ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက်
ကမ္ဘာကြီးက သူ့အလိုလို လည်ပတ်နေတယ် ၊ ကျွန်တော်တို့က ချစ်ခြင်းမေတ္တာနောက် ကောက်ကောက်ပါအောင် ဘာကြောင့် လိုက်နေကြတာလဲ ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိတဲ့တနေ့ အဲဒီမေးခွန်းကို ဖြေပါ့မယ် ..။ ဖြေခြင်း မဖြေခြင်း အဖြေရှိခြင်း မရှိခြင်း အကြောင်းခြင်းရာများစွာထဲ ကျွန်တော်တို့ ပိတ်မိနေကြတယ် ။ ထွက်ပေါက်တွေကို ရှာဖွေဖို့ မျက်လုံးပါမလာဘူး ။ ပိတ်မိခြင်းထဲ ပိတ်မိနေတဲ့အတိုင်း ကိုယ့်ကိုကိုယ်ပြန်ပိတ်ထားလိုက်တယ် ။ အလုံပိတ် အခန်းထဲမှာ ၊ အလုံပိတ် အတွေးတွေနဲ့ ၊ ကိုယ့်ကိုယ်ကို အလုံပိတ်ထားကြတယ် ။ ကျွန်တော်တို့ ဘယ်တော့များမှ လွတ်မြောက်ခြင်းလေသန့်ကို ရှူရှိုက်နိုင်မယ် ။ ကြိုတင်ကြံစည်မှုဟာ အနောက်ဖက်ဧရိယာတ၀ိုက်မှာ ။ ပျံနှံနေတုန်းပဲ ။ ရှင်သန်ခြင်း ၊ လွတ်မြောက်ခြင်း ၊ ရှူရှိုက်ခြင်း ၊ ကြိယာပုဒ်ပေါင်းများစွာထဲက အနှေးရုပ်ရှင်ပြကွက် တစ်ခုဟာ ။ လေထုထဲ ။ ပျံနှံ့နေတုန်းပဲ ။ လို့ ယူဆထားလိုက်ရုံပါ ။ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ၊ ခင်ဗျား ဆိုလိုတစ်အုပ်လောက် ထုတ်ချင်နေတာလား ။ ခင်ဗျားရဲ့ ဆိုလိုချက်တွေကို ခင်ဗျားရဲ့ ဆိုလိုစာအုပ်ထဲ ထည့်ရေးမှာလား ။ ရယ်ရပါတယ် ၊ သိပ်ကိုရယ်ရပါတယ် ။ လောကကြီးက ကိုယ်တွေနဲ့ အဆင်မပြေဘူး ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ တဖြည်းဖြည်းနှေးကွေးလာတဲ့ တစ်ကိုယ်ရည်ကမ္ဘာထဲ ။ ခင်ဗျားမှာ ကျည်ဆံတွေရှိတယ် ။ ကျွန်တော့်မှာ ရယ်သံတွေရှိတယ် ။ ဘယ်သူပြိုင်လို့ လှနိုင်မလဲ ။ ဆိုတာ ခင်ဗျားရဲ့ ရွှေ့ကွက်တွေထဲ အသံထွက်မှားကောင်း ။ မှားနေနိုင်တယ် ။ စာလုံးပေါင်းသတ်ပုံတွေကို စွန့်ပစ်လိုက်ကြမယ် ။ ကျွန်တော်တို့ သတ်ပုံတွေ မှားယွင်းကောင်း မှားယွင်းနေကြလိမ့်မယ် ။ ဖြည်းညင်းစွာ သတ်ပါ ။ တစ်ခါတည်း အသေသတ်ပါ ။ ဘယ်အရာကို ခင်ဗျား လိုအပ်ပါသလဲ ။ ဖြည်းညင်းစွာ တစ်ခါတည်း ရွေးချယ်ပါ ။ စွန့်ပစ်မှုတွေကို စွန့်ပစ်လိုက်ရင် အသစ်တွေကိုသတ်သလိုဖြစ်သွားမယ် ။ ထင်တယ် ။ ဖြည်းဖြည်းသတ်ပါ ။ သီချင်းသံက နားထဲ ။ Solo တွေ ။ စလိုးမိုးရှင်း နဲ့ သေသွားပုံက ။ ဆန်းတယ် ။ စွန်လွှတ်တာ ဆန်းလား ၊ စွန့်လွှတ်တာ ဆန်းလား ။ ဆန်းပြားခြင်း ဆန်ပြာခြင်း ကိစ္စတွေဟာ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်လဲ ။ ပတ်ပတ်သက်သက် ပက်ပက်စက်စက် ပြောရရင် ၊ လူမှုအဖွဲ့အစည်းကို ကျွန်တော် စိတ်ပျက်နေတယ် ၊ ဆိုတာပါပဲ ။ ကမ္ဘာဟာ အလုံးသဏ္ဍာန်သို့ ပြန်လည်ကူးပြောင်းခြင်း ။ လှည့်နေသလို ။ လိမ့်နေသလို ။ တစုံတယောက်က လှိမ့်နေသလို ။ ကျွန်တော်စွန်လွှတ်ကြည့်လိုက်တယ် ။ ကြိုးထဲ ။ စွန်ဟာ မလွတ်မြောက်နိုင်တော့ဘူး ။ စွန်ဟာ စွန်ပဲ ၊ ကြိုးဟာ ကြိုးပဲ ။ ဆိုင်းကြိုးတပ်ဖို့ ဆိုင်းခဲ့ရတဲ့ ကာလတွေ ဘယ်လောက်ကြာခဲ့သလဲ ၊ ဆိုတာ ၊ ကျွန်တော်တို့ ကိုယ်တိုင် မရေတွက်နိုင်တော့ ၊ မရေတွက်နိုင်တော့ ။ လိမ်လိုက်မိသလား ။ ခင်ဗျား အလိမ်ခံလိုက်ရသလား ။ မေးခွန်းဟာ ခင်ဗျားကို မျိုသွားတာ ။ ခင်ဗျားသိလိုက်သလား ။ ဟော ။ စွန်လေး လွှတ်နေရင်း လွတ်သွားတယ် ။ ကြိုးထဲ ။ အချိန်ဟာ ဆိုင်းကြိုးကို တုန့်ဆိုင်းသွားစေတယ် ။ လေထဲ လွှင့်ချင်ရုံလောက်ပါ ၊ လူးလွန့်နေစေရုံလောက်ပါ ၊ စက္ကူစွန်လေးတစ်ကောင်အတွက် သရဏဂုံတင်ပေးစရာ ဘာအကြောင်းရှိမလဲ ။ ဈာပန ဆိုတာ ဟာသဇာတ်ကွက်တစ်ပုဒ်လို့ ကျွန်တော် သဘောထားတယ် ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ ရယ်သံတွေက အနိုင်ရသွားတဲ့အခါ ။ ဟာသက Solo ဖြစ်လာတယ် ။ စွန်သတ်လို့သေတဲ့ကြိုး ။ ရှာဖွေခြင်းထဲ ။ ဒိထက်လှတဲ့ ဈာပနကို လက်ဆောင်ထည့်ပေးလိုက်မယ် ။ သိပ်ကိုရယ်ရလွန်းပါတယ်။ သိပ်ကို ရယ်ရလွန်းတဲ့ လူမှုစနစ်ကြီးကို အားပါးတရ ရယ်ပါမယ် ၊ ဟား ဟား ဟား ဟား ၊ ဒီ့ထက် ဘယ်နှစ်ခေါက် ပိုရယ်ရဦးမလဲ ၊ ဟား ဟား ဟား ဟား ဟား ဟား ဟား ၊ ဒီလောက်ဆို တော်သင့်ပြီ ထင်ပါတယ် ။ ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက် ။
မ င်း လု လ င် / ဆူး ခ က် မ င်း
090820111001PM
.
အကယ်ဒမီစာရင်းမ၀င်တဲ့ ဇာတ်ကား
ရင်ဘတ်တွေ ရင်ပုံတွေ ဘယ်ဈေးဘယ်လောက် ရင်သားတွေ ယဉ်ကျေးမှုတွေ ယဉ်ယဉ်လေးနဲ့ ရူး
သွားလောက်တယ်ဆိုတော့ နောက်ထပ် အဆင်းတစ်ခုကို ဘီးတွေ တပ်ပေးလိုက်ကြ ခေါင်းလောင်းထိုးတယ်
အမျှဝေတယ် ရေစက်ချတယ် ရေစက်တွေကျလာတာကို လက်နဲ့ သပ်တင်လိုက် ခေါင်းမော့လိုက် မျက်ရည်တွေ ခါ
ထုတ် လိုက် တမ်းပြေးတမ်းကစား နေသလို ဘ၀ က နေသားတကျ မောမောလာ လက်ကျန် ကို မော့ချလိုက် လည်
ထွက်သွား အောင် ထိုးချလိုက် နံရံနဲ့ဆောင့်လိုက် နံရံတစ်ချပ်ကို စောင့်ကြည့်နေလိုက် အခန်းလွတ်ထဲ ပိတ်ချသွားတဲ့ သော့
ခလောက်လို နာနာကျင်ကျင် ခပ်ပါးပါးလေး ဖြုတ်ချခံလိုက်ရတာဆိုတော့ အသံ က အသံကို မကြားနိုင်တော့ ဘူး တစ်လုံး
ဆောင် ကျုပ်တို့ ဘယ်တော့ ဆင်းရဲတွင်းကတက်မ လဲ ကျသွားတဲ့ စိတ်ကို ထထနှိုးရလောက်အောင် ပတ်ဝန်းကျင်က
ဆူညံလွန်းတယ် ဆန္ဒနဲ့ သိက္ခာတွေ ထိုးကျလာ သူလား ငါလား လားလားမှ မဆိုင်တဲ့ လူတွေနဲ့ ဂျပ်ပင်ထိုးမရ ဟိုမရောက်
ဒီမရောက် ခရီးကို ငါတို့ နှစ်ယောက်လျှောက်မယ်ဆိုတဲ့ ကတိကို ဘယ်သူက စဖျက်ခဲ့ သလဲ ဆိုတဲ့ ပုံပြင်တွေ ပုံပျက်ပန်းပျက်
ထိုးထွက်လာတော့ ငါတို့ သမိုင်းဆိုတာ ပိတ်ထားတဲ့ ဗလာစာအုပ်ထဲ လက်ရေးစုတ်စုတ် တွေနဲ့ပါ သွားတာ လာတာ ဂရုစိုက်ပါ
အမေစိတ်မချတဲ့ သားကို အမေစိတ်ချဖို့ အမေနေကောင်းပါစေလို့ အမြဲဆုတောင်းဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုတဲ့ ဆင်ခြေဆင်လက်တွေ
လက်လက်ထနေတဲ့ အတန်းအစားတွေ တယောက်တလှည့် မောင်းဖြုတ်ချဖို့ ၀န်မလေးတဲ့ အလွှာမှာ တယောက်တစ်ချက်
မောင်းထုတ်ကြ မောင်းထွက်သွားတဲ့ စိတ်ကို လိုက်ဖမ်းရတာနဲ့ လူက လူမပီသတော့ ပီပီသသ ရေရွတ်လိုက်တဲ့ အမိန့် နဲ့
ထောက်ခနဲ ပြတ်သွားတဲ့ကြိုးက ပန်းတွေ တစ်စချင်းလွင့်ထွက်သွား ရောက်ရာ အရပ်က ပြန်လာခဲ့ပါတယ် ဖိနပ်ကြိုးချည်ဖို့ မမေ့ခဲ့
ရေခပ်ဖို့ မမေ့ခဲ့ဘူး ရေမပါခဲ့တာကလွဲရင် အရာရာ အဆင်ပြေပါစေအမေ သားလည်းနေကောင်းပါတယ် ဘယ်ဘ၀ကို အပြစ်တင်မယ်
လို့တွေးထားတယ် ဘာလုပ်ဖြစ်မယ်လို့တွေးထားတယ် ခုတ်ရာတခြား ထိရာတခြား နားထင်ကိုဖေါက်ထွက်သွားတဲ့ ကျည်ဆံက မနက်ဖြန်
ထဲကို ပိဿာလေးနဲ့ တည့်တည့်ပစ်ထည့်လိုက်တာပေါ့ သူတို့ ငါတို့ ဖိနပ်ကြိုးတွေချည်လိုက် လမ်းတွေ လျှောက်လိုက် . . .
သင်္ကြန်အမြောက်လို ချိန်ရတာလွယ်သလောက် ပစ်ရတာသိပ်ခက်တဲ့ လူတန်းစား ဆိုတာ ဆိုင်းဆရာရေ . . . လိမ်ဖယ်လိမ်ဖယ်လေး နဲ့ ပြ . . .
မောင်မိုးချို
5:214PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)
၂၀၁၁ခုနှစ်၁၀ရက်၈လပိုင်း
ဘာလိုလိုနဲ့ စက်တင်လာရောက်ခဲ့ပြီ မဉ္ဇူရီ
နာရီကို ဖန်ပုလင်းလေးထဲ ထည့်သိမ်းထားခဲ့တယ် ။
ဆုတ်ဖြဲခံလိုက်ရတဲ့ မျက်ရည်စတွေနဲ့ ၊ ငိုနေပြီ မဉ္ဇူရီ ။
ငှက်ကလေး အဝေးကို ပျံသွားပြီ ။
တိမ်တွေလို ၊ ပင်လယ်ထဲ ရွက်လွှင့်သွားမှာပါ ။
အရောင်ချွတ်ခံထားရတဲ့ ပန်းတွေ ၊
ကြိုးနဲ့ သီထားတဲ့ ပုစဉ်းရင်ကွဲတောင်ပံတွေ ၊
ရေထဲမျောနေတဲ့ မီးပြတိုက်ဟောင်းပေါ်က မီးလုံးနီနီတွေ ၊
ပြီးတော့ နှောင်ကြိုးတန်းလန်း ရှုမျှော်ခင်းတွေ ။
ကျောက်တုံးတွေကို လွှတ်ချထားလိုက်ပါ မဉ္ဇူရီ ။
ခရီးဆုံးတော့မယ့် ရထားဟာ ဥသြသံရှည် ဆွဲဆွဲငင်ငင်နဲ့ ။
သြဂုတ်လဆန်း ၊ ညနေ ၅ နာရီ ၊ မရွာမဖြစ် မိုး ။
ဖြူဖြူစင်စင် ၊ မိုက်မိုက်မဲမဲ နဲ့ ။
သူလည်း ငိုနေပြီ မဉ္ဇူရီ ။
နာကျင်နေခဲ့ရတာသိလို့ နှုတ်ဆိတ်မျက်ဝန်းများ ။
ပျော်ရွှင်စေချင်တဲ့ ပုံဆောင်ခဲဟာ အရောင်အမျိုးမျိုး ပြောင်း လို့ ။
မိုးရေစက်တွေကို ရပ်တန့်ထားလို့ ။
ဆောင်းထားတဲ့ထီးကို ကြိုးတပ်ပြီး လွှတ်လိုက်တော့
ဦးဦးဖျားဖျားညနေခင်းမှာ တရစ်ရစ် ၀ဲ လို့ ။
မျှော်နေမိတဲ့အထဲ ခေါင်းလောင်းသံအဆုံး ပေါ်လာမယ့်မျက်နှာ ။
လမ်းမီးတိုင်တွေက စူးလွန်းတယ်တဲ့ ။
ဝင်တော့မယ့်နေလုံးကို ဓာတ်ပုံထဲမှာပဲ ရွေ့လျားခိုင်းထားတယ် ။
နေရောင်ခြည်တွေကို စားသုံးခဲ့ဖူးတယ် ။
You are my AzZuRee, MyZzuRee.
ဒဏ္ဍာရီထဲက ရွှေချထားတဲ့ နှုတ်သီးနဲ့ ကျီးကန်းတွေဟာ
အဖောက်ခွဲခံမိုးတိမ်စိုင်တွေကြားက တံတားကို ကိုက်ချီသွားခဲ့ကြတယ် ။
နာရီတွေထဲ ဘာကိုထည့်ပြီး သိမ်းဆည်းထားခဲ့သလဲ ။
ရူးနေတဲ့ယင်ကောင်ဟာ နတ်ဖွက်ထားတဲ့ပန်းကိုမှ တရှိုက်မက်မက် ။
တောင်းပန်တယ် ။ နူးညံ့နာကျင်စွာ ချည်နှောင်ခဲ့မိတယ် ။
အာတိတ်ဒေသ ၊ ၀င်ရိုးစွန်းစက်ဝိုင်း ။
ကြယ်တွေကို တစ်ယောက်တည်း ထိုင်ကြည့်ရတော့မယ့် လူ ။
ခြစားနေတဲ့ အဆုံးမရှိ ချောက်နက်ကြီးထဲ ၊
ရိုးသားလွန်းပြန်တော့လည်း ခါး တယ် ။
နောက်ဆုံးတော့
ရေခဲကျွန်းမျောတွေကြား ရွက်လွှင့်နေခဲ့တဲ့ လှေငယ်ဟာ
ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပြီ မဉ္ဇူရီ ။
တိမ်ကိုး
အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျ ။ နေတာကို ဆံပင်စုတ်ဖွားနဲ့လူက သဘောကျနေလေရဲ့ ။
ရေချိုးသန့်စင်ပစ်လိုက်ဖို့ ဆံပင်တွေထဲ သံသယတွေက တနိုင်တပိုင်ထက်ပိုလွန်းနေတယ် လို့
ဆံပင်စုတ်ဖွားနဲ့လူ မကြာခဏ ပြောတယ် ။
ပတ်ဝန်းကျင်ထဲ လူသွားလူလာမပြတ်စေဖို့ ကိုယ့်ကိုကိုယ်တံဆိပ်ပြန်တပ်ထားပါတယ် တဲ့
ဆံပင်စုတ်ဖွားနဲ့လူက ကဗျာဆရာအယောင်ဆောင်မှုကို ထဲထဲဝင်ဝင်နှစ်သက်တယ် ။
မကြာမကြာဆိုသလို စကားလုံးအစုအဖွဲ့တွေကို ကဗျာတွေပါလို့ လူတွေကို လိမ်တယ် ။ လူသွားလူလာမပြတ်စေဖို့ ။
ဆံပင်ရှည်ရှည်တွေထဲ စိတ်ကိုတတ်နိုင်သလောက်တိုအောင် ဖွက်ထားတတ်တဲ့ ဆံပင်စုတ်ဖွားနဲ့လူက
အလင်းဆိုင်ရဲ့ ညတွေထဲ တနံတလျားကျယ်တဲ့ စကားတွေကို အိပ်ချင်ယောင်ဆောင်ရင်း ရှာနေတတ်သတဲ့ ။
သူက လူလိမ် ။ ကဗျာဆရာအယောင်ဆောင်မှုကို လွယ်လင့်တကူကျူးလွန်တတ်သူ ။ ပြီးတော့လဲ ဘာမှမဟုတ်ပြန်ဘူး ။
စိတ်လိုလက်ရ အလင်းရတဲ့နေ့မျိုးဆိုရင် ဆံပင်တွေထဲ မုသားတွေခိုကပ်နေမလားလို့ မွှေနှောက်ရှာဖွေ
တစ်ယောက်ထဲ တိတ်တိတ်လေး ရယ်နေတတ်တယ် ။
ဆံပင်စုတ်ဖွားနဲ့လူလိမ် ။ သူပြုံးတယ် ။ သူရယ်တယ် ။
တခါတခါကျ ၀မ်းနည်းစရာကောင်းလှတဲ့ ပြက်လုံးတစ်ခုကို ဟက်ဟက်ပက်ပက် ငိုကြွေးနေတတ်တယ် ။
မနက်ခင်းဆိုတာ သူဖွင့်မကြည့်ဘူးတဲ့ အပြာရောင်ဇာတ်ကားတစ်ခုသာဖြစ်ကြောင်း ။
အဲဒီ ဆံပင်စုတ်ဖွားနဲ့ လူပေါ့ ။ လိင်မှုကိစ္စ အ၀၀ကို ၀ဖီးဖီးမိန်းမကြီးတစ်ယောက်ဆီမှာ ကိုယ်ထိလက်ရောက်စုံစမ်းနေလိုက်သေးတယ်။
သူကိုယ်တိုင် ပြန်ချုပ်ထားတဲ့ ချုပ်ရိုးတွေကို ငြီးငွေ့နေပြီ တဲ့ ။
သူဟာ တတိယလူဖြစ်ကြောင်း ၊ လူရွှင်တော်ဖြစ်ကြောင်း ၊ ဆံပင်စုတ်ဖွားနဲ့ လူလိမ်တစ်ယောက်ဖြစ်ကြောင်း ။
အာလေးလျှာလေး နဲ့ အသံက ဆံပင်စုတ်ဖွားနဲ့လူဆီမှာနေ့ရောညပါ ခိုလှုံနေ ။
သူ့ဆံပင်စုတ်ဖွားတွေထဲ အသံတွေဝင်သွားမှာကို သွေးရူးသွေးတန်းကြောက်လန့်နေတတ်သေးတယ် ။
အညှီအဟောက်တွေလား ။ အဟောင်းအမြေ့တွေလား ။ ဘောင်တွေထဲ ။ အသစ်တွေထဲ ။
သူဟာ ပန်းချီကားတချပ်မဟုတ်ပါဘူးတဲ့ ။ နားရည်ဝနေကျစကားလုံးတွေနဲ့ ခါးခါးသီးသီး ငြင်းနေတဲ့ ဆံပင်စုတ်ဖွားနဲ့လူ
အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျနေတာကို သဘောကျနေလေရဲ့ ။
မင်းလုလင်
.
မနက်အစောကြီးထပြီးရင် ဘာလုပ်ရဦးမှာလဲ ၊ မနက်အစောကြီး ထ
ရတာ နဲ့ ပြန်ပေးလိုက်ရတာ မမျှတဘူး မတန်ဘူး တန်ဖိုးတိုင်းဟာ တိုင်းတာလို့
မရဘူး ရတယ် ဆိုတာတွေနဲ့ ရှုပ်ထွေးနေရပါတယ် ၊ ကျုပ်တွေးနေရပါတယ်
ကျုပ်ရဲ့  ဖြစ်တည်မှုဟာ သူမရဲ့  လက်ဖ၀ါးလေးပေါ်မှာ မလှုပ်သာ မယှက်/ရှက် သာ
သာယာယာ အမြဲတမ်း ဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ ၊ စိတ်ထောင်းတော့ ကိုယ်ကြေ
ကွဲရပါတယ် ၊ ရင်ဘတ်တွေ နာကျင်လွန်းရပါတယ် ၊ ငါ/ကိုယ် ထင်ရင် ခုတင်/ခုလေးတင်
ရွှေနန်းပေါ့ ၊ သေစမ်းပေါ့ ၊ ရုတ်တရက်ကြီး သေပစ်လိုက်ရတော့မယ် ဆိုတော့ ရုတ်တရက်
ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ရတာပေါ့ ၊ ဗလောင်းတွေရော ဗလဲတွေရော ပြော
ပစ်လိုက်ရမှာလည်း အဆီတ၀င်းဝင်း ဆိုသလို ၊ စားရမှာလည်း သဲနဲ့ တရှပ်ရှပ် ၊
တစ်ရှက်ကနေ နှစ်ရှက် အကွဲမခံနိုင်ရင် ၊ အရှက်တရားကို ခါးပုံစထဲထည့်ပြီး
သိမ်းထားလိုက်ပေါ့ ၊ ထိန်းထားလိုက်ပေါ့ ၊ နာကျင်ခြင်းတွေ လွတ်ထွက်မသွားအောင်
ဆိုပြီးတော့ နာကျင်ခြင်းတွေကို ကြိုးနဲ့ ခပ်နာနာလေး တုပ်ထားလိုက်တယ် ၊
လည်ချောင်းထဲကနေ တိုး/ထိုး ထွက်လာတဲ့ အလိုမကျခြင်းတွေဟာ ကိုယ့်ကို ၀ါး
မြို သေအောင် မြို မသေမချင်း မြို ကိုယ့်အိမ်လိုသဘောထားပြီး မြို
မြို့ လေးတစ်မြို့  ရဲ့  အနီးမှာ မြို့ လေးတစ်မြို့ ရှိတယ် ၊ အဲ့ဒီမြို့ လေးရဲ့  သင်္ချိုင်းမှာ
မြေပုံတစ်ခု ရှိတယ် ၊ ကိုယ်တို့ လမ်းပျောက်ရင် အသုံးဝင်ကောင်းဝင်ပါလိမ့်မယ် ၊
ကိုယ်တို့ဟာ လမ်းပျောက်နေတဲ့ သတ္တ၀ါတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊
သံလိုက်အိမ်မြောင်ဟာ သန်လိုက် မသန်လိုက်နဲ့ ဘတ်လဘိုင်လိုက်နေပါတယ် ၊
ကိုယ်တို့ ဘာကိုများ ယုံကြည်သက်ဝင်စရာ ရှိဦးမလဲ ၊ ကြေကွဲရပါတယ် ။
ဆူး ခ က် မ င်း
120920111101PM
.
ခင်ဗျားဆိုလိုရင်း ခင်ဗျားကိုယ်တိုင်နားလည်ရဲ့လား
လူတစ်ယောက်ရဲ့စိတ်အကန့်အသတ်ကို ပြောင်းပြန်လှန်ကြည့်လိုက်ပါ
ကံဆိုတာအလုံးအပြားအတိုအရှည်လေးထောင့်အ၀ိုင်းဟုတ်မဟုတ်တွေ့ရလိမ့်မည်မဟုတ်
မျက်နှာဖုံးတပ်လိုက်တိုင်းခင်ဗျားကံကောင်းသွားရောလားအဲဒီမျက်နှာဖုံးဆိုတာကရော
ပွဲဈေးမှာဝမ်းရေးအတွက် တစ်ခု ၅၀ ကျပ်တန်တဲ့ ဈေးနှုန်းသတ်မှတ်ပြီးကလေးအကြိုက်ကတ္ထူစက္ကူတစ်ခုလား
အပြုံးဆိုတာအမျိုးမျိုးရှိသည် မချိပြုံး မဲ့ပြုံး မလိုတမာပြုံး အပြုံးဋီကာ ဖွဲ့ပြနေရဦးမှာလား
လေတိုက်တိုင်းသစ်ရွက်ကြွေသည်ဆိုပါစို့
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါအကြီးစားဖြစ်သည်ဆိုလျှင်အခုချိန်ကစပြီး
ခင်ဗျားနားတွေပိတ်ထားလိုက်တော့ မျက်လုံးတွေဆွံ့အသွားသည့်တိုင်အောင်သံယောဇဉ်ကို ပိုးမွေးသလိုမွေးမြူကြည့်ကြတာပေါ့
အဆုံးမရှိသောအစတဲ့ အစမရှိသောအဆုံးကို ပြန်လည်ရှာဖွေကြည့်သောအခါ
၁။မနက်ဖြန်ဘယ်ပုံစံနဲ့ ခင်ဗျားအသက်ရှုမလဲ
၂။ကိုယ်ကျင့်သိက္ခာကို ပက်လက်လှန်ထားကြည့်မိသောအခါ
၃။ဆေးစိမ်ထားတဲ့ဝါကျအတိုများ စသည်ဖြင့်....စသည်ဖြင့်
လျှာယားစရာကောင်းသောစာသားတစ်ချို့တစ်လေကို လျှာဖျားလေးနှင့်မတို့ပါနှင့်
ခင်ဗျားလည်ချောင်းအ၀မှာ ကျွန်တော်မြင်လိုက်မိတဲ့ စကားလုံးအသေ က တိုးလို့တန်းလန်း
ကျေးဇူးပြု၍ မျှားချိတ်မှာအစာအတုတပ်၍၀ါကျအရှင်ဖြင့်ကျွန်ုပ်ကို မျှား ပါ။
မထင်မိဘူး ။ ဓားသွားနဲ့ ။
ဇာတ်လမ်း အစကလည်းက ခရမ်းရောင် ကိုယ်စီနဲ့ ။
လွန်ခဲ့သော မနေ့က နှစ်သန်းပေါင်းများစွာဆီ ။
လည်ပတ်ဆဲ ကမ္ဘာဟာ
ယန္တရားအသစ် ၊ ဝင်္ကဘာအသစ် ၊ အသက်ရှင်နေထိုင်မှုအသစ်နဲ့ ။
မြောက်ဝင်ရိုးစွန်းသွားပြီး ကြယ်တွေကို ကြည့်ဖို့ ။
ညတိုင်း လကို မျှော်ဖို့ ။
သရေခေတ္တရာ ၊ ပုဂံမြို့ဟောင်း ။
လသာည ဘယ်နှစ်ကြိမ် တိုင်ခဲ့တယ် ။
ဘလိတ်ဓားရှရာလေးကနေ ဖွားကနဲ ပန်းတွေ ပွင့်လာသလို ။
ရှူစရာလေမရှိတော့တဲ့ မီးတောက်လေးက
အခန်းထောင့်မှာ ငိုလို့ ကြွေးလို့ ။
ဦးခေါင်းအတွင်းပိုင်း နံရံပေါ်မှ ပင့်ကူမျှင်များ ။
ရီမုကွန်ထရိုးကြားခံနယ် နှင့် ဘာမြူဒါတြိဂံနယ်မြေသစ်များကြား ။
လက်လှမ်းမှီသလောက် ပြတင်းပေါက်တွေ လိုက်ပိတ်ပစ်တယ် ။
ငေးမိတဲ့ သူမနောက်ကျောမှာ “မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ တံဆိပ်ကို ကပ်လို့ ။
မြရာပင်လည်း ပန်းတွေနဲ့ ။
တရုတ်စကားပင်လည်း ပန်းတွေနဲ့ ။
တီ တီ တီ မြည်နေတဲ့ ဖုန်းကို ကောက်ကိုင်တော့
ဗိဿနိုးမြို့ဟောင်း ၊ မိုးပြာရောင် ၂၀၀၈ ။
အနှေးပြကွက်များ ။
အရူးတစ္ဆေခြောက်ခံရတဲ့ ည ။
ကူးခတ်လို့ မဆုံးနိုင်တော့မယ့် ပင်လယ်ထဲ ။
တ ၀ဲ ၀ဲ ။
ရေပြင်ထဲကို ရောင်စုံကျောက်စရစ်ခဲတွေ တစ်လုံးပြီး တစ်လုံး ပစ်ပေါက်
ကျန်ရစ်ခဲ့တဲ့ ဆိပ်ကမ်းဟာ အထီးကျန်မီးခိုးငွေ့တလူလူနဲ့ ။
တစ်စထက် တစ်စ ပိုမိုဝေးကွာခြင်း က
အေးစက်တိတ်ဆိတ်စွာ ချဉ်းကပ်ဝင်လောက်လာ ။
အေဒီ နှစ်ထောင့်ဆယ့်တစ် ၊ တိမ်နံပါတ် ကိုး ၊
သစ်ပင်အတု ၊ ကျောက်ဖြစ်ရုပ်ကြွင်းကမ္ဘာ ၊
တစ်ယောက်တည်းနေ ၊ တစ်ယောက်တည်း နေ့ ။
ကျပ်မပြည့်တဲ့ ဒင်္ဂါးဟာ စားပွဲပေါ်မှာ တ၀ီဝီ လည် လို့ ။
ဧဒီ
အချိန်တွေထဲက ထွက်ပြေးဖို့ ငြင်းဆန်/လှည့်စား မဖြစ်နဲ့ ၀ိညာဉ်တွေ
တုန်ခါနေ ဝေဒနာက မင်းဆီပြန်လာတဲ့လမ်းမှာ ဗားရှင်းအသစ်နဲ့
ကြောက်စရာကောင်းတဲ့ အမြှေးပါးတစ်ထပ်နဲ့ ပါးစပ်ထဲကို ငွေစက္ကူတွေ
အထပ်လိုက် ထိုးထည့်/ပြီးတာနဲ့ တဖြည်းဖြည်း သေးငယ်သွားမယ့်
မင်းမျက်နှာကို ငါ ကျေကျေနပ်နပ်ကြီး ထိုင်ကြည့်ရတာပေါ့ မိုးစက်တွေ
ငါ့ကို သတ်လိမ့်မယ် မင်းကို သတ်လိမ့်မယ် ငါတို့အားလုံးကို သတ်လိမ့်မယ်
ငါတို့ကိုယ်ငါတို့ နံရံတွေပေါ် ပစ်တင်ထားလိုက်ကြမယ် ဘယ်သူမှ မမြင်နိုင်
မယ့် နံရံမျိုးတွေပေါ် ငါတို့ကိုယ်ငါတို့တောင် ပြန်မမြင်ရတော့လောက်အောင်
အထိ လမ်းတွေပေါ် လှဲအိပ်နေတဲ့ နတ်ဆိုးတွေ ငါတို့ ကျရှုံးသွား ကျဆုံးသွား
လျှို့ဝှက်ချက်ဟာ တဖြည်းဖြည်းရူးသွပ်လာ အရူးပဲ အနှမ်းပဲ အသစ်တွေ
အကုန်လုံးကို သတ်ပစ်ကြမယ် ငါတို့ဟာ အဟောင်းအမြည့်တွေနဲ့ ရှူသွင်း
ရှိုက်သွင်း လှည့်စားချက်က ဘာလဲဆိုရင် ငါတို့မှာ ရှိပြီးသား စကားလုံး
အမှိုက်တွေ ဘယ်သူလိုသေးလဲ ငါတို့ကျော်လွန်ခဲ့ပြီးသား မျက်လုံးတွေထဲ
ကြည့်လိုက် အမှိုက်တွေ အမိုက်စားတွေ ဘာမှမရှိခြင်းဟာ ငါတို့မှာ
ရှိပြီးသား ရုပ်ဝတ္ထုပစ္စည်း ငါက အရာအားလုံးကို လွဲသွားတာ ငါတို့ ပြီးသွား
ကြပြီလို့ ထင်လား ငါက တစ်ယောက်တည်းပဲ နံရံပေါ်ချိတ်ဆွဲထားတဲ့ နတ်ဆိုး ။
ဆူး ခ က် မ င်း
120720111318
မကြာမီမှာ ခင်ဗျား လက်ခံရရှိမှာက
ချောကလက် ည၊
နောက်တစ်ခေါက် ရောက်မလာသေးတဲ့ အသံ။
အရင်တုန်းက ဒီရေမြောင်းလေးထဲ
ကျွန်တော့် စက္ကူလှေလေးတွေမျော ဖူးတယ်။
(အရမ်း နှမြောနေတုန်းပဲ)
ဟောဒီတောင်ကုန်းလေးပေါ်က
ဖြတ်ပြန်သွားတဲ့ တောဘဲတစ်အုပ်ကို
ငေးကြည့်ဖူးတယ်။ (ငေးနေတုန်းတော့ ဘာတွေမှန်းမသိခဲ့ဘူးပေါ့)
နောက်ပြီး
သူမရဲ့ နှုတ်ခမ်းကို စိတ်ကူးနဲ့ နမ်း ....
- နေနှင်းစက် -
{ ဒီကဗျာကို ဆက်ပြီး ရေးဖို့ ဒြဒ်စင် တစ်ခု လိုအပ်နေတယ် }
ကြွက်ကလေးတစ်ကောင်
အခန်းတစ်ခုလုံး လင်းထိန်နေအောင် မီးသီးဖြူဖြူတွေ အစီအရီထွန်းထားပြီး ခန်းမရဲ့အလယ်ဗဟိုတည့်တည့်မှာ စားပွဲခုံ အဖြူတစ်လုံး ထိုင်ခုံဆိုဖာ အဖြူတစ်ခုနဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရပ်နေတယ် .. သူရဲ့ အသားရေကလည်း အဖြူ။ စားပွဲခုံပေါ်မှာ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တစ်တောင့်။
ကင်မရာက လူငယ်ရဲ့ မျက်နှာစီကနေ တဖြည်းဖြည်းဝေးလာမယ်
ပြီးရင် အခန်း ပြီးရင် ထိုင်ခုံဆိုဖာ အဖြူ ပြီးရင် စားပွဲခုံ ပြီးရင် စားပွဲခုံပေါ်က ပစ္စတို။
လူငယ်ရဲ့ လှုပ်ရှားမှုလေးတစ်ခု အစပြုလိုက်မယ် .....
“ဒီအခင်းအကျင်းလောက်ဆိုရင် ပရိတ်သတ်တွေက မကြာခင်မှာ ဒီအခန်းထဲ အနီရောင်အစွန်းအကွက်တွေ
ဖြစ်လာတော့မယ် ဆိုတာ တွက်ပြီးသားဖြစ်လောက်ရောပေါ့”
“ဟုတ်တယ် ..... သူတို့ အဲဒါကို သေချာပေါက်ခန့်မှန်းမိမှာပဲ .... ဒါပေမယ့် သူတို့ မထင်မိတာက အဲဒီအဖြစ်အပျက် အပြီး ကြွက်ကလေးတစ်ကောင် အခန်းထဲက ထွက်ပြေးသွားမယ်ဆိုတာကိုပဲ ... ”
“အဲဒီ ကြွက်လေးက အမည်းရောင်”
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
ဒီဇာတ်လမ်းရဲ့ အစက
နံနက် ၈း၀၀။ ။ ညက အိပ်ပျက်ထားတဲ့ အရှိန်နဲ့ ခေါင်းနဲနဲနောက်နေပေမယ့် သွားစရာရှိသေးတာမို့ အိပ်ရာက သူ ထဖြစ်တယ်။ အခန်းထောင့်နားမှာ ကြွက်ကလေးတစ်ကောင် ဖြတ်ပြေးသွားတာကို ရုတ်တရက်တွေ့လိုက်ရတယ်။ သိပ်မထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဥပက္ခာပြုထားလိုက်။ မျက်နှာသစ် သွားတိုက် ရေချိုး အဝတ်အစားလဲ။ ဒါက လုပ်နေကျအလုပ်တွေမို့ သိပ်မထူးဆန်းဘူး။ ရေချိုးခန်းအဝင်ဝမှာ ကြွက်လေးတစ်ကောင်။ နောက်ပြီး ဗီရိုထဲမှာ။ ထားလိုက်ပါတော့ သွားစရာက ရှိသေးတယ်။
နံနက် ၉း၀၀ ။ ။ ပုံမှန်အတိုင်းပဲ ကားဂိတ်ရောက်လာတယ်။ ကျောင်းထဲရောက်မယ့်ကားကို တတ်စီးတယ်။ ကားပေါ်မှာ ကြွက်ကလေးများ ပါလာသေးလားဆိုပြီး ရှာကြည့်နေမိတယ်။ သူ တော်တော်ရူးတာပဲလို့ ပြန်တွေးမိ။ ဒါပေမယ့် သူ့ထိုင်ခုံဘေးမှာ ကြွက်ကလေးပါလာတယ်။
နေ့ခင်း ၁၁း၀၀ ။ ။ Brake Time ဆိုတော့ ကန်တင်းမှာလည်း လူအပြည့်ပဲ။ ဒီနေ့တော့ အတန်း ၂ ချိန်စာ လွတ်သွားပြန်ပြီ။ ဒါလည်း ဖြစ်တတ်ပါတယ်လေဆိုပြီး ကန်တင်းပဲ တန်းသွားလိုက်တယ်။ ဟော ... ကန်တင်းမှာလည်း ကြွက်ကလေး နေ့လည်စာစားနေတယ်။ သူက မနက်စာနဲ့ နေ့လည်စာ ပေါင်းစားတယ်။ သူငယ်ချင်းတွေကို မတွေ့တာကြာတဲ့ ပုံစံနဲ့ စကားတွေ တစ်လှေကြီး ပြောလိုက်တယ်။ လေခွန်မဆောင်ရသမျှတော့ လုပ်ချင်သလို လုပ်ပေါ့။ ဆောင်ရလည်း ကျောင်းသားပဲ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ ဒီလိုနဲ့ တစ်နာရီကျော်ကြာပြီးတော့ စာသင်ခန်းသွားတော့ စာသင်ခန်းထဲမှာ ကြွက်လေးရောက်နေပြန်တယ်။ စာသင်တယ်။
ညနေ ၃း၀၀ ။ ။ ကျောင်းကနေ အိမ်ပြန်မယ်။ ကားဂိတ်မှာ ကြွက်ကလေးတစ်ကောင်။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ်။ ကြွက်ကလေးက အဲဒီနားကဖြတ်သွားပုံရပါတယ်။ ရုတ်တရက် အမြင်လွှာမှာ လာကပ်ပြန်တယ်။ ခက်ပြီ တစ်နေကုန် ကြွက်နဲ့ကို မလွတ်သေးဘူး။ သူငယ်ချင်းတွေနဲ့ ထပ်ပြီး လေရိုက်တယ်။
ည ၉း၀၀ ။ ။ ကွန်ပြူတာရှေ့မှာ အချိန်ကုန်ဖို့ စတင်လှုပ်ရှားတယ်။ ပြောရရင် အိမ်ထဲရောက်နေပြီ။ ပိုပြီးတိကျရမယ်ဆိုရင်။ သူ့ အိပ်ခန်းထဲ သူပြန်ရောက်နေပြီလို့ ဆိုရမှာပေါ့။ ဟုတ်တယ်လေ ရောက်နေပြီပဲ။ ကဲကဲ ဆက်ပြောရအောင်။ ကွန်ပြူတာထဲမှာ ကြွက်ကလေး တစ်ကောင်။ ဟူးးးးး ...... ဒီကြွက်ကတော့ ရေစက်ပဲ ... သူတစ်ယောက် နဲ့ ကြွက်တစ်ကောင်နဲ့ ဇာတ်လမ်းပေါ့။ ဟုတ်တော့မဟုတ်သေးဘူးဗျ။ ခင်ဗျားဇာတ်လမ်းက ရုပ်လုံးမကြွဘူး။ ထားတော့ ... ။ အချိန်လင့်တော့မယ်။
နံနက် ၂း၀၀ ။ ။ ထုံးစံအတိုင်းပဲ သူ့အိပ်ချိန်က ဒီအချိန်ပေါ့။ ကြွက်ကလေးရေ အိပ်နေပြီလား။ ပြန်မထူးပုံထောက်ရင်တော့ အိပ်နေလောက်ပြီ။ အဲဒီကြွက်ကလေးက အိပ်မက်ထဲမှာ သူ့ လက်မောင်းပေါ်မှီအိပ်နေရဲ့။ ရပြီ ဒီလောက်ဆို သူ့ရဲ့ တစ်နေ့တာက ကြွက်နဲ့ နှစ်ပါးသွားနေရတာပဲ။ ပရိတ်သတ်ကလည်း ကြွက်ကလေးက အထီးလား အမလား သိလောက်ပြီပေါ့။ သြော် ..... တစ်ခုမေ့နေတာ .. ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ။ သူက .. သူကလား ခင်ဗျားထင်သလိုပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ဗျာ။ ဒါပေမယ့် သေချာပါတယ်။ အဖြူရောင် လူငယ်လေး နဲ့ အမည်းရောင် ကြွက်လေး။ မှားနေပြီဗျ။ အစကတည်းကမှားတာ။ ထားတော့ .... ။
ကျုပ်ရဲ့တစ်နေ့တာမှာ ကြွက်တစ်ကောင်ဟာ အမြင်အာရုံတိုင်းမှာ အသည်းအသန် တွယ်ကပ်နေတယ်။
နံနက် ၈း၀၀ ။ ။ ကျောင်းကားပေါ်မှာ သူမ တစ်ယောက်တည်း ထိုင်နေတယ်။ ရုတ်တရက် စိတ်ထဲထင်လာမိတာက တစ်ယောက်ယောက်သူမကို ကြည့်နေသလိုပဲ။ အင်း သူပဲနေမှာပေါ့။ သူက အဲသလိုပဲ။ သူမကို အမြင်လွှာထဲ နှစ်ထားချင်ပုံရတယ်။ မှန်တင်ခုံပေါ်မှာ ထိုင်နေကတည်းက သူက သူမ အနောက်ဘက် ရောက်ရောက်နေသလို ခံစားနေရတာ။ တကယ်တမ်း သူရောက်နေတာက သူမရဲ့ ..... ။
နံနက် ၉း၀၀ ။ ။ ကျောင်းရောက်တော့ အတန်းကို အသည်းအသန်ပြေးရတယ်။ ဒီနေ့ နောက်ကျလို့ မဖြစ်ဘူးလေ။ သူက သူမ နောက်က ထပ်ချပ်လိုက်နေသလိုပဲ။ မလွယ်ပါလား ကောင်လေးရယ်။ ကျွန်မက ရှင့်မျက်စိအောက်က ထွက်ကျလို့မရတဲ့ ဖုန်မှုန့်လား။ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့ အမြင်လွှာထက်က အရိပ်လေးလား။ ဟင့်အင်း ... တစ်ခုမှ မဟုတ်လောက်ဘူး။ ကျွန်မယူဆတာက ကျွန်မက ကြယ်တစ်ပွင့်လေ။ ရှင့်လက်နဲ့ မမှီတဲ့ကြယ်လား။ မှီတဲ့ကြယ်လား။ ကျွန်မ ရှင့်လက်မောင်းထက်မှာ တစ်မှေးလောက် အိပ်ချင်ပါသေးတယ်။
နေ့ခင်း ၁၀း၀၀ ။ ။ ကန်တင်းမှာ ဒီအချိန်ထိုင်ခုံကြပ်တယ်လေ။ အဲဒီတော့ သူမတစ်ယောက် အတန်းထဲမှာပဲ ထိုင်စားရတော့မှာပေါ့။ အင်း ... နေ့လည်စာအတွက် ကန်တင်းမှာ တစ်ခုခုသွားဝယ်ဦးမှာ။ ကန်တင်းမှာ စောင့်လိုက်ရတာလည်း ပြောမပြောချင်တော့ပါဘူး။ မပြောပါနဲ့တော့ဗျာ အချိန်ပုပ်တယ်။ နောက်တစ်ကဒ် ကူးရအောင်။ သူမ ကန်တင်းမှာ သူမ အတန်းထဲမှာ သူ့ မျက်လုံးအောက်ကတော့ ပျောက်မသွားဝံ့ဘူး။
ညနေ ၃း၀၀ ။ ။ စာစကားနဲ့ ပြောရရင်တော့ ပညာနို့ရည်သောက်သုံးပြီးတော့ အိမ်ပြန်ပြီပေါ့။ အမေ့နို့ရည် သောက်သုံးတဲ့ အရွယ်တော့ ကျော်သွားပြီ။ အမေ့ရဲ့ မေတ္တာရိပ်ကတော့ အေးတုန်းပါပဲ.. ။ ရှင်ရယ် .. ရှင့် အကြည့်တွေက ကျွန်မကို အတိတ်မေ့သွားစေတယ်။ ဒီလိုနဲ့ အိမ်အပြန်လမ်းလေးကလည်း ပုံမှန်ပါပဲ။
ည ၉း၀၀ ။ ။ သူအိပ်နေပြီလား။ တစ်ယောက်တည်း နေတိုင်း သူ့ကို သတိရတယ်။ အမြဲတမ်းလည်း တစ်ယောက်တည်းပါပဲ။ သူ့မျက်လုံးတွေကတော့ ကျွန်မနားက တစ်ဖဝါးမှ မခွာခဲ့ဘူး။ သူမ မှေးကနဲ အိပ်ပျော်သွားတုန်း အသံတစ်သံကြားလိုက်တယ်။ အိပ်နေပြီလားတဲ့။ သူပဲ နေမှာပါ ကျွန်မ သိတယ်။ အချိန်က
နံနက် ၂း၀၀ ။ ။ ဒီအချိန်ဆို ဒီအသံကိုကြားနေကျ တစ်ရေးနိုးနေကြ။ သူမ ပြုံးလိုက်ပျော်လိုက် မောလိုက် လွမ်းလိုက်။ ထားတော့ .. ဒါတွေက ကြာခဲ့ပါပြီ။ သူ့အမြင်လွှာတွေ သူမစီက စွန့်ခွာ ..... ။
သူ ဒီအချိန်လောက်ဆို အလွန်လင်းတဲ့ ဒါမှမဟုတ် မှောင်လွန်းတဲ့ နေရာကိုပဲကြည့်နေမှာ သေချာသလောက်ပဲ ဒါမှမဟုတ် ... ကျွန်မကိုပဲ တစ်ချိန်လုံး ဆက်ကြည့်နေဦးမှာလား။ သူ ကိုယ်တိုင် သူမပုံရိပ်တွေကို ဆက်မြင်ဖို့ အင်းအားမရှိတော့လို့ ခလုပ်မောင်းကို ဆွဲဖြုတ်ပစ်ခဲ့တာ ကြာပေါ့။ ကြွက်မလေးတစ်ကောင် သူ့နားက ပြေးထွက်သွားတယ်။ သူမရဲ့ တစ်နေရာရာမှာ သူခိုအောင်းနေရင်း သူမကို ကြည့်နေဦးမှာပေါ့။ ကျွန်မလည်း
သူ့အမြင်လွှာ နောက်ကို ထပ်ချပ်လိုက်ချင်လို့ ... ။
---------- ------------- ---------------- -------------- -------------- ----------------

ကျုပ် ကမ္ဘာကြီးဆီက ဘာမှယူမထားဘူး
မိုး တိမ် လား
ဆိုက် ပ ရက်စ် လား
မှန် ဘောင် ထဲ မှာ သွားထပ် တစ်ခု
သိ က္ခာ ရှိ ရှိ ရပ် နေ တယ် ။
-ရုပ်သေး
345632011
စက္ကူနဲ့ ထုပ်ပြီး ပြန်ပို့ပေးကြပါ
ဟာသတစ်ပုဒ်၊
ညဥ့်နက်သန်းခေါင်း
အ၀ါရောင်ပန်းစည်း
ရေနွေးဆူဆူနဲ့
(၃) မိနစ်ပဲစောင့်ရမယ့်ကဗျာ
သူမက အိပ်စက်ကခြင်းကို လက်ဆောင်ပေးတယ်
လူယဉ်ကျေးတွေက အိပ်မက်ကို ကြောက်တယ်တဲ့
မျက်စိနှစ်လုံးဖွင့်ပြီး အိပ်မက်မက်ပြမယ်။
အိုင်းစတိုင်း၊ ပီကာဆို၊ ဘီသိုဗင်
ဂျွန်ထရာဗိုတာ၊ မိုက်ကယ်အိုဝင်
နောက်ပြီး
မောင်ချောနွယ်
ရှုမျှော်ခင်းတွေနောက်ပဲလိုက်မယ်
ပြီးရင် လ္ဘက်ရည်တူတူသောက်ကြမယ်။
စာတစ်ကြောင်းရေးပြီးတိုင်း
ထမင်းလုတ်တွေကို မြင်ယောင်နေရမယ်ဆိုရင် မောမယ်။
စားသုံးသူအတွက် လိုအပ်ချက်အရ
မိမိကိုယ်ကို စိတ်အဆာဖြေမှု
ဇိမ်ခံပစ္စည်း
ကုန်ထုတ်လုပ်မှု နှင့် အရောင်းမြင့်တင်ရေး
အထက်ပါခေါင်းစဉ်များဖြင့် ကဗျာ မရေးပါ။
အိပ်မက်မက်ရန် အိပ်စက်ခြင်းမလိုအပ်ကြောင်း ။။။။။။။။။။
- နေနှင်းစက် -
ကဗျာ တစ်ပုဒ်ရေးဖို့ အချိန် ၃၅ မိနစ်လောက်ဆို လုံလောက်မလား
သီချင်းသံတွေ နားထောင်ပြီး ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်က
ဂီတာ တီးခိုင်းပြီးတော့ ငါ ကဗျာရေးကြည့်ချင်နေတယ်။
အငယ်ကောင် .. မင်းနဲ့ငါ ဂျိုးကို လွမ်းတဲ့အကြောင်း ကဗျာ တူတူရေးရင်ကောင်းမလား
ရုပ်သေးကတော့ ငါ့ရဲ့ အ၀ါရောင် ကော်ပတ်ရုပ်အကြောင်း ကဗျာရေးပေးမယ်တဲ့။
အချစ်ဆိုတာ ယဉ်ကျေးမှုတစ်ခုပဲ ..
မျက်မှောက်ခေတ်ရဲ့ ရေစီးကြောင်းမှာ မင်းဘယ်လိုမျောမလဲ။
မိုးချိုတစ်ယောက် ဘာတွေလုပ်နေလည်း။ ဆူးခက်မင်းကော ကဗျာကို ရုပ်လုံးကွဲပြီလား။
ညီစိမ်း က မီးလောင်နေတဲ့ ဂျူးတစ်ယောက်ဖြစ်မယ်။
ဟစ်တလာ တစ်ယောက်မကတဲ့ ကမ္ဘာထဲရောက်သွားရင် မင်းဘာလုပ်မလဲ။
ဟိုတစ်လောက ဟာသတစ်ပုဒ်ကောက်ရထားတဲ့ အလတ်ကောင်ကို ပြောလိုက်ပါဦး ..
အဲ့ဒါ ငါ့ဟာသဖြစ်လိမ့်မယ်။
ဇမ္ဗူရာဇ်လမ်း အိမ်အမှတ် (၁၈) ကို ဆက်သွယ်ပါ၊ Vegas လည်းမသောက်တော့ဘူးလို့
ပြောပြလိုက်ဦး။
အခု ခြင်တွေယင်တွေနဲ့ ပိုးကောင်မွှားကောင်တွေအကြောင်း ကဗျာ ရေးဖို့စဉ်းစားနေတယ်။
ကမ္ဘာကျော်ပုံပြင်တွေကို လွမ်းတယ်။ လောလောလတ်လတ် အော်စကာ ရထားတဲ့ ကားတွေကြည့်နေတယ်။
DotA မခုတ်တာ ၁ နှစ်ကျော်ပြီ။
သြော် ... တစ်ရက်လောက် ငါတို့ မိုးလင်းကြရအောင် ..
- နေနှင်းစက် -
ရီ ရီ ဝေ ဝေ
အနှစ် နှစ်ဆယ်လုံးလုံး အလိမ်အညာ နဲ့
အနှစ် နှစ်ဆယ်လုံးလုံး မာန နဲ့
အခု ၂၁ ၊ ဘာမှပြောစရာမရှိဘူး
ကျုပ် ကို ကျုပ် ယမ်းငွေ့မသေသေးတဲ့ ကျည် တစ်တောင့်လို
သူမ မျက်လုံးတွေထဲ
မောင်း ဖြုတ် ပစ် ၀င် လိုက် တာ က လွဲ လို့ 
- ရုပ်သေး
3220111240PM
ရီ ရီ ဝေ ဝေ - ၂
အန္တရာယ်ကို ဖိတ်ခေါ်နေရတာ ရွံစရာပဲ
သူမ ဒေါသဟာ လိမ္မော်ရောင် ၊ ကျုပ် က အနက်ရောင်
ဘာမှမသက်ဆိုင်တာတွေကို တွယ်ချိတ်နဲ့ အတင်းလှမ်းဆွဲချိတ်ထားတယ် ။
သက်ပြင်းဟာ မျက်နှာကျက်က ဆပ်ပြာဖူးဖောင်းတွေကို စိတ်လိုလက်ရ ကုတ်ခြစ်ယူ လို့ ။
သူမ မျက်လုံး ရဲ့ လေးဆယ့်ငါးဒီဂရီ ဒေါင့်တည့်တည့်မှာ
ကျုပ် နေထိုင်တယ် ။
ခဗျားတို့ ဆန္ဒရှိလို့ လျှင် တယ်ထင်ရင် ၊
ပစ်တော့ ။
- ရုပ်သေး
422011225PM
လှေကားသုံးထစ် ဆင်းလိုက်တာနဲ့ ဟုမ်းပေ့ခ်ျကို ရောက်ပြီ
ဈေးဝယ်သူတွေကို ပျူပျူငှာငှာ ဆက်ဆံမယ် တက်ခ်စီ
တက်ခ်စီ တက်စီးလို့ ရမလား ကျွန်တော့် ပရိုဖိုင်ကို သွားချင်လို့
မီးနီဖြတ်မယ် နက်ဝက်ခ်အယ်ရာ တက်မယ် လူကူးမျဉ်းကြားမှ
ကူးပါ ငါးမိနစ်တစ်ခါ အက်ဖ်ဖိုက် နှိပ်ပါ လေးလံထိုင်းမှိုင်းနေတဲ့
စိတ်နဲ့ လေးလံထိုင်းမှိုင်းနေတဲ့ ဆက်သွယ်မှုကွန်ယက်ကြားမှာ
ဒါ ပါးကွက်ကြားနဲ့ သတင်းထောက်တစ်ယောက်လား
ကပ်ပါးကောင်လား ကပ်ဖားကောင်လား ဒါဆို ကပ်သွားမလား
ကပ်ဆိုက်မယ် ဖြတ်ရိုက်မယ် ထွက်တိုက်မှ ရမယ့် လွတ်လပ်ရေး
ဆိုတော့ လေးလံထိုင်းမှိုင်းနေတဲ့ လေထုက ဆောင်းတွင်းကြီး
မိုးရွာတယ် ဒါ နှင်းစက်တွေလား ဒါ မိုးစက်တွေလား
မိုးဇက် တီးပေးခဲ့တဲ့ မိုးဇာတ်လား အမ် အို အက်စ် အိုင် အေ စီ
ပါးပြင်မှာ သနပ်ခါးလေးနဲ့ ဘာဖြစ်တယ်ဆိုလား ညာဖြစ်တယ်
ဆိုလား မအားပါ ဆိုတာ ရခိုင်လို ပစ္စည်းနဲ့ ကိုင်တုပ်ပြီး ဆဲတာ
အောလ်ဝေးဘီးဇီး နတ်သင်းဒူးရင်း ပင်အောက်မှာ မထိုင်ဖို့
နယူတန်လို ကမ္ဘာမကျော်ပဲ ခေါင်းကွဲပြီး သေနိုင်တယ် ဆိုတာ
နေကောင်းလား ထမင်းစားပြီးပြီလား အသက်ဘယ်လောက်ရှိပြီလဲ
မင်းမှာ ချစ်သူရှိလား ဟင့်အင်း ကောင်းတယ် ဒါဆို ဆက်လုပ်
လေးဘက်လေးတန် ကာရံထားတဲ့ ကာရန်တွေက ကာရန် မကာရန်
ဝေခွဲရခက်နေတယ် ငါ မှားတာ ရှိရင် တောင်းပန်ပါတယ်
တစ်လောကလုံး တစ်လောကလုံး ဘဒ္ဒကမ္ဘာကြီးတစ်ခုလုံး စုံ များစွာ
သတ္တ၀ါ ဘာအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ ဆိုလား
အေးချမ်းကတော့ နေကောင်းလား လာလာမမေးနဲ့ လူလည်း
နေကောင်းတယ် ဂွေးလည်း နေကောင်းတယ် ဆိုပဲ သင်ကောင်းလျှင်
ကျွန်ုပ် မဆိုးပါ ဆိုတော့ ခြေသလုံး ပုလွေရိုးနဲ့ တစ်နေ့လုံး
ယနေ့ နေသာမည် နေသာထိုင်သာ ရှိမည် မနေတတ်မထိုင်တတ်
အနေအထိုင် မတတ် မိန်းမကောင်း ဆိုတာ စားပွဲပေါ်မှာ
အလှထားတဲ့ ပန်းအိုး မဟုတ်ဘူး ရေသောက်မြစ်တန်းလန်းနဲ့
မြရာပင်အိုကြီး အိုမ ကျမှ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်
ချောက် ချောက် ချောက် ခြောက် ခြောက် ခြား ခြား ချား ချား ချား
မြေမှုန်လွင့် စာအုပ်နာမည်လို ( .... ) စီးမလား ။ ။ ။
-ဆူးခက်မင်း-
08JAN2010
ကျွန်တော် သဘောတူတယ် ဆိုတာကို
သဘောတူတယ်လို့ ပြောဖို့တောင်
အားယူပြီးတော့ သဘောတူတယ်
အိုကေ ခင်ဗျား သဘောပဲ
သဘောထားကြီးဖို့ ခုလောက်ထိ သဘောထားနေစရာမလိုပါဘူးလေ
ခင်ဗျား သဘောထားကရော ပြီးတော့ ကရော ကရော
ဒီတော့ ဘာဖြစ်လဲ ဆိုတာတွေနဲ့ ဒီတော့ ဘာမှမဖြစ်ဘူး ဆိုတာတွေနဲ့
တွေ တွေ တွေ တွေ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့
ဟုတ်ပြီ ဒီလောက်ဆို ခင်ဗျား နည်းနည်းတော့ သဘောထားတော့
ကြီးတော့ လာတော့ ပြီတော့ တော့ တော့ တော့
ပိတ်ထားသမျှတွေ ပြန်ဖွင့်လိုက်တယ် ပြီးတော့ တယ်
ပြန်ပိတ်လိုက်တယ် တော့ ပြီး ပိတ် လိုက် ပြန် တော့
သဘောထားက ဖြည်းဖြည်းချင်းတော့ နည်းနည်း နဲနဲ တော့
တော့ တော့ ကြီးတော့ လာတော့ ပြီတော့ ထင်ရတာပဲတော့
အဲ့ဒါတွေ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့
ဖိုးသူတော် မျက်စိလည်လေ ဆန်ပိုရလေ လေ လေ လေ လေ
လေ လေ လေ လေ လေ လေ လေ ထိုး ကျွတ်
ဖာ လေ လေ လေ လေ လေ လေ လေ လေ လေ
ဝေ လေ လေ တေ လေ လေ လေ လေ လေ လေ
အခု အဟောင်းအမြင်းတွေ အကုန် မြင်းစောင်းထဲ ထည့်ပြီးတော့
မျဉ်းဇောင်းတွေ ပစ်ထည့်ပြီးတော့ တော့ တော့ တော့ တော့ တော့ ။ ။ ။
- ဆူးခက်မင်း -
1 9 d e c e m b e r 2 0 1 0
ကျွန်တော် အိပ်ရေးမ၀ဘူး ဖြစ်နေတယ် မအိပ်ခဲ့ရလို့လား အိပ်ဖို့
လိုနေလို့လား ဘယ်လောက်လိုနေတာလဲ ၀စ္စပေါက် ပြုတ်ကျန်ခဲ့တာလား
အကျအပေါက်များလွန်းတယ် အရှအပျောက်များလွန်းတယ် မိန်းမရှုပ်တာကို
မြာပွေတယ်လို့ အရင်ခေတ်ကသုံးတယ် ခုခေတ်မှာတော့ ကိုယ့်ဇာတ်ကိုယ်
မနိုင်တာကို ဂုံးထောက်တယ်လို့ ပြောကြတယ် ဒါက ရွေ့လျားလာတဲ့
စကားလုံး အသုံးအနှုန်း အရွေ့ ကျွန်တော်တို့ လိုက်ပါရွေ့မျောကြတယ်
တမေ့တမောပဲ စကားအဖြစ်ပြောရရင် စကားတွေ ဖြစ်ကုန်တယ်
စကားတွေ ထစ်ကုန်တယ် ကျွန်တော် နည်းနည်း လောသွားမိတယ်ထင်တယ်
ဥပဒေအထူးပြုယူထားတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လောတတ်တယ်
လောတက်နေတယ်လို့ သုံးလို့လည်း ရတယ် သူက လောလောလောလောနဲ့
တချို့စကားတွေ ကျွန်တော်ပြန်ကြားရတာ နားကလောတယ်
ကျွန်တော့်က ရန်ကုန်မှာပဲ ရှိပေမယ့် နားက ကလောဘက် ရောက်ရင်ရောက်နေတယ်
ဒါကြောင့် နား ကလော တယ် ကျွန်တော်တို့ သူငယ်ချင်းတွေ အွန်လိုင်းမှာ ချက်တင်ဝင်ရင်
စလုံးသတ်တွေ မလိုအပ်ပဲ ထည့်ပြောတတ်တယ် ဒါတွေက လောကကြီးတစ်ခုလုံးနဲ့
ယှဉ်ကြည့်ရင် အရမ်းကြီး ဖောင်းပွသွားတတ်တာမျိုး မဟုတ်ဘူး
လူပြက်တွေလို တံတွေးစင်အောင် ပြောတာမျိုးလည်း မဟုတ်ဘူး
ဘာမှ မယ်မယ်ရရ ဒါမှမဟုတ်လည်း မည်မည်ရရ မရှိပါပဲ ကျွန်တော်တို့
စလုံးသတ်တွေ ဖောဖောသီသီ သုံးကြတယ် တစ်ခုခုကို ရွှီးရွှမ်းပြီး ပြောတာမျိုးကို
ဖောနေတာပါကွာ လို့ ဒီဘက်ခေတ်မှာ ပြောကြတယ် အရက်သောက်လို့ ဖောတာမျိုးတော့
မဟုတ်ဘူးပေါ့ မင်းက ဖောလျှောပါကွာ လို့လည်း ပြောကြတယ် ဖောတာများရင်
လျှောတတ်လားတော့ ကျွန်တော်မသိဘူး အရက်လျှော့သောက်ရမယ်လို့တော့
ဆုံးဖြတ်ထားတယ် လျှောတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲတော့ ရှင်းပြနေဖို့ လိုမယ် မထင်ဘူး
ဈာန်လျှောတယ် ၀မ်းလျှောတယ် ရေလွှာလျှောပေါ်ကနေ လျှောတိုက်ဆင်းချလာတယ်
နောက် တခြား အသုံးတွေလည်း ရှိဦးမယ် ကျွန်တော်က မြန်မာစာ အားနည်းတော့
စုံစုံလင်လင် ဖြစ်အောင် မတင်ပြတတ်ဘူး အဲ့ဒီအတွက် ခင်ဗျား စိတ်မကွက်ဘူးလို့
ကျွန်တော် ယုံကြည်တယ် နောက် ရှိသေးတယ် ငေါပါကွာ လို့ အချင်းချင်း
နောက်ပြောင်ရင်း ပြောတတ်တယ် အဓိပ္ပါယ်အတိအကျကိုတော့ ရှင်းပြမနေတော့ဘူး
အတိအကျ သိသွားရင် ခင်ဗျား ကျွန်တော့်ကို ရိုင်းတယ်လို့ သတ်မှတ်ဦးမယ်
ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာက ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြောလေ့ရှိတယ်
သံ မဏိ တစ်ခုကို ခ စား ပစ် လိုက် ဖို့ ကျွန်တော် ကြိုးစားနေတယ်
သူမနာမည်ကို ကြားတော့ ကျွန်တော် မလိခ မြစ်ကြီးကို မျက်စိထဲ မြင်မိတယ်
တယ် တွေ သိပ်များနေပြီ ထင်တယ် ကျွန်တော်ပြောခဲ့သားပဲ
ကျွန်တော်က မြန်မာစာ အားနည်းပါတယ် လို့ အားကောင်းအောင် ဘာဆေးသောက်ရမလဲ
ကျွန်တော်က ယောင်္ကျားလေး ဆိုတော့ ယောင်္ကျားအားတိုးဆေး သောက်ရမယ်ထင်တယ်
ဒါဆို ကျွန်တော် မြန်မာစာ အားကောင်းလာမယ်ထင်တယ် အင်း ထင်တယ် ထင်တယ်
ကျွန်တော် ထင်တယ် ခင်ဗျား ကျွန်တော့်ကို နည်းနည်းတော့ ငြိုငြင်သွားမယ် ထင်တယ်
မတတ်နိုင်ဘူးလေ ကျွန်တော်ကိုယ်တိုင်က မြန်မာစာ အားနည်းတော့ ခင်ဗျားဖတ်ရတာတွေ
သိပ်အဆင်ပြေမှာ မဟုတ်ဘူး လောလောဆယ် အိပ်ရေးမ၀ဘူး ဖြစ်နေတယ် ။ ။ ။
-ဆူးခက်မင်း-
1 0 n o v e m b e r 2 0 1 0
အမှောင်ထုထဲမှာ ခု မှောင်နေတယ် ဘာ ဘာ
မြင်ရသလဲ ဘာ ဘာ မှ မ မြင် ရ ဘူး ဟုတ်လား
ကိုယ့်လက်ကိုယ် ပြန်စမ်းကြည့် အရိုးပေါ် အရေတင်
ပျင်းလိုက်တာ အရည်ကို ထွက်လို့ ဆိုတာ ခု ထွက်ပြီ
လား မထွက်သေးဘူး လား ဦးနှောက်ယိုစီးမှု အသိဥာဏ်
ရေစီးကမ်းပြိုလိုက်မှု အမှုမထားနဲ့ မေ့ပစ်လိုက် အမှုပိတ်လိုက်
တစ်ပတ်လောက်ကြာရင် ရမယ် ရမန်ကြီး ငရမန်ကန်းကြီး
တစ်ဖက်လပ်ကြီး တစ်ခုလပ်ကြီး လက်လက်ကို ထ လို့
ထိုင်လို့ မရ လိပ်ခေါင်းရောဂါစွဲကပ်လာ ဆောင်ပါ သားရေကွင်း
တွေ လျှောက်လှိမ့်မနေနဲ့ ဟေး ဂေါ်လီမလေး အိမ်မပိုင်ဘူးလား
ဂရန်ကော ရှိရဲ့ လား ဆောင်ရန် ရှောင်ရန် လှောင်ရန် ပြောင်ရန်
ရန်သူမျိုး ငါးပါး ငါပါ ငါပါ တံခါးဖွင့် ငါပါ ငါပါ တံခါးပိတ် စနစ်
ကျင့်သုံးရန် ငါးသလောက်စီးပွားရေး တံခါးပိတ်ဆန့်ကျင်ရန်
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့ကိုယ့်ရဲ့အကြောင်းလေး တွေ ဝေနေရင်းနဲ့ပဲ ထမင်းလည်း
ဆန်ပြုတ်ဖြစ်လိုဖြစ် အိမ်ခေါင်မိုးလည်း ကျည်ကာအင်္ကျီဖြစ်လိုဖြစ်
ဖျစ်ဖျစ်မြည်အောင် ခြစ်ခြုတ်ပြီး ချောက်တီးချောက်ချက် ဂယောက်ဂယက်
ဒီကျင်း/မင်း မကောင်းရင် ဟိုကျင်း/မင်း မကောင်းရင် ဒီကျင်း/မင်း
ပေါင်းတစ်ထောင် ကုန်အောင်တူးမယ့် သိုက်တူးသမားတွေပါ
လိုက်ဖူးသလား မိုက်ဖူးသလား ဒါမှမဟုတ် ရိုက်ဖူးသလား ဘုန်းကြီးတွေကို
အရုဏ်ဆွမ်းလောင်းလှူရန် မစွမ်းရင်းလည်းရှိပြန် ကန်စွန်းခင်းလည်းငြိပြန်
ဆိုတော့ ထိရန် မိရန် ခပ်ရိုင်းရိုင်းစကားလုံးများကို ခပ်ရိုင်းရိုင်း ပစ်ပယ်မိ
တချို့က ပေါ်ပင်ဖြစ်ဖို့ / ဗီဇအရ / ရိုင်းချင်လို့ကို ရိုင်းကြ ရွှိုင်းကြ လိုင်းကျ
ပြန်ပြီ တာ့တာ ။
- ဆူးခက်မင်း -
2 0 n o v e m b e r 2 0 1 0