ဘာလိုလိုနဲ့ စက်တင်လာရောက်ခဲ့ပြီ မဉ္ဇူရီ
နာရီကို ဖန်ပုလင်းလေးထဲ ထည့်သိမ်းထားခဲ့တယ် ။
ဆုတ်ဖြဲခံလိုက်ရတဲ့ မျက်ရည်စတွေနဲ့ ၊ ငိုနေပြီ မဉ္ဇူရီ ။
ငှက်ကလေး အဝေးကို ပျံသွားပြီ ။
တိမ်တွေလို ၊ ပင်လယ်ထဲ ရွက်လွှင့်သွားမှာပါ ။
အရောင်ချွတ်ခံထားရတဲ့ ပန်းတွေ ၊
ကြိုးနဲ့ သီထားတဲ့ ပုစဉ်းရင်ကွဲတောင်ပံတွေ ၊
ရေထဲမျောနေတဲ့ မီးပြတိုက်ဟောင်းပေါ်က မီးလုံးနီနီတွေ ၊
ပြီးတော့ နှောင်ကြိုးတန်းလန်း ရှုမျှော်ခင်းတွေ ။
ကျောက်တုံးတွေကို လွှတ်ချထားလိုက်ပါ မဉ္ဇူရီ ။
ခရီးဆုံးတော့မယ့် ရထားဟာ ဥသြသံရှည် ဆွဲဆွဲငင်ငင်နဲ့ ။
သြဂုတ်လဆန်း ၊ ညနေ ၅ နာရီ ၊ မရွာမဖြစ် မိုး ။
ဖြူဖြူစင်စင် ၊ မိုက်မိုက်မဲမဲ နဲ့ ။
သူလည်း ငိုနေပြီ မဉ္ဇူရီ ။
နာကျင်နေခဲ့ရတာသိလို့ နှုတ်ဆိတ်မျက်ဝန်းများ ။
ပျော်ရွှင်စေချင်တဲ့ ပုံဆောင်ခဲဟာ အရောင်အမျိုးမျိုး ပြောင်း လို့ ။
မိုးရေစက်တွေကို ရပ်တန့်ထားလို့ ။
ဆောင်းထားတဲ့ထီးကို ကြိုးတပ်ပြီး လွှတ်လိုက်တော့
ဦးဦးဖျားဖျားညနေခင်းမှာ တရစ်ရစ် ၀ဲ လို့ ။
မျှော်နေမိတဲ့အထဲ ခေါင်းလောင်းသံအဆုံး ပေါ်လာမယ့်မျက်နှာ ။
လမ်းမီးတိုင်တွေက စူးလွန်းတယ်တဲ့ ။
ဝင်တော့မယ့်နေလုံးကို ဓာတ်ပုံထဲမှာပဲ ရွေ့လျားခိုင်းထားတယ် ။
နေရောင်ခြည်တွေကို စားသုံးခဲ့ဖူးတယ် ။
You are my AzZuRee, MyZzuRee.
ဒဏ္ဍာရီထဲက ရွှေချထားတဲ့ နှုတ်သီးနဲ့ ကျီးကန်းတွေဟာ
အဖောက်ခွဲခံမိုးတိမ်စိုင်တွေကြားက တံတားကို ကိုက်ချီသွားခဲ့ကြတယ် ။
နာရီတွေထဲ ဘာကိုထည့်ပြီး သိမ်းဆည်းထားခဲ့သလဲ ။
ရူးနေတဲ့ယင်ကောင်ဟာ နတ်ဖွက်ထားတဲ့ပန်းကိုမှ တရှိုက်မက်မက် ။
တောင်းပန်တယ် ။ နူးညံ့နာကျင်စွာ ချည်နှောင်ခဲ့မိတယ် ။
အာတိတ်ဒေသ ၊ ၀င်ရိုးစွန်းစက်ဝိုင်း ။
ကြယ်တွေကို တစ်ယောက်တည်း ထိုင်ကြည့်ရတော့မယ့် လူ ။
ခြစားနေတဲ့ အဆုံးမရှိ ချောက်နက်ကြီးထဲ ၊
ရိုးသားလွန်းပြန်တော့လည်း ခါး တယ် ။
နောက်ဆုံးတော့
ရေခဲကျွန်းမျောတွေကြား ရွက်လွှင့်နေခဲ့တဲ့ လှေငယ်ဟာ
ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပြီ မဉ္ဇူရီ ။
တိမ်ကိုး
Posted by
ဆူးခက်မင်း
1 comments:
အရမ်းကောင်းတယ် ရူးချင်စရာ...
Post a Comment