Hands Of Enlightenment

လင်းပွင့်လက်များ

ညီအစ်ကိုမောင်နှမတွေရဲ့အားထုတ်မှုလေးတွေကို စုစည်းပြီးကဗျာမြစ်တစ်စင်းအဖြစ်
လှလှပပလေးဖြစ်အောင်စီးဆင်းစေခဲ့ပါပြီ။
ဒီကဗျာအတိုအပိုင်းအစလေးတွေရဲ့အစပထမခေါင်းစဉ်က အိမ်ဖော် ပါ

ဒါပေမယ့် ဒီကဗျာအတိုအထွာလေးတွေအားလုံးက ညီအကိုမောင်နှမတွေရဲ့လက်ဖျံရိုးတွေနဲ့သွေးထားတဲ့

အရာတစ်ခုအဖြစ်ယူဆမိတဲ့အတွက်
ငါတို့လက်နဲ့သွေးတဲ့ ပါးကွက်ကြား လို့နာမည်ပေးထားလိုက်ပါတယ်
ညီအစ်ကိုမောင်နှမတွေအားလုံးနှစ်သက်ကြလိမ့်မယ်ဟု ယူဆမိပါကြောင်း ။ ။


လေးစားစွာဖြင့်
အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)






..................................................................................................................................................................................................






ငါတို့လက်နဲ့သွေးတဲ့ပါးကွက်ကြား



အိမ် = နေရန်ဆောက်လုပ်ထားသော အဆောက်အအုံ
အဖော် = အတူတကွရှိနေသူ။ မိတ်ဆွေအပေါင်းအဖော်
အိမ်ဖော် = သူတစ်ပါးအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ကိုင်ပေးသူ (ဝါ) လက်ချောင်းများဖြင့် အသက်ရှူသူ



ပီတိ (လင်းပွင့်လက်များ)



လက်ရည်ကတပြင်တည်း
လက်တွေ့မှာတော့
မီးဖိုခန်းထောင့်နားက
မဲညစ်ညစ်စားပွဲဝိုင်းပေါ်မှာ
ငွေ့ရည်ဖွဲ့တာအကြိမ်ကြိမ်
အိပ်မက်ကလှလှ ဘ၀ မလှမပ
ကုလားတက်အသံထက် သူစောတယ် ။
နွယ်ရှင်


မလျှော့နိုင်သော တဏှာများကြောင့်
ပေးတဲ့သူက ပေးတယ် ယူတဲ့သူက ယူတယ်
မရပ်တန့်နိုင်သော အတ္တများကြောင့်
ချစ်တဲ့သူက ချစ်တယ် မုန်းတဲ့သူက မုန်းတယ်
မတည်မြဲခြင်းကြောင့်
ရှင်တဲ့သူက ရှင်တယ် သေတဲ့သူက သေတယ်
အမှန်တရားတခုကို
ပွင့်ပွင့်လင်းလင်းထုတ်ပြောပြချ
င်တယ်
လူတွေအားလုံး
လောကကြီးရဲ့ အိမ်ဖော်တွေပဲ…..။
အေးချမ်း


ကျွန်ဇာတ်သွင်းခံရတဲ့
ကျွန် မ
ကျွန်ဈေးမှာအရောင်းခံရတယ်




ကြယ်ပန်းလူ





ညရေးညတာ မလုံခြုံတဲ့ ညဥ့်နက်တွေ
အိမ်မှုကိစ္စထက် လိင်မှုကိစ္စကို
အရေးပေးနေရ ။
မနက် ငါးနာရီတိုင်း အိပ်မက်တွေ
မိုးစင်စင်လင်းတယ် ။

ဆူးခက်မင်း



နင်နော်နင်...
ပြောရင် ပြောတဲ့တစ်ခုပဲ နင်လုပ်တတ်သလား..။
ဟင်းတွေကလည်း အချိုးမကျ
လုပ်ပုံကိုင်ပုံတွေက တစ်ခုမှမဟုတ်
မဖြစ်ပါဘူး..။
ကြည့်ပါလား..ပြောလိုက်ရင်မျက်နှာသေလေးနဲ့ မထုံတတ်သေး..။”
မနှဲလေး



သူ့အရင် ကိုးယောက်ရှိတယ်
သူ့နာမည် သန်းသန်းရီ
ဖေဖေရယ် မေမေရယ်
ကျွန်တော်တို့ ညီအကိုသုံးယောက်ရယ်
ညီမလေးတယောက်ရယ်
မိသားစုခြောက်ယောက်ရှိတယ်
သူက ကျွန်တော့်တို့မိသားစုရဲ့တိတ်တိတ်ပုန်းမယားပေါ့
………………………………….
သြော်………………………………….
တခုကျန်ခဲ့သေးတယ်ဗျ
ပုဏ္ဏားကျွန်းက ရခိုင်သူ…… ။ ။
စည်သူဝင်းထွဋ်


အတွေးက အိပ်မက်နေပြီ
ချွေးစက်တွေက သခင်တွေအမိန့်အောက်
ကျသွားရမလား ဆက်နေရမလား
ပြောရရင် သူတို့ဗျာများနေကြ
ဆန္ဒတွေအတိုင်း အလိုလိုက် အငိုက်မိသွားတဲ့
မျက်ခွံနှစ်ဖက်ကို သခင်က ညင်ညင်သာသာ
လှူပ်နိုးလိုက်ပုံလေး
ဟဲ့ကောင် ဟိုပန်းအိုးဒီဘက်ရွှေ့ ' တဲ့
အမေရေ
ညကအိပ်ရေးမ၀ပေမယ့်
အတူအိပ်ရတဲ့ ခွေးလေးက လိမ်မာပါတယ်

အကယ်ဒမီ
(လင်းပွင့်လက်များ)


တစ္ဆေတွေနေတာဖြစ်မယ်
ငါ့လည်ချောင်းသွေးတွေကလည်း

စုပ်လို့ကိုမကုန်နိုင်သေးဘူးလား။

ကြက်သွန်

ကင်ပွန်းတပ်ကတော့ အတော်လှ
မရွှေပင် မနားတမ်း
စုန်ဆန် ကူးခတ်
ငါးချက် ပြည့်ဝ အိမ်ဖော်ဘဝ
အကျယ်ပြောလျှင် အတော်မောပေါ့
တွင်တွင်သာကြား
နာရီတစ်လုံးလို သွားနေဆဲ
ပျက်လေမှ နှစ်ကြိမ်မှန်မယ်
ပွင့်ထွက်သွားပြီလား …… ။ ။
ထက်အောင်



ခဏတာအတွက်
ဝမ်းရေးကို ပြီးစလွယ်တွေးခဲ့မိတာ
သမုဒ္ဒရာနက်နက်ထဲ
စလွယ်သိုင်းပြီးကူးခတ်နေရ
တွေ့နေရတဲ့...ရမ္မက်
ညဥ့်နက်တွေထဲ အိပ်မက်ဆိုးစေခဲ့ ။
ကျေးတော်မျိုး




လူထဲကလူ
သူ့မှာ အိပ်မက်
ရှိတော့ရှိရဲ့
ဒါပေမဲ့....အရှိမဲ့ ။
ထာဝရကြယ်ဖြူ





ကံကြမ္မာ အ၀တ်ဟောင်းမို့
နေရတာ နည်းနည်းကြပ်ပေမဲ့
မနက်ခြောက်နာရီမတိုင်ခင်
ဒီ အညစ်အကြေးကို
ရေမပါပဲ ဆေးချ
ဘ၀ ငရဲသူ
အပြစ်ကျရ ပြန်ပြီ ။ ။

တာယာ

ဘောင်ခတ်ထားတဲ့ ငုံ့လျိုးမှုတွေအောက်
ကျင့်ဝတ်တွေချို့တဲ့
သြတ္တပတရားတွေ ကွင်း(ဂွင်း)ထဲသွင်းရင်း
အသေင်္ချေပေါင်း နောက်ပြန်ဆွဲကတည်းက
ငါ. . . .ဇာတ်တူသားအစားခံခဲ့ရ ။
အံ့သွန်းပျို

ဝေဝါးနေတဲ့  အနာဂတ်ကို ကိုင်
ဧည့်ခန်းရှေ့ 
ထမီ တပတ်နွမ်းလေး
ဖြတ် ဖြတ် လျှောက်တိုင်း
ကိလေသာကြီးက
ဆေးလိပ်မီးကို
ဖိ.....ဖိ
သတ်တယ်။ ။
နေမြဲ


လက်တိုလက်တောင်း
ကူဖေါ်လောင်ဖက်
တောက်တိုမယ်ရ
ထိန်းသိမ်းစောက်ရှောက်
ခေါင်းစဉ်လှလှအောက်မှာ
လူကြီးလူကောင်းဆန်သူများအတွက်
သူတို့ဟာ အိမ်သာ…..။

ဖိုးသားကြီး



အကျီင်္အသစ်လေး ရတဲ့ နေ့က
ငါ့ရဲ့ ကမ္ဘာ့သူဌေးနေ့ပဲ ။

ရုပ်သေး


အိမ်ကိုမပြန်တော့ဘူးတဲ့
မဝတ်ဖူးတာတွေ ဝတ်ရ..
မစားဖူးတာတွေ စားရ..
မရောက်ဖူးတဲ့ နေရာတွေရောက်ရတယ်တဲ့
အဲဒါကြောင့် သူ့ အမလိုခင်တဲ့
သမီးလေးပညာတော်သင်သွားတဲ့ အထိ
ဒီမှာပဲ ဆက်နေပါ့ မယ်တဲ့ ။
ဏီရဲ



လှတယ်
စုတ်စုတ်ပြတ်ပြတ်နဲ့လဲ သာရဲတဲ့
တစ် ခြမ်း ပဲ့ လ
ဒါပေမဲ့
သူ့အိမ်မက်က ကြက်ခြေခတ် ။ ။
မြူခိုး




ညစ်နွမ်းနေတဲ့ ၀ါဖျော့ဖျော့စာမျက်နှာလေးပေါ်
..သို့ ..
ဖေဖေနှင့်မေမေ လို့ လိပ်စာတပ်
နောက်
သူဘာဆို ဘာ မှဆက်မရေးရက်တော့
အဖြူသက်သက်ဘဝလေး
အဝေးကချစ်သမီးလေးလို့ အဆုံးသတ်မှာ
သပ်သပ်ရပ်ရပ်နဲ့ 
ခေါက်လျက်လေးသေဆုံးလို့ …။
အိပ်မက်ဦး


ဟောင်းလောင်းပေါက်အိပ်မက်နဲ့
လေထဲ ….. လွင့်ချင်သလိုလွင့်နေတဲ့
ဖဲကြိုးစကလေး
ခြေဦးတည့်ရာမိုးတိမ်
အလေ့ကျပေါက်ပင်လို အကျင့်စရိုက်များ
ကောင်းကင်ဟာဝတ်လစ်စလစ်လမ်းမလောက်မကျယ်ဘူး
ကိုယ်ကလည်း ဒီလို ….
လျော့တိလျော့ရဲသက်တန့်ကိုမှ မြိုချမိတယ် ။

သူရဿဝါ

နေ၀င်နေထွက်
လေထုထဲမှာအသက်ရှူရပ်ဖူးတယ်။
သရုပ်ဖော်ဆိုတဲ့စကားလုံးနဲ့
နိစ္စဒူဝ မူး…………တယ်။
ကံမစောင့်လို့ခခယယ အညတရဘ၀မှာ
ကျွန်မ သိက္ခာ ကိုတော့
ဂုဏ်ရှိန်ပြင်းပြင်းလူကြီးမင်းတို့
စောင့်နိုင်ကောင်းရဲ့။
အင်း……..
မနက်လင်းမှသာလင်းရော
ဒီညတော့
မဆီမဆိုင်အရိုင်းအိပ်မက်တွေပွေ့ပိုက်လို့
ကပိုကရိုအိပ်မောကျချင်သေး။
အိပ်မက်ချို


ကြမ္မာဆိုးရဲ့ဒုတိယမယား
ဝမ်းရေးကိုဖြည့်တင်းဖို့ဟီရိတရားနဲ့
သေကွဲ ကွဲ
သူ့ကိုယ် သူတော့ လှပါရဲ့
ဒါပေမဲ့ ခါးတယ်..။

ရင်ကွဲလူ

စိတ်ကူးနဲ့ ထိစပ်ရတာလောက်နဲ့ တင်
ကမ္ဘာကြီးဟာ သနပ်ခါးသွေးသံလောက်မကျယ်ဝန်း
ဒီလိုပဲကွဲ့  ...
လူရိုင်းဆန်ဆန် ချောင်းမြောင်းပစ်ခတ်လိုက်တဲ့
အကြည့်တစ်ချက်ရယ်ပါ
ဘာရယ်မဟုတ် အိမ်ဖော်လေးကို ခေါ်မိတယ် ။ ။
ရင်ခွင်ရှိန်း



ရောင်နီရဲ့ အလှအောက်က
နဂါးငွေ့ တန်းတွေ
နေညိုချိန်ဆို ငွေ့ ရည်ဖွဲ့ တယ်
လရောင်က ချော့သိပ်
တိတ်တဆိတ် အိပ်ခန်းထဲမှာ
ပျံ့ လွင့်
လို့  ။
တိမ်ပြာ



သူ့အတွက်
ကမ္ဘာကြီး က သူ့အိမ်လေးလောက်မကျယ်ဝန်းရှာဘူး
ရှင်သန်မှုထဲ
ကမ္ဘာကြီး ရှိနေမှန်း
မ သိ ရှာ သူ . . . . . ၊၊

ဇာတိ(လင်းပွင့်လက်များ)



အုန်းမောင်းခေါက်သံအဆုံး
အပျိုဖြန်းလေး အ၀တ်အစားလဲနေတုန်း
ဘ၀ က ဘ၀ ကို သတ်တယ် ။

အမည်မဲ့



အဝေးတနေရာမှာ
အရှိုးရာတစ်ခု သေဆုံးကြောင်း
အိမ်သာတက်ရင်း တခါတလေ
သတင်းစာထဲမှာ ဖတ်လိုက်ရတယ်
သူမရဲ့ ကလေး ကျွန်တော် မဟုတ်တော့
အငြိုးတွေနဲ့ ပဲ လူကုန်ကူးနေမိတယ် ။

အနော်မာ


ဒီအရပ် နဲ့ ဒီဖိနပ် ။
ပြီးတော့ ။
အစ်ကိုလေးပြောတဲ့ စကား ။
သဲထဲကျသွားတဲ့ ရေတစ်စက် ။
ကျန်တာ ဖွဲနဲ့ ဆန်ကွဲ ။
ဒီအလှည့်မှာ ထိုးဇာတ်နဲ့ အကယ်ဒမီ ရသွားပြီ ။
မောင်မိုးချို



ဒူးနေရာဒူး တော်နေရာတော်မှာ
ဒူးထောက်ထားတဲ့ ပုံစံနဲ့ တောင်
ဒူးနဲ့ မျက်ရည်သုတ်ရတယ်

သုဏော်စိုင်း




ဘ၀ နဲ့ ထပ်တူမကျခဲ့ ။
မိုး လင်း ခဲ့ ။
မိုး ချုပ် ခဲ့ ။
ဘ၀ကူးကောင်းဖို့ ရောက်ရာအရပ်မှာ
အမျှအတန်းပေးဝေတယ် ။
ညီစိမ်း



0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter