရှားပါးနေတယ်
ဇိုးဇိုးဇွက်ဇွက်
ဇိုးဇိုးဇွက်ဇွက်

နှာစေးချောင်းဆိုးဖြစ်မယ် သားရေ
မျက်နှာလေးတော့သစ်သစ်ပေး
(၃၁)ဘုံမှာ အုံးနှောက်ရှိရှိဖောက်ပြန်လို့ရတာ
ဒီတစ်ဘုံထဲရယ်

နုနုနယ်နယ်
ရင့်ရင့်သီးသီး
ပလုံစီမျိုးတော့
ယာတစ်လျှောက်
တာရိုးပေါက်နေပါပြီ

အဲ့လိုနဲ့
အသစ်အသစ်တွေ
ခေတ်သစ်ရဲ့ အသစ်တွေချည်းဘဲ ။ ။


မြူခိုး




မေးခွန်း ။ ။ ပုံသဏ္ဍာန်ခိုင်းနှိုင်းမှု

အကြောင်းအရာ ။ ။ အချစ်ကိုတွေ့ရှိချိန် တစ်နာရီ စက္ကန့် သုံးဆယ်
သက်သေပြချက် ။ ။ ၀ိဝါဒမကွဲတဲ့ ဆင်ခြင်တုံတရားများ ငါ့ အနာဂတ်ကို ဖြားယောင်းသွေးဆောင်
အဖြေ ။ ။ စိတ်တွေ အဆုံးစွန်အထိ တွန့်လိမ်ကွေးကောက်သွား၏
ထိုနေ့ က အိပ်ရေးပျက်ကြယ်များ ပြန်လည်ဝင်းစားကြခြင်းဖြစ်၍
ရာသီဥတုများဖောက်လွှဲဖောက်ပြန်နေခြင်းဖြစ်သည် ။

ဝင်စားသည်ဖြစ်စေ ၊ စားဝင်သည် ဖြစ်စေ ၊
ငါဆိုတဲ့ကောင်က ၊ ကိုယ့်လက်ညှိုး ကိုယ်ပြန်ကိုက်ပြီး သတ်သေတဲ့ .. ၊
တစ္ဆေ တစ်ကောင်ပါ ... ။


မျက်ကန်းဆိုပေမယ့်တစ္ဆေကြောက်တတ်တဲ့ကောင်၊
ဖျားနာဖို့ ကြိုတင်ကြံစည်ရင်း
အလေ့အကျအလွမ်းတွေစိုက်ပျိုးမိတယ်
ဥာဏ်နီဥာဏ်နက်တွေ နဲ့လက်စသတ်ရသေးတာမဟုတ်ဘူး ။


သတ်လက်စ ၊ သက်တန့်  တစ်စင်း ၊
သက်သေ တစ်ယောက် ၊ သတ်သေသွားတယ် ။
သက်သက်သာသာလေးပဲ ၊ သတ်သေသွားတယ် ။
ဘယ်လိုလဲ ၊ ခွေးစုတ်မလေးရေ ။
နင့် အစွယ်ဖွေးဖွေးတွေနဲ့ ၊ ငါ့ရင်ဘတ်
ကို ၊ ထပ်ကိုက်လိုက်ဦး ။


မေ့လျော့ထားတာဟာမေ့လျော့သွားတာမှမဟုတ်ပဲ
ဘယ်နေရာကပဲပြန်စပြန်စ
ဇာတ်လမ်းက ဗီလိန် တစ်ယောက်ရဲအကြောင်း
အနားသတ်မျဉ်းတွေ ဖြောင့်နေတာပဲ မဟုတ်လား
ပရိသတ်လက်ခုပ်တီးမှ ထပြန်ကျပေါ့ ။

" ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း "
လက်ခုပ်သံတွေ ကြားတယ် ။
ငါ့အတွက် ကောင်းချီးပေးသံလား ။
ဒါမှ မဟုတ် ၊ ငါ့အလှည့်ပြီးလို့ 
ဝမ်းပန်းတသာ တီးတဲ့ လက်ခုပ်သံလား ။
ဘာပဲဖြစ်ဖြစ် ...
အဲ့ဒီ လက်ခုပ်သံတွေကြား ..
တဖြောင်းဖြောင်းနဲ့ ညွှတ်ကျသွားတယ် ... ။


အဆုံးအစမဲ့ မဟုတ်ဘူး အစကတည်းကကို
အစပဲရှိနေသေးတာ ကြာတော့လည်း
အသက်ရှုနှုန်းတွေမှားယွင်းတော့တာပါပဲ ။
တရေးနိုးတိုင်း ထထတွေးမိတဲ့အကြောင်းအရာတွေက
ကိုယ့်ကိုကိုယ်ပြန်လည်မေ့လျော့နေမိတဲ့အကြောင်း
ယောင်္ကျားမှန်ရင် အသည်းကွဲဖူးရမည်။
မဆီမဆိုင် မရေမရာဆိုပြီး စောဒက တက်ချင်တက်
ဖြစ်နိင်ရင် ဘာဝါဒမှလက်ကိုင်မထားနဲ့ ။


ဝါဒ ဆိုတာ အ၀ါရောင် လား ...
ဒါမှ မဟုတ် .. အဖြူရောင်လား ..
ဟင့်အင်း ..
သေချာမသိဘူး ..
အင်း ..
ဘာအရောင်လဲ ..
ကွဲပြားခြင်းက လက်တကမ်းအလို ..
ဘုရားရေ ..
ငါ့ကိုယ်ငါ ကွဲပြားဖို့  ..
ငါ့ကိုယ်ငါ ထုဆစ် ..
တဆစ်ဆစ် ကိုက်ခဲနေတဲ့ လက်တစ်စုံမှ ဖြစ်သော ...
ကဗျာ ဥာဉ်သည် ... ငါ၏ သွေးစက်တို့  ဖြစ်တည်စေသား ...


ခင်ဗျာ အကြောင်းကျိုးဆက်စပ်မှုလား၊အကျိုးကြောင်းဆက်စပ်တာလား
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုပေမယ့်
မကောင်းတာလုပ်ရင်ကောင်းတာမဖြစ်ရတော့ဘူးလား
လူပြိန်းတစ်ယောက်ရဲ့ ခပ်နုံနုံအတွေး
ဖြစ်နိင်ရင် ငွေနှစ်ရာလောက်ချေးပါ ။။



ကျွန်တော့် အင်္ကျီမှာ အိပ်ကပ်ဆိုတာ ၊
ပါမလာဘူးထင်တယ် ။
ဘယ်လိုလုပ်မလဲ ။
အင်း ...
ကျေးဇူးပဲဗျာ .. ။


သိပ်ပြီးသိချင်နေတယ်ဆိုလည်း
ယောင်တောင်တောင်ကြောင်တောင်မလုပ်နဲ့
တစ်နဲ့တစ်ပေါင်းခြင်းသည် မည်မျှနည်း ။
သေချာမည့်အဖြေအား စောင့်မျှော်ရကျိုးနပ်ပါစေ ။


ဘယ်တော့လဲ ....
အင်း ...
၂၈၄ ရက် ၊ ၃၄ နာရီ ၊ ၁၃၅၇ မိနစ်အလွန် ။
အဖြေလွှာတစ်ခု ၊ အလွှာပါး တစ်ချပ် ။
သ၀ဏ်လွှာ ပါးလိုက်တယ် ။
ပါးပါးလျားလျားလေးပဲ ။
ငါဆိုတဲ့ကောင်က ၊ ပါးပါးလျားလျားလေးပဲ ၊
လွမ်းတယ် ။

အာရုံ ၆ပါး လောကဓံတစ်ရား ၈ ပါး
ရန်သူမျိုး ၅ ပါး အရိပ် လေး ပါး
ဂုဏ်တော် ၉ ပါး ပြန်ပြောရမှာရှက်တယ်ထင်ရင်
မဖြစ်စလောက်လေးပဲ တွေး......။


ဟုတ်ကဲ့ ..
ကျွန်တော်ကိုယ်တိုင်ကလည်း ၊
မဖြစ်စလောက် သတ္တ၀ါ တစ်ကောင်ပဲ ဖြစ်နေတာလေ ။


ကဲဗျာ.....
ဒါဆိုလည်း ခင်ဗျားအစီအစဉ်တွေကို
နောက်တစ်ပတ်သတင်းမှာထည့်လိုက်မယ်။
ဟိုးမှာ......ဆပ်ပြာပူဖောင်းတွေ လေချဉ်တက်ကုန်ပြီ ။


♥ အမည်မဲ့

♥ ဆူးခက်မင်း

ဘာလိုလိုနဲ့ဆောင်းဝင်လာပြီဗျ ။
ဆောင်းရောက်ရင်ခင်ဗျားတို့ဘာလုပ်ကြလဲ ။
အနွေးထည်တွေဝတ် ရှိုးထုတ်ကြမှာပေါ့ ။
စောင်ခြုံပြီးပဲကွေးနေကြမလားပဲ ။
ကျွန်တော်တို့ကတော့ ဆောင်းတွင်းရောက်ရင် အကပိုးက ထလာကြတယ် ။
ဆောင်းရောက်ရင် လမ်းမီးတိုင်အောက်မှာ ကခုန် ကြတာ ကျွန်တော်တို့အတွက်ကရိုးရာလိုကိုဖြစ်နေတာ ။ ကျွန်တော် အဘေး ၊ အဘိုး ၊ အဖေ တို့လည်း မီးတိုင်အောက်မှာ ကရင်းနဲ့ပဲ သေကုန်ကြတာ ။
ကျွန်တော်တို့လဲ ခေါင်းထဲမှာ ဆောင်းဝင်ရင် မီးတိုင်အောက် ကကြမယ် ။
ဖားလိုက်ရင် ရှောင်မယ် ။
မမှီရင် သေကြမယ် ။
ဒါပဲရှိ ။

တစ်ရက် ကျွန်တော် အိမ်နားက ဓာတ်တိုင်မှာ စုရုံးစုရုံးနဲ့ က ပွဲစတော့မယ် ။
ကျွန်တော်လဲ ဖုတ်ဖတ်ခါထပြီး မှီအောင်လိုက်ရတာပေါ့ ။
ဒါပေမယ့်ဗျာ တော်တော်ဆိုးပါတယ် ။
ကရတာမလွတ်လပ်ဘူး ။
နဲနဲယိမ်းလိုက် တိုက်မိလိုက် နဲနဲခါလိုက် တွန်းမိလိုက်နဲ့ ။
ကြာတော့ပေါက်လာပြီး နေရာပြောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ တိုင်အောက်ခဏဆင်းထိုင်နေတော့ လမ်းဘေးနားကနေပြီး ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ ကျွန်တော်များ ဘာညာ ဘာညာဆိုပြီး အသံမြည်တဲ့ ဆိုက်ကားကြီး အနားကဖြတ်လာတယ် ။
ကျွန်တော်လည်း အဲဒါကြီးပေါ်တက်လိုက်ပြီး နေရာသစ်ရှာရင်တော့ တွေ့ကောင်းပါရဲ့ဆိုပြီး ခုန်တက်ပစ်လိုက်ရော ။
ဆိုက်ကားကြီးက ဟိုကွေ့ ဒီပတ် နေရာတွေတော်တော်စုံ ပါတယ် ။
ဒါပေမယ့် ရှင်းတဲ့နေရာကို စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတယ် ။
အဲဒါနဲ့ ဆက်လိုက်လာ ဆက်လိုက်လာရင်း တစ်နေရာအရောက် ဖြုန်း ဆိုပြီး အမှောင်တိကျသွားတယ်။ ကျွန်တော်လည်း လန့်ဖြန့်သွားတယ် ဘာများဖြစ်တာတုန်းဟ ဆိုပြီး ။
ဆိုက်ကားနင်းတဲ့လူကြီးကတော့အေးဆေးပဲ ဟောမီးတောင်ပျက်သွားပြီ ဆိုပြီး ဒါပဲပြောတယ် ။
ကျွန်တော်ကတော့ ဘာဖြစ်တာမှန်းမသိတော့ လန့်လို့ဖြန့်လို့ပေါ့ ကြောက်ပြီး ဆိုက်ကားပေါ်ကတောင် ချော်ကျရော။
ကျွန်တော် ပြုတ်လဲပြုတ်ကျရော ခြေဦးတည့်ရာတောင် လျှောက်ပြေးမိသေးတယ်ဗျ ။ နဲနဲလေးသွေးအေးသွားတော့မှ ဘေးဘီကြည့်မိတော့ ဟိုနား စစ စစ ဒီနား စစ စစ မီးလေးတွေလက်လာတယ် ။
ကျွန်တော့် နား က အိမ်ပြူတင်းပေါက်မှာလည်းမီးလေး လင်းနေတယ် ။
ကျွန်တော်လည်းအဆင်ပြေရင် အဲဒီမှာပဲ ကမယ်ဆိုပြီး ပြူတင်းပေါက်ဘောင်နားရောက်အောင်သွား ။
ခုန်တက် ။
ဘာတွေ့လဲဆိုတော့ ကောင်မလေးတစ်ယောက်ဗျ ။
စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ ။
ကျွန်တော်လဲ သူ့နားက မီးတိုင်တိုလေးက တော်တော်လေးလက်တယ်ဆိုပြီး က ဖို့ သူ့ရှေ့က နံရံကိုပြေးကပ်လိုက်တယ် ။
ချက်ခြင်းပဲ ဘယ်တုန်းကတည်းက ချောင်းနေလည်းမသိတဲ့နွားက ကျွန်တော့် ပေါင် ပြေးဆွဲတယ် ။
ကျွန်တော်လဲ ကြောက်အားလန့်အားနဲ့ အတင်းရုန်း ဟိုကိုယ်တော်ကလည်း အတင်းဆွဲနဲ့ ရုန်းရင်းဆန်ခတ် နံရံပေါ်မှာ ဖလူးဖလဲ ဖြစ်နေရော ။
အဲဒီအချိန်မှာ ဟဲ့ ဟဲ့ ဆိုတဲ့ အသံနဲ့ စာထိုင်လုပ်နေတဲ့ကောင်မလေး ကျွန်တော့်ကိုကိုက်ထားတဲ့ ကောင်ကို ခတ်ဆက်ဆက် လှန်းပုတ် လှန်းရိုက်လုပ်လိုက်တယ် ။
ကောင်မလေးဆိုတော့ ကြောက်ကလည်းကြောက်ပြန် သူ့ရှေ့မှာ အဲလိုဖြစ်နေတာကိုကြည့်ကလည်းမကြည့်ရဲ သူလာပုတ်တဲ့ဒီဇိုင်းက တော်တော်တော့ရယ်ရတယ်ဗျ ။
ကျွန်တော်တောင်အကိုက်ခံနေရတုန်းကြီး သူ့ကိုခဏငေးကြည့်နေမိသေးတယ် ။
ဖုတ် ။
ကျွန်တော်ကိုယ်လုံး သူ့စားပွဲပေါ်က စာအုပ်ပုံပေါ်ပြုတ်ကျသွားတယ်။
ဟို ကလေကဝ ကတော့ နံရံ ပေါ်တက်ပြေးပြီ ။
ကျွန်တော်လည်း အကိုက်ခံရတဲ့ ပေါင်ကို ပြန်ဆန့် နဂိုအတိုင်းမှ ကောင်းသေးရဲ့လားလို့ပြန်စစ် တောင်ပံ ခတ်ကြည့်နဲ့ လုပ်နေတုန်း ကောင်မလေး စာပြန်လုပ်ဖို့ ကုလားထိုင်မှာပြန်ထိုင်လိုက်တယ် ။
ကျွန်တော်လည်း သူဘာဆက်လုပ်မလဲ ကြည့်နေတုန်း ကျွန်တော် နင်းထားတဲ့အောက်က သူ့စာအုပ်က စာတချို့ကို ဖတ်မိသွားတယ် ။
ဘာတွေရေးထားလည်းဆိုတော့ မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ တဲ့ ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်းနားမလည် ။
သူကတော့ ကျွန်တော်ရှိမှန်းတောင်မသိဘူး သူ့ဖာသူစာရေးနေလေရဲ့ တော်တော်လေးကြာတဲ့အထိ သူ့ ကပိုကရိုကျဖြစ်နေတဲ့ သူ့ဆံပင် ပျက်လုပျက်ခင်ဖြစ်နေတဲ့ သူ့သနပ်ခါး ဆောင်းတွင်း နှာစေးပြီးနီနေတဲ့သူ့နှာခေါင်း ရေးနေတဲ့စာကို လိုက်ရွတ်နေတဲ့သူ့နှုတ်ခမ်း သူ့လည်တိုင် သူ့လက်မောင်း သူ့ .. သူ့ .. အို.. သူ့တစ်ကိုယ်လုံး ကျွန်တော်မျက်စိနဲ့ မြင်ရသမျှအရာအားလုံးကို အသက်ရှုမေ့ အတိတ်မေ့လောက်အောင်ကိုကြည့်နေ မိတယ် ။
အသက်ရှုကျပ် မျက်လုံးတွေပြာလာတော့မှ သတိဝင်လာပြီး အကြည့်တွေလွဲ ကျေးဇူးတင်ကြောင်းပြောဖို့လုပ်တယ် ။
ကျေးဇူးတင်ကြောင်းပြောဖို့ ကျွန်တော် ကောင်မလေးစာရေးနေတဲ့လက်ပေါ် ခုန်တက်လိုက်တယ် ။
ဆတ် ခနဲ လက်ကိုဆွဲခါလိုက်တယ် ကောင်မလေး ကျွန်တော့်ခြေက အဆူးတွေကြောင့်ထင်ပါရဲ့ လန့်သွားတယ် ။
ကျွန်တော်လည်း ဘေးကိုအမြန်ခုန်ဆင်းပြီး ရှောင်ရတာပေါ့ ။
ကောင်မလေးက ဟိုကြည့်ဒီကြည့်နဲ့ စာပြန်လုပ်နေလိုက်တယ် ။
တအောင့်လောက်ကြာတော့ ကျေးဇူးတင်ကြောင်းပြဖို့ နောက်တစ်ခေါက် ကောင်မလေး စာရေးနေတဲ့စာအုပ်ပေါ် ခုန်ချလိုက်တယ် ။
ဘုတ် ခနဲမြည်သွားတယ် ကောင်မလေး စာထဲဘယ်လောက်တောင်စိတ်ဝင်စားနေလည်းဆို ထိုင်ခုန်က ခုန်တက်ပြီးတောင် လန့်သွားတယ် ။
ဒီပုရစ် တယ်.. လုပ်လိုက်ရ ဘာညာဆိုပြီး စာအုပ်နဲ့ ကျွန်တော်ကို ပြူတင်းပေါက် အပြင် မောင်းထုတ် .. မောင်းထုတ် လုပ်ပြီး ပြူတင်းပေါက်ပိတ်လိုက်တယ် ။
နောက် သူလည်းမီးပိတ်ပြီးအိပ်ရော ။
နောက်နေ့ မီးလာတယ်ထင်ပါရဲ့ လမ်းမှာ ထိန်ထိန်ကိုငြီးလို့ ။
သူကတော့ ပုံမှန်အတိုင်း မီးလေးထွန်း စာလေးဖတ် ကျွန်တော်က အဟဲ မီးတိုင်အကွယ် မှောင်ရိပ်လေးမှာပေါ့ ။
ဘာရယ်တော့မဟုတ်ဘူး သူ့ကို ထိုင်ကြည့်နေတာ ။
ဒီနေ့တော့မတူဘူးဗျ မနေ့ကနဲ့ ဆံပင်လေးကဘယ်လို ဟိုလေးက ဟိုလို ဒီဟာလေးကျတော့ ... သူ့အကြောင်းသာပြောနေရင် ကျွန်တော့်သက်တမ်းနဲ့တောင်လောက်မယ်မထင်ဘူး ။
မပူပါနဲ့ ခင်ဗျားတို့သက်တမ်းနဲ့လည်း မလောက်ဘူး ။
စိတ်ချ ။
ကျွန်တော်လည်း သူနဲ့တွေ့မှ မီးတိုင်အောက်မှာ က ရကောင်းမှန်းမသိ အန္တရယ် ရှောင်ရကောင်းမှန်းမသိတွေကိုဖြစ်လို့ ။
သူ့ကိုတွေ့ရင် လုပ်နေသမျှတွေရပ် ပြီးမကြည့်ပဲကိုမနေနိုင်တာ ။
ဘယ်လိုဆွဲအားမှန်းကိုမသိဘူး ။
သိအောင်လည်းမစဉ်းစားချင်ဘူး ။
သိလည်းမသိချင်ဘူး ။
ကျွန်တော်လည်း ကြည့်လေ ပိုကြည့်ချင်လေ ။
ပိုကြည့်လေ ပိုပိုကြည့်ချင်လေတွေဖြစ် ။
နောက်ဆုံး လောဘက သူ့ကိုလက်ကိုကိုယ်တွယ်ကြည့်ဖို့အထိတောင်တပ်မက်လာရော ။
ဒါပေမယ့် ဖြစ်နိုင်ပါဘူးလေ ဟိုတစ်ခေါက်က လက်ပေါ် အမှတ်မထင်ခုန်တက်တာတောင် ဒီလောက်လန့်တာ သက်သက်ကြီးသွားထိဖို့ဆိုတာလွယ်လောက်ဖူး ဆိုပြီး သက်ပြင်းရှည်လေးချ စိတ်ကိုလျော့လိုက်ရတယ် ။
အဲဒီအချိန် ဖြုန်း ဆိုပြီး ပျက်ပြန်ပါရောလား မီးက ။
ကျွန်တော်လည်း ကျ နေတဲ့စိတ် ဝုန်း ဆိုပြန်တက် ပြီး သူ့လက်ကို မှောင်ရိပ်မှာ ကိုင်ဖို့ ဆုံးဖြတ်လိုက်မိတယ် ။
အဲဒါနဲ့ ကျွန်တော်လည်း သူ့နားကို ဖြေးဖြေး ။ ဖြေးဖြေး နဲ့သွား သူ့လက်ကို လှမ်းကိုင်မယ်အလုပ် ။
သမီးရေ အင်ဗိုက်တာ ဖွင့်လိုက်ဦး ဒီမှာ ကိုရီးယားကား မပြီးသေးဘူး လို့သူ့အမေက လှမ်းအပြော ။
သူက လည်း ဟုတ်ကဲ့လို့ အော်ပြီး စားပွဲကို လက်ထောက်ပြီးအထ ။

ကျွန်တော် သူ့ စာရေး ဘောပင်ချထားတဲ့နားလေးမှာ ကားယားလေးမှောက် နေတယ် ။
အတင်းကုန်းပြီးထကြည့်တယ် မရဘူး ၊ တောင်ပံတွေ ကော ခတ်ကြည့်တယ် ။
လေတောင်မဟပ်ဘူး ။
ဒုက္ခပဲ ငါဘယ်လိုလုပ်ရမလဲ ကယ်ပါဦး ဦးနှောက်ထဲ သွေးရူးသွေးတန်းနဲ့ အတွေးတွေ စုံပလုံစိနေအောင်ဝင်လာတယ် ။
အဲဒီအချိန်မှာ ကောင်မလေး ရောက်လာပြီး ကျွန်တော့်ကိုတွေ့သွားတယ် ။
ကျွန်တော်ဖြစ်နေတာကိုတွေ့ ပြီးလည်း မျက်နှာလေးအိုသွားတယ် ငါဖိလိုက်တာလားမသိဘူးဆိုပြီး သူ့ဖာသာသူပြန်ပြောလိုက်တယ် ။
သေတော့မှာပဲ ဆိုပြီးလည်း ဆက်ပြောတယ်။
ကျွန်တော်လိုလမ်းဘေးမွေး လမ်းဘေးသေတဲ့ ကောင်ဒုက္ခဖြစ်တာကို သူက အရေးတယူလုပ်ပြီး သေတော့မှာပဲ ဘာညာလုပ်တော့ အရူးဘုံမြောက်သလို ဘာပြောကောင်းမလဲ ။
နာတာ ကြင်တာ သေမှာတွေလည်း ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး သူ့စကားပဲနားထဲ အထပ်ထပ်ကြားပြီး ကြည်နူးနေတုန်း ။
ညီမလေးရေ ဒီမှာငါဖိမိလို့ ပုရစ် အသက်ငင်နေတယ် ဘယ်လိုလုပ်ရမလဲ လို့ လှမ်းမေးလိုက်တယ် ။
အခန်းထဲကနေပြီး သတ္တဝါဆိုတာ လူချွတ်မှကျွတ်တာ မမ သတ်ပစ်လိုက် တဲ့ ။
အဲဒီအချိန်မှာပဲ ကောင်မလေး ကျွန်တော် ပြုတ်ကျခဲ့ဖူးတဲ့စာအုပ် မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ ဆိုတဲ့စာအုပ်ကို ယူ ။
လိတ် ။
ပြီးတော့ ။
.... ။ .... ။

အသင် ဝမ်းနည်းပါသလား ။
ဝမ်းမနည်းပါ။
ကောင်းပြီ။
နောက်ဆုံးဆုကိုပြုလော့ ။
နောက်ဘဝမှာလည်း ဒီကောင်မလေးနားမှာပုရစ်တဖန်ဖြစ်ရပါလို၏ ။
နောက်ဘဝမှာ ဒီကောင်မလေးကိုအနှောက်အယှက်ပေးတဲ့ပုရစ်မဖြစ်လိုပါ ။

ကဲ.. ဘယ်ဆုပြည့်မလဲတော့ မပြောတတ် ။ ။

နေကျယ်ဝန်း

ချိတ်ပိတ်အခန်းကျဉ်း

 

 

ဘာဆိုဘာမှမရှိနတ္တိတွေသာ
ကြီးစိုးနေခဲ့ ။

လက်တွေ့မှာ
နေခွင့်မရှိတော့တဲ့ ဒီအခန်းကို
ပိတ်လှောင်ဖို့အတွက် ပြင်ဆင်ရင်း
ယောင်ချာချာနဲ့ ရပ်ကြည့်နေမိသေးတာ
နင့်ကိုမှတ်မိသွားချင်လို့ပါ.....

လေးဘက်လေးတန် နံရံတွေဟာ
အနွေးဓာတ်တော့
အကြားအလပ်မရှိအောင် ခြုံပေးခဲ့ဖူးတယ်။

မြံမြဲခိုင်ခန့်စွာ မိုးထားတဲ့
ဒီမျက်နှာကြက်
အမှောင်ဆိုတာ မကပ်အောင်
ရှင်းလင်းပေးခဲ့ တာ 

သတိရတိုင်း
လူမသိလောက်တဲ့ မျက်ရည်တွေ တိတ်တဆိတ် `ခ´ ခဲ့ဖူးတယ်လေ ။ 

ဒါကို
အခန်းလေးတော့ သိပါတယ်.......

အမှောင်တွေ လာရင်
အလင်းကို ထွန်းညှိ
လင်းချင်းဝင်းတောက်နေအောင်
လက်အစုံနဲ့ တပ်ဆင်
အလှပြင်ပေးခဲ့တာ

ခုတော့
မျက်မမြင်ဘဝလို
မလှတော့တာပါလား.........

ငါ .....
သွားတော့မယ် .....
မေ့
လိုက်
ပါ
တော့

မင်း နဲ့
မျက်နှာချင်းဆိုင်ဖို့ရာလမ်းတွေ
လမ်း ..... တွေ .....
............................
................................
.....................................

 

ခြူး

 

`မြား´

ငါ့ကို ငါ
နှစ်ခါ ခွဲပြီး က မယ် ။

ပြောပါ
အသင် မေ့နေလား၊ မေ့လျော့ချင်ယောင်ဆောင် နေသလား။

ငါ(နင်)၊ သူ(မ)
``ဟာ .......... ´´
အားလုံးမှားကုန်တယ်

(နေနှင်းစက်)

 

 

ဆွဲကြိုးချသေသွားတဲ့ မနက်ဖြန်



ဘုရားစူးပါရဲ့  ။
ပြင်ရာ ဖျက်ရာမပါတဲ့ နေ့တစ်နေ့တော့
ရှိဖူးချင်တယ် ။
မျှော်စင်ရဲ့  ဟိုးးးးးထိပ်မှာရပ်ပြီး
ကိုယ့်အရိပ်ကိုယ် ငုံ့ကြည့်မိတိုင်း
ကြက်ခြေခတ်တစ်ခု ၊
ဟုတ်တယ် ။
ကြက်ခြေခတ်တွေ အထပ်ထပ်နဲ့
ကြက်ခြေခတ်တစ်ခုပဲ ပြတ်ပြတ်ထင်ထင်တွေ့ရတယ် ။
မြေကြီးတွေကိုတော့ အားနာပါရဲ့   ။
အမာရွတ်တွေပြောတဲ့ မနေ့ကအကြောင်း
အကောင်းချည်းပဲတဲ့ ။
မနက်ဖြန်အကြောင်းရော ဘာတွေပြောကြမလဲ ။
ကြားဖူးချင်သေးတယ် ။
ပြီးခဲ့တဲ့ ငါ က
အခု ဟားတိုက်ရယ်နေလေရဲ့  ။
ဒါနဲ့ မေးရဦးမယ် ။
ဒီလမ်းက သွားရင် ဘယ်ရောက်လဲ ။



                                                   
         
                                                                                       ညီစိမ်း

 

အရောင်ပျော် အ၀ိဇ္ဇာ


စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော
အရောင်များ
ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်

အညိုရင့်ရောင် ကော်ဖီတစ်ခွက်
နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ
ရုတ်တရက်
လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့
အနီရောင်စာသား သီချင်းတစ်ပုဒ်
ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့
အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း

ရဲရဲတောက် နေရောင်အောက်
ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့
အညိုရောင်  ၀ံပုလွေများ
အမည်းရောင် အရှက်ကာ မျက်မှန်
အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ
အမည်းရောင်ငွေ စက္ကူ
နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်
မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ
မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ

လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း
ဇက်ကြိုးမဲ့
မီးခိုးရောင်လေလွင့်တိမ်တိုက်
ပန်းနုရောင် ခြေဖမိုးတစ်စုံ
အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း

လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ
ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား
ခေါင်းပေါ်က အနီရောင်မိုးစက်များ
နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်
အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်

ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်
ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်
ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်
ညအနက်ထဲ
မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်

ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်
ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်
နောက်
အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........

 

ကြယ် ပန်း လူ

 

ပြဿနာ

 

 

ပြဿနာဟာ ပြဿနာဖြစ်ပြီး
ပြဿနာမဟုတ်ရင်
ပြဿနာမဟုတ်ဘူး။

ပြဿနာမဟုတ်တာကို
ပြဿနာဖြစ်အောင်လုပ်တော့
ပြဿနာက ပြဿနာမဟုတ်တော့။

ပြဿနာမဟုတ်တဲ့  ပြဿနာထဲ
ပြဿနာက၀င်ပြီး
ပြဿနာမဟုတ်ကြောင်းရှင်းတော့
ပြဿနာက ပြဿနာဖြစ်ပြီး
ပြဿနာမဟုတ်တာက
ပြဿနာမဟုတ်ဘူးဖြစ်နေတယ်။

သုဏော်စိုင်း

 



အိပ်မွေ့ချခံထားရပုံမျိုးနဲ့

ကမ္ဘာကြီးပူနွေးလာတုန်းက

မွေးဖွားခဲ့သူပါ။


မြစ်ဟာမြစ်ပီသဖို့

သူကိုယ်တိုင်

ကွေ့ကောက်ရတဲ့အခါ

အဝေးမျှော်ရှုခင်းတွေက

ငါဝတ်ဆင်ချင်တဲ့အင်္ကျီတစ်ထည်သာဖြစ်တယ်။



အမည်မဲ့

~~ ဗေဒလွဲသွားသည့် မနက်ဖြန် ~~

ဒါဟာ ဒီနေ့မဟုတ်ဘူး

ငါမနိုးခင် ငါ့ကိုနှိုးဖို့

စကားလုံး အသေတွေ တဒင်ဒင် နဲ့ ညဉ်းနေတယ်

မျက်နှာကျက်ပေါ်မှာ ၅ ၀ပ် အားမီးလုံးက

လင်းဖို့ထက် သူ့ကိုယ်ထဲ သူနှစ်ပြီး အလင်းရှာနေလို့

ကန့်လန့်ဖြတ် နေထိုးတော့

နံရံပေါ်က နာရီက မဖြစ်မနေပုံစံနဲ့ ၉ ချက်ထတွန်တယ်

[သူသည်.. လင်းကြက်တစ်ကောင်မဟုတ်ပါ]

ရယ်ဒီမိတ်တွေ ဖြည့်သိပ်ထားတဲ့ ကော်ဖီတစ်ခွက်

ငါ့ကို ခါးခါးသီးသီမြိုချပြီ

လေတောင် တဂေ့ဂေ့ တက်ပြသွားသေးတယ်

ဒီအချိန်ထိ မတန်မရာ ငါဟာ ခွချက် ချက်ဖို့ ကြိုးစားမိနေတဲ့

နယ်ရုပ်တစ်ကောင်ဖြစ်နေတာ မသိမိသေးဘူး

အဲဒိနေ့ကမ်းခြေကို သေသေချာချာ လှဲကျင်းပြီးရောက်ခဲ့

အသေအချာ ဖတ်ကြည့်ပြီးမှ ဒီနေရာမှာ ၀င်ထိုင်တာပါ

ငါ့မျက်လုံးတွေကို အကြည့်တွေ သိမ်းချသွားလိုက်တာ

ငါ့ အရိပ်တောင် ကန့်လန့် ကန့်လန့်ပါသွားတယ်

ငါမျက်လုံး နှစ်လုံးအကောင်းအတိုင်း ကန်းခဲ့တဲ့ကောင်

ဆန္ဒတွေ တဒီဒီ ကျမှ ငါ့ အရိပ်တွေ တိုနေမှန်း ငုံ့ကြည့်မိ

ထိုနေ့ နေသာ၏

အရှေ့က နာရီစင်မှာ လက်တံတစ်ချောင်းမတွေ့ဘူး

ငါ့ဟာငါ အကန့်လိုက်ခွာကြည့်နေမိတယ်

ငါ့ဘေးကနေ တစ်ချို့ ကောက်ခါငင်ခါထထွက်သွားကြ

အတ္တတွေ အရှိုရှို မိုးပြီး ဆင်းသွားကြ

ဒီမှတ်တိုင်က ဂိတ်ဆုံးတာပ

တဖြည်းဖြည်း

ငါ ပွင့်ဖတ်မပါပဲ ပန်းဖြစ်ရမှာ ရှက်လာတယ်

ကိုယ့်ကိုကိုယ် တဖြည်းဖြည်းရေလောင်ပေါင်းသင်လာလိုက်တာ

ပါဒတွေ ပိုးကျဖို့တောင် မလွယ်တော့ဘူး

အရင်က ငါဆိုတာ တောင်တက်နှေးခဲ့တဲ့ ပလောင်တစ်ယောက်ရယ်ပေါ့

အတင်းသိမ်းထားမိတဲ့ ၀ါကျတွေ တဖြည်ဖြည်း မြည်းရင်း

အဲဒီမနက်ဖြန်ကို မနေ့တည်းကလွဲသွားတယ် .................

 

 

 

မောင်မိုးချို

 စိတ္တဇ ဆန်ခြင်း

 

 

 

အခန်းနံပတ် ၁၃
တံခါးခေါက်လိုက်တယ် ..
ဖွင့်ကြည့်လိုက်သူက ငါပဲ ..
ငါ့ကိုယ်ငါ ပြန်ကြည့်တယ် ..
ငါတောင် အတော် လူလူသူသူ ဖြစ်နေပါ့လား ..
ဟင့်အင်း ..
ငါမှားနေပြီ ..
ငါက လူတစ်ယောက်ပဲလေ ..
အခန်းတံခါးပိတ် ..
လော့ခ်ချထားလိုက်တယ် ..

အခွင့်မရှိ မ၀င်ရ ..

ကောင်းကင်ဘုံရဲ့ တံခါး ..
ထပ်ခေါက်လိုက်တယ် ..
ဘယ်သူလဲ ..
ဟင် ..
ငါပဲလား ..
အင်း .. အချိန်မကျသေးဘူးဆိုပဲ ..

လေး သုံးလီ ဆယ့်နှစ် ..
ဟုတ်လို့လား ..
လူလေးယောက် .. သစ်သီးသုံးလုံး .. လက်ဝါးကပ်တိုင် ဆယ့်နှစ်ချောင်း ..
ဟာ .. ဘာတွေလဲ ..
ပြန်တော့မယ်ဗျာ ..

Good Bye



ဆူးခက်မင်း

နေ့စွဲမတပ်ထားသောစာမျက်နှာ

 

 

 

(၀းဝ)
အလွမ်းတစ်ခွက်မှာ
အတ္တတစ်ဆပေါင်းထည့်
ပြီးတော့ မာနနဲ့ ရောမွှေ
ရှိုက်သံတွေမှာတောင် ငိုခြင်းက မပီပြင်ဘူး

(၁း၁)
အတိတ်ကို ဖုန်းခေါ်မိတိုင်း
လူကြီးမင်းနဲ့တိုးတယ်
ဝမ်းနည်းပါတယ်
ငါ့ထဲမှာ ငါမရှိသေးဘူး
တစ်ကမ္ဘာလောက်နေရင် ပြန်ခေါ်ကြည့်လေ

(၁း၂)
အလွမ်းတွေလား
မေးရတာ လျှာတောင်ခါးတယ်
ငါ့အတွက်မပူပါနဲ့
နင်မရှိလည်း ထမင်းနှစ်နပ်စားမှာပါ
(ဟင်းတစ်ခွက်တော့ တိုးလာတာပေါ့လေ)

(၂းဝ)
အချစ်စစ်စစ်မှာ နဖူးစည်းမရှိဘူး
အချစ်စစ်စစ်မှာ မှတ်ပုံတင်မပါဘူး
ယုံကြည်မှုဆိုတာ ယုံတုန်းပဲကြည်တာ
နင်ပြောတာငါကြားဖူးပါတယ်
ဟိုဟာက ဟိုစာအုပ်ထဲက
ဟိုစကားလုံးက ဟိုစာရေးဆရာလေသံ
ဟိုတစ်ခုက မြန်မာကားထဲက အကွက်တွေလေ

(၂း၁)
ဒိုင်ယာလော့တွေရွတ်ပြမနေနဲ့
သရုပ်ဆောင်လွင်ပြင်က အကဲဖြတ်ဒိုင်မဟုတ်ဘူး
ဇာတ်မနာနာအောင် ဖွဲ့ရအောင်လည်း
မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲမဟုတ်
မှားယွင်းမှုယုတ္တိဗေဒမှာ ဒါနံပါတ်(၃)ပဲ

(၂း၂)
အခွံတွေချည်းပဲလား
ငါ့နားက ဆင်ဆာဖြတ်တာနဲ့ ကုန်ပြီ
မမြင်ရတိုင်းလည်း မရှိဘူးပဲအော်မနေနဲ့
မကြားရပေမယ့် နားငြီးတယ်

(၀း-၁)
မှတ်ချက်။
မိုးရာသီတွင် မိုးရွာခြင်းမဟုတ်။
မိုးရွာသောရာသီကိုသာ မိုးရာသီဟုခေါ်ပါသည်။


ပီတိ ( စိတ်ပညာ )

မျက်ရည်ပါဝင်သော သက်ပြင်းရော

 

 

 

မနေ့ကမနက်က ငါမွန်းခဲ့တဲ့ အနံ့တွေ
ကိုယ်စီကိုယ်ငှ အတွေးတွေနဲ့
တိတ်တဆိတ်ငြိမ်သက်
ချောင်ကျကျအခန်းထဲမှာ

စာရွက်စာတန်းတချို့
မျက်ရည်အကွက်လိုက်နဲ့ ကဗျာတစ်ပုဒ်
မှင်ကုန်ခါနီး စူပါရိန်းနိုး ခပ်စုတ်စုတ်နဲ့
စားပွဲညိုတစ်ခုပေါ်မှာ
ငါ့သက်ပြင်းတွေ ရောနှော[က]လို့

ဟုတ်၏။ မှန်၏။
ငါကူးခဲ့တဲ့ မြစ်တွေမှာ
ငါ့မျက်ရည်က ဗုံးပေါလအော
ငါ့ကိုယ်ကို မမြုပ်တမြုပ် ဖော့ရင်း
ဆန္နတွေက လေးပင်စွာ............

မဟုတ်ဘူး။ မမှန်သေးဘူး။
ငါအိပ်ခဲ့တဲ့ညတိုင်းမှာ
မမှိတ်ရသေးတဲ့ မနက်ဖန်တွေက
ပစ္စက္ခတစ်ခုထိ ယောင်တောင်ပေါင်တောင်မည်းနက်နေဆဲ

တေလေတစ်ကောင်ရဲ့ ကျို့အထိုးမှာ
သင်းကွဲညနေတွေကလည်း နေတပျို့ပျို့နဲ့
တစ်နေ့စာ ဆောင်ရွက်မှူမှတ်တမ်းမှာ
ခြေတစ်ချက် ချော်သွားလေရဲ့


အကယ်ဒမီ

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter