Hands Of Enlightenment

လင်းပွင့်လက်များ

မလွမ်းဘူးဆိုပြီး လွမ်းလို့ ရေးတဲ့ကဗျာ

 

ကိုယ့်ကိုကိုယ် အဆက်အသွယ်ပြတ်နေတာကြာပြီ ။

ရက်စွဲတစ်ခုကို ငါးစာလုပ်ပြီး ။

ကိုယ့်စိတ်ကိုယ် ပြန်မျှားနေရတယ် ။

ကျွန်တော့်ရင်ဘတ်ဆီကို ဖုန်းတစ်ချက်လောက် ခေါ်ပေးကြပါ ။

ဟယ်လို ..... တက်စ်စတင် ၊ ၀မ်း .. တူး ... သရီး ။

ဒီလိုမဟုတ်ဘူးလေ ။

အခုပြောနေတာ မိုက်ခ်ခရိုဖုန်း မဟုတ်ဘူး ။

ဟယ်လို ..... ဟယ်လို ..... ကြားရလား ။

ဘာသံတွေလဲ ။

သွားရင်းလာရင်းနဲ့ ဖိနပ်က သဲကြိုးပြတ်ထွက်သွားတယ် ။

လိုင်း သိပ်မကောင်းဘူး ။

လေနံ့ မိုးနံ့ ရတာနဲ့တင် အသက်ရှူမမှန်ချင်တော့ဘူး ။

ရာသီဥတုက "ဆောင်း" သာဆိုတယ် "ပူ" လိုက်တာ ။

မော်နီတာ ဖန်သားပြင် "ဖျတ်" ခနဲ ပိတ်သွားသလို ။

ဘာလုပ်လုပ် ဆောက်တည်ရာမရနဲ့ ။

"မလွမ်းပါဘူး" လို့ ကိုယ့်ကိုကိုယ် ရသလောက် ပြန် လိမ် တယ် ။

ဘယ်လိုပဲ ၀တ်ထား ၀တ်ထား နောက်ကျောက မလုံဘူး ။

အနွေးထည် ထူထူတစ်ထည်လောက် ပေးပါဦး ။

သွေးရူးသွေးတန်းနဲ့ စကားတွေ ထ ပြော တယ် ။

ကိုယ့်ကိုကိုယ် ဘာမြေကြီးကို နင်းမိထားမှန်းတောင် မသိဘူး ။

ရှူနေတဲ့လေထဲမှာ ဘာနံ့တွေပါလဲ ။

စိုထိုင်းစ နည်းနေပြီ ထင်တယ် ။

အာခေါင်ထဲမှာ ပက်ကြားအက်တွေနဲ့ ။

အခုတလော နေတွေ ခဏ ခဏ ပူ တယ် ။

ရုပ် နဲ့ နာမ် နဲ့ သိပ်မတွဲမိဘူး ။

ကျွန်တော့်ဆီကို ဖုန်းတစ်ချက်လောက်ဖြစ်ဖြစ် ခေါ်ပေးကြပါ ။

နံပါတ် ( ၈ ) ဂဏန်းတော့ ( လုံးဝ ) မပါစေနဲ့ ။

ပြောချင်တာက …..

ဒီကဗျာထဲမှာ ချော်ထွက်သွားတဲ့ ဖုန်းခေါ်သံ မပါဘူး ။

ပြန်နွှေးထားရတဲ့ မျက်ရည်တွေ မပါဘူး ။

ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်လိမ်ထားတာ မပါဘူး ။

 

                                                           

ညီစိမ်း

 

 

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter