Hands Of Enlightenment

လင်းပွင့်လက်များ

ကျွန်တော်ပြောသော မင်ရည်ကျဲလောက တစ် ၏ စာရွက်နောက်ကွယ်



ငါကျေနပ်ပါတယ် . . ဒီလိုနေရတာ
လမ်းလျှောက်ရင် ပီကေဖောက်မယ်
မကျေနပ်ရင် ခါးထောက်ရှိုးတယ်
အရှေ့ကလူတွေကံဆိုးတယ်
ဖက်ကြမ်းဖတ်ပီး ကဗျာသောက်တယ်
ငါနေပျော်ပါတယ်
ဘီယာစုပ်ပြီး ၅သုံးလုံးခဲတယ်
ခဲတံမလိုဘူး စာရွက်မပါဘူး
ရတယ်
ကဗျာတွေဖြစ်တယ်
လွယ်အိတ်ထဲခေါက်မထည့်ဘူး . . လက်ပ်တော့ပ် ပါတယ် . . တစ်ပုဒ်ချင်းထုတ်စားပြမယ် . .
တစ်ပုဒ်ချိုတယ်
ရှေ့က အစ်ကိုတွေကို ကျနော် လေးစားတယ်
နောက်တစ်ပုဒ်ခါးတယ်
နောက်လာမယ့် ညီလေး
အစ်ကိုလေးစားပါတယ်
လေယာဉ်ပျံကြီး စီးမှ ကဗျာဆရာ မဟုတ်ပါဘူး ။
လေထဲ တိုက်အိမ်ဆောက်တတ်ရင် ကဗျာဆရာ ဖြစ်တယ် ။
ဂရမ်းမီးရထားဟိုတယ်လ် မှာ တက်ရေးမှာ ကဗျာဆရာ မဟုတ်ပါဘူး ။
ဂရမ်းရွိုင်ရယ်လ် သောက်ပြီးရေးလည်း ကဗျာဆရာ ဖြစ်တယ် ။
ကိုယ့်ခံယူချက်နဲ့ ကိုယ် တလွဲလုပ်ကြတာတွေတော့ ရှိတာပေါ့ ။
ကိုယ့်အလွဲနဲ့ကိုယ် မှန်နေကြတဲ့လူတွေကြားမှာ
ကဗျာတစ်ပုဒ် ဆက်ရေးဖို့ ..
စီးကရက်ငွေ့တွေ မှုတ်ထုတ်ပစ်လိုက်တယ် .. ။
" ဟူးးးးးးးးးးးးးး "
မောတယ် ။
လေထဲဆောက်ရမယ့် အိမ်ကို မော့ကြည့်ရတာမောတယ် ။
အခြေမခိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ရတာလည်း မောတယ် ။
တစ် နှစ် သုံး လေး ငါး ၊
ဒီအတိုင်းပဲ ဆက်ရေးတော့ ။
ဘာမှ ဆက်ရေနေစရာမလိုဘူး ။
တစ် ပြီးရင် နှစ် လာမယ် ။
သစ် ပြီးရင် ဟောင်း လာမယ် ။
ကဲ ... ပြော ။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ။
ဘာက ဆုံးဖြတ်မှာလဲ ။
မှားနေကျ မှန် ကပဲလား ။
ဒါမှမဟုတ် မှန်နေကျ ... တစ်ခုခုကများလား ။
ထားပါ ။ ပြောချင်တဲ့ အထဲမှာ အဲ့ဒါတွေမပါဘူး ။
မနက်ရောက်တာနဲ့ ထွက်သွားတော့မယ့် ရထားကြီးရယ် ။
မနက်ရောက်တာနဲ့ ဆိုက်လာတော့မယ့် လေယာဉ်ပျံကြီးရယ် ။
ကိုယ့်ကိုကိုယ် ပြန်မှုတ်ထုတ်နေတဲ့ စီးကရက်တစ်လိပ်ရယ်လောက်ပါပဲ ။
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ။
ဒီ့ထက်ပိုပြီး ဘာများ သိချင်သေးလဲ ။
ဒီ့ထက်ပိုပြီး ဘာများ အသိပေးချင်သေးလဲ ။
မှာစရာရှိတာ မှာလိုက်ကြပေါ့
သွားရ လာရ ခရီးက လေးဆယ့်ငါး ၊ ငါးဆယ်
သွားစရာရှိတာ သွားလိုက်ကြပေါ့
ကံဆိုးတဲ့နောက်လိုက်ကြတဲ့ ကံကောင်းကောင်တွေ
ရောက်နေကျနေရာက ရပ်စောင့်ကြ
ကျနော်ရယ် ကျနော့် အစ်ကိုတွေရယ်
ပြီးတော့ လမ်းအတုတွေရယ် လမ်းအစစ်တွေရယ်
မျက်နှာပေါ်က ရိုင်းပျခြင်းက တစ်ယောက် ပခုံးပေါ် တစ်ယောက် ဖက်လှဲတငင်
ဒီ လောကရဲ့ နောက်ဘက်က မျက်နှာ
ကျနော့် အစ်ကိုတွေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်ရယ်
မှာစရာရှိတာ မှာကြ
ကျနော်ရယ် ကံကောင်းကောင်တွေရယ်
ဘယ်သူမှ မစောင့်ကြဘူး ထထွက်သွားတယ်
မှာစရာရှိတာ မှာလိုက်ကြ
ဒီလောက ရဲ့ ဒီ ခရီး ဖိနပ်ပါးပါးပဲစီး
ထွက်လျှောက်လိုက်တော့
ဟိုးအရှေ့ ကျနော့် အစ်ကိုတွေကို မှီတယ် ... ။               ။


                                     မောင်မိုးချိုဆူးခက်မင်းညီစိမ်း ရုပ်သေး


ကျွန်တော်သီကျူးရေးဖွဲ့မိသော ငပေါမလေးတစ်ကောင်အကြောင်း

ကျွန်တော့်ထံတွင် သတ္တုလူသားဆန်ဆန်သူငယ်ချင်းမတစ်ယောက်ရှိသည်။
ကျွန်တော်သည်ယောင်္ကျားစစ်စစ်တစ်ယောက်ဖြစ်ပြီးသူမသည်မိန်းမစစ်စစ်တစ်ယောက်ဖြစ်သည်။

ဇီဝဗေဒနည်းအရသေခြာစွာခွဲခြမ်းစိတ်ဖြာရလျှင်ကျွန်တော်သည် လူသားအထီးတစ်ကောင်ဖြစ်ပြီး
သူမသည်ကားလူသားအမတစ်ကောင်ဖြစ်ပေသည်။
သူမသည်ကျွန်တော့်အပေါ်မတော်တဆကောတမင်တကာပါ စိတ်ကောက်စိတ်ဆိုးပြတတ်သည်။
သူမသည်နှင်းဆီအနီရောင်များကိုမုန်းတီးပြီး ဗေဒါပင်များကိုနှစ်သက်တတ်သူတစ်ယောက်ဖြစ်သည်။
သူနှင့်ကျွန်တော်သည်သူငယ်ချင်းများဖြစ်သည်။
သူမ၏အမည်ကိုစတင်တွေ့ရှိစဉ်ကနှင်းများဝရုန်းသုန်းကားရွာနေပေသည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် စိတ်ခံစားမှုများ ချရေးဖို့ တစ်ယောက်တစ်ဝက်ရေးသည့်
ဒိုင်ယာရီစအုပ်လေးမရှိပါ။သို့သော် ဂျီတော့ဘောက်စ်လေးတစ်ခုတော့ရှိခဲ့ပါသည်။
သူမစိတ်ညစ်သည့်အခါတိုင်းပြောပြတတ်သလိုကျွန်တော်စိတ်ညစ်အခါတိုင်းလည်းဖွင့်ပြောဖြစ်ပါသည်။
နင်ကအရမ်းကဗျာဆန်ချင်တဲ့ကောင်လို့ ပြောတတ်တိုင်းကျွန်တော်စိတ်မဆိုးမိခဲ့။
နင်ကလည်းဒုံးဝေးလိုက်တာလွန်ရောလို့ကျွန်တော်ပြန်ပြောတိုင်းလည်းသူမစိတ်မဆိုးတတ်ခဲ့
အဲလိုပြောဖြစ်တဲ့အခါတိုင်းသူမရီမောနေမှာသေချာပါသည်ဒါပေမဲ့သူမမျက်နှာလေးကိုကျွန်မမြင်ရခဲ့ပါ ။
သံယောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။
,ယခုအချိန်အထိကျွန်တော်တို့နှစ်ယောက်၏ စမ်းချောင်းလေးမှာ အဖြူရောင် ရေတွေ စီးဆင်းနေဆဲ ဖြစ်ပါသည် ။
ကျွန်တော်သက်ပြင်းချသံနှင့်သူမအသက်ရှုသံများထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိခဲ့ပေ ။
ဒီလိုနဲ့သူမနှင့်ကျွန်တော်ဖြူစင်စွာမိုက်မဲကြသည်။စိတ်တူကိုယ်တူမှားယွင်းကြသည်။ပေပေတေတေရူးသွပ်ကြသည်။
တကယ်တော့ကျွန်တော်တို့နှစ်ယောက်စလုံးထင်ရာကိုဇွတ်လုပ်နေကြခြင်းမဟုတ်ပါ။လွတ်လာစွာရဲရင့်နေခြင်းပင်ဖြစ်သည်။

မှတ်မိသေးပါရဲ့
ငါတို့နှစ်ယောက်ဆုံတွေ့ခြင်းနမိတ်ပုံတွေက
သူလိုကိုယ်လိုပါပဲလေ
လွမ်းလားလို့မေးရင်
ငါ မဖြေတတ်ခဲ့ဘူး
ရူးတယ် ။


အသိတစ်ခုနဲ့
သံယောဇဉ်တွေယက်ကန်းရက်
ပိုးမျှင်လိုအထပ်ထပ်ရစ်တွယ်
လွမ်းလားလို့မေးရင်
သူမ, မဖြေတတ်ခဲ့ဘူး
ရူးတယ် ။



စကားပြောရင်းမိုးလင်းသွားတဲ့ညမဖြစ်ခင်တစ်ရက်အလိုကသူမမျက်ရည်ကျပါသည်။
ဘာကြောင့်ကျမှန်းဆိုတာကိုတော့သူမရောကျွန်တော်ပါသိလိုက်ပါသည်။
သူမရဲ့မျက်ရည်စီးကြောင်းလေးတွေရပ်တန့်သွားအောင်အကောင်းဆုံးနည်း အဖြစ်
သူမညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည် ။ညင်သာနှုးညံ့စွာဖွဖွလေး နမ်းလိုက်မိသည်
ကျွန်တော်နမ်းလိုက်ခြင်းကိုသူမမသိခဲ့ပါ သိလိမ့်မည်လည်းမဟုတ်ပါ။အဘယ်ကြောင့်ဆိုသော်သူမမသိအောင်
ကျွန်တော် စိတ်ကူးဖြင့်ခိုးနမ်းလိုက်ခြင်းဖြစ်သည်။အဲလောက်အထိကျွန်တော် ရူးသွပ်ခဲ့ပါသည်။
သူမသည်တစ်ခါတစ်လေ ကလေးအရမ်းဆန်တတ်သလိုတစ်ခါတစ်လေတော့ ခပ်တည်တည်ကြီးလုပ်နေတတ်သည်။
ထိုအချိန်မျိုးတွင်သူမကိုကျွန်တော် ငပေါမလေး ဟုခေါ်တတ်ပြီး သူမက ကျွန်တော့်ကို အရူးကြီးဟုပြန်လည်ခေါ်ဆိုတတ်သည်။
အရူးနဲ့ငပေါဆိုတာဒွန်တွဲနေတာဟုကျွန်တော်ပြောသာအခါ သူမရီ(ရယ်မော) နေတတ်သည်။

နင်သိရဲ့လား
တစ်ခါတစ်ခါ
ကောင်းကင်အောက်မှာနေရာတာ
မိုးမြိုမှာကြောက်တယ် ။
ငါ့ရင်ခုန်သံတစ်ဝက်ကို
အပိုင်သိမ်းထားတဲ့
ငပေါမလေးရယ်
ငါလည်း မိုးမြိုမှာကြောက်တယ် ဟဲ့




ဤသို့ဖြင့်...သူမသည် တော်၏။ ဘာမဟုတ်သည့် နေရာ၌လည်း တော်၏။
သို့သော်သူမသည်တစ်ခါတစ်လေ အူကြောင်ကြောင်နိုင်လေ့ရှိပါသည် ။
ကျွန်တော့်အပေါ်သူမရန်မလုပ်ဖူးသလိုကျွန်တော်လည်းရန်မရှာခဲ့ဖူးပေ။တစ်ယောက်နဲ့ငြင်းခုန်ဖူးခြင်းမရှိခဲ့ပါ
ဘာအရောင်ကြိုက်လဲဟုကျွန်တော်မေးမြန်းသောအခါအပြာနဲ့ခရမ်းရောထားသော ခရမ်းပြာ ဟုဖြေသည်။
တစ်ခါတစ်လေ စကားကို ဒီလိုမျိုး ခွတီးခွကျပြောတတ်သေးသည်။ ခရမ်းပြာ လို့ဖြေလိုက်ယုံနှင့်မပြီး၊ပိုသေချာအောင်
အပြာနှင့်ခရမ်းရောထားသောအရောင်ဖြေခြင်းဖြစ်ကြောင်းစိတ်လိုလက်ရရှင်းပြတတ်သေးသည်။
ကျွန်တော်ကစိတ်ကူးတည့်ရာကို ရှုပ်ရှုပ်ထွေးထွေးပြောလျှင် သူမသည် အရေးပါသော အရာများကို ရိုးရိုးစင်းစင်းပြောသည်။ကျွန်တော်ကချစ်သူတစ်ယောက်အတွက် ဘ၀ကိုစဉ်းစားလျှင် သူမကဘ၀အတွက် ချစ်သူကိုစဉ်းစားသည်။



ငပေါမလေးရေ
နင်ကလည်းနင်ပါပဲ
ရွာရိုးကိုးပေါက်လျှောက်ပြီး
အိပ်မက်တွေကို မျှားနေတုန်းလား ။

နင်အိပ်မက်တွေနဲ့
မြင်းစီးထွက်တဲ့ ညက
ငါ့ကောင်းကင်ကကြယ်တွေ
အတင်းပြောတဲ့ပွဲမှာ
နင်ပါဝင်ခဲ့တာ
သိနေပါတယ် ။



တစ်ခါတစ်လေ ဒီလိုမျိုးလေးလည်း ပေါတောတောနိုင်လိုက်ပြန်သေးတယ်။
လေလှိုင်းမှလာသောစကားလုံးဝိ၀ါဒအရသူမနှင့်ကျွန်တော်အိပ်မက်တစ်ချို့အတူတူမျှားဖြစ်ခဲ့ကြသည်။
လွှင့်ပါလာသောစကားလုံးများကားဖမ်းဆုပ်၍မရနိုင်မှန်းသူမရောကျွန်တော်ပါသိကြပါသည်။
သို့သော် သူမနှင့်ကျွန်တော် အိပ်မက်များကို မျှားနေကြတုန်းပင်ဖြစ်သည် ။အခုအချိန်အထိတစ်ယောက်ရင်ထဲမှာတစ်ယောက်
သံယောဇဉ်တွေအမြစ်တွယ်နေကြတုန်းပင်ဖြစ်သည်။သူမသည် ကျွန်တော့်အိပ်မက်များကိုသိမ်းပိုက်စပြုနေသာကိုလိုနီအလိုတော်ရိတစ်ယောက်ဖြစ်နေပေသည်။
ကျွန်တော်ဆိုတဲ့ကောင် သူမမျက်ဝန်း ညိုညိုလေးအောက်မှာ သူမရယ်သံလေးအောက်မှာ ကျဆုံးချင်သူတစ်ယောက်ဖြစ်ခဲ့ပြီး
သူမကတော့ ဘယ်လိုအောင်နိုင်မှုမျိုးချင်ခဲ့လည်းဆိုတာကျွန်တော်မသိခဲ့ပါ။ကျွန်တော်တုံးတာလည်းဖြစ်နိုင်ပေသည်။ကျွန်တော် ထုံအ ခဲ့ပါသည်။
ဟုတ်လည်းဟုတ်ပေသည် ကျွန်တော်ဆိုတဲ့ကောင်က သူမရင်ကိုကျွန်တော်မြင်အောင်မကြည့်နိုင်ခဲ့သေးပါ။ဒီလိုမျိုး တုံး အ ခဲ့ခြင်းပါ။
သူမသည် ကျွန်တော့်ကို နာကျင်အောင် ပြုလုပ်လှည့်စားနိုင်သော မာယာရှင် နတ်သမီးတစ်ပါးမဟုတ်တာတော့သေချာပါသည်။


ငပေါမလေးရေ
နင့်မျက်ဝန်းတွေ ဘာသာပြန်တတ်ဖို့
ငါ့ရာဇ၀င်ကိုမြေလှန်ရဦးမယ်
နင်အပျော်ဖတ်ဇာတ်လမ်းထဲက
မင်းသားလေးလို
ငါ့ကို ဖတ်ပါ ။


ငါနင့်ကိုချစ်တယ်..နင်ယုံလား လို့ကျွန်တော်မေးတိုင်း ယုံဝူး ဟုတ်လဲဟုတ်ပဲနဲ့ ဟုပြန်ဖြေတတ်သော
သူမကိုယ်ပိုင်ဟန်လေးကို ကျွန်တော်အလွတ်ကျက်ထားစရာမလိုပဲ မှတ်မိနေပေသည်။
သူမရဲ့အမူအရာ လေးများကို ဘာသာပြန်ဖို့ ကျွန်တော်ကြိုးစားရဦးမှာသေချာပေသည် ။
သူမအကြောင်းသည်ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ဖြစ်ပြီး ကျွန်တော့်အကြောင်းသည်သူမအတွက်
ပုံပြင်မဆန်သော ပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။အခုချိန်အထိ
ကိုယ်ယောင်ပြချင်သလိုပြသခွင့်မရသောသရဲတစ်ကောင်လိုကျွန်တော်ချစ်ခြင်းတွေ ဝေတုန်းဝါးတုန်း ။
သူမနှင့်ကျွန်တော်ရဲ့အဖြူရောင်စမ်းချောင်းလေးကတော့ စီးဆင်းလို့ကောင်းတုန်း ။


ငပေါမလေးရေ
တဒင်္ဂနှုတ်ဆက်ခွင့်ပြုပါ
အခုချိန်ဆို
နင်ငိုနေမလား
ဘုရားသခင်ပေးတဲ့ဆုဟာ နင် ဖြစ်ပါစေ ။




အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)

ရှင်ကွဲ




ပြီးဆုံးသွားပါပြီ ။


အားလုံးပြီးဆုံးသွားပါပြီ တဲ့


ဒီလိုဆိုမှတော့ .....


ဖုတ်ဖက်ခါထပြီး ပြန်ကြရုံပေါ့ ။


ပြောချင်တာက ဒီလိုဗျ ။


2037ST2809'


နံပါတ်စဉ်တချို့ ရေတွက်လို့ မဆုံးခင်မှာပဲ


ကမ္ဘာတခြမ်းက စာတန်းထိုးပြီး


ခရမ်းရောင်တောအုပ်ထဲကနေ ပြတ် ကျသွားတယ် ။


ခြေရာကောက်မလို့ အစရှာနေတုန်း


အနံ့ခံဖို့ အစရှာနေတုန်း


ကံကောင်းထောက်မစွာ .....


မဟုတ်သေးဘူး ။


မိုးတွေ ရွာလာပြန်ပြီ ။


ဟော ..... ကြည့်ဦး ။


လူရှင်းရင် ရောဂါက ဖောက်လာ ။


ကမ္ဘာတခြမ်းနဲ့ ပြက္ခဒိန်တခြမ်း ထားခဲ့ပြီး


ကမ္ဘာတခြမ်းနဲ့ အသက်တစ်ဝက် ပြန်ယူသွားတယ် ။


ဖြစ်ချင်သလိုသာ ဖြစ်စေတော့ ။


အခု ..... နောက် ..... နောင် .....


( တစ်တောလုံးကို တစ်ရောင်တည်း ညီအောင် ထွန်းပြီးမှ


ကြွေ ..... ကြွေ ....... ကျ )


ပြီးသွားပြီ ဆိုမှတော့ နှုတ်ဆက်လိုက်ကြရရုံ ။




ညီစိမ်း




ဒီကဗျာလေးက ကျွန်တော့်သူငယ်ချင်း ရုပ်သေး အတွက် အမှတ်တရ ခံစားပြီးတော့ ရေးပေးထားတဲ့ ကဗျာလေးဖြစ်ပါတယ် ။


the end



ဒီကဗျာလေးက ကျွန်တော့ သူငယ်ချင်းများဖြစ်ကြတဲ့


ရုပ်သေး နဲ့ မောင်မိုးချို တို့က ကျွန်တော့်အတွက် အမှတ်တရ


ခံစားဖန်တီးပေးခဲ့ကြတဲ့ ကဗျာလေးဖြစ်ပါတယ် ။



ညီစိမ်း

ငါ့ ကို ငါ ပြန် ခိုး တဲ့ ည


မ တော် တစ် ဆ ပါ ပဲ
အဲ ဒီ နေ့ က
ကိုယ့် ကို ကိုယ် ပြန် စိုက် ပျိုး လိုက် ရ တယ်။



ဘာ တစ် ခု မှ မရိုး သား တာ
မ ရှိ ခဲ့ ပါ ဘူး
လော က ဓံ ရှစ် ပါး နဲ့ တ ရား ၀င် ကွာ ရှင်း ခဲ့ တာ ပဲ။



ကိုယ် တိုင် မှား ခဲ့ ဖူး တဲ့
ဝါ ကျ တစ် ကြောင်း
ငါ့ ဦး နှောက် ထဲ မှာ သ တိ တ ရ ရေး မှတ် ထား တယ်။



အ ရှင် လတ် လတ် အ ပြုံး တွေ
အ စိမ်း ရင့် ရင့် မု သား တွေ
အ ခု
ငါ ကိုယ် တိုင် ကြိုး မိန့် ပေး လိုက် ပြီ။



အ ယူ ခံ မ ၀င် လို့
ငါ့ တ ရား ငါ စီ ရင် ချက် ချ ခဲ့ တာ ပဲ
ဝမ်း နည်း စ ရာ မ လို ဘူး
အ ဓိ ပ္ပာယ် မဲ့ ကျ ရှုံး ရ တာ မှ မ ဟုတ် တာ။



ဘာ တဲ့
ယော င်္ကျား က မျက် ရည် မ ကျ ရ ဘူး တဲ့ လား
ငါ့ မာ န ငါ ပြန် ခိုး ယူ လို့
အ ကောင် အ ထည် ဖော် ပြ မယ်။



မ တော် တစ် ဆ ပါ ပဲ
အဲ ဒီ နေ့ က လေ
ကိုယ့် ကို ကိုယ် ပြန် စိုက် ပျိုး လိုက် ရ တာ အ မှန်။ ။


အမည်မဲ့

 

 

ဝဋ် အကြီးကြီး လည်တယ်

 

ဝေး ကို ဝေး ရ မှ ….. ဖြစ် ကို ဖြစ် ရ မှာ ဆို တော့

လေ ယာဉ် ပျံ ဟာ …… ဦး ထုပ် ထဲ က ထွက် ကျ လာ

ဒီ မှာ . . . . . . . .

ခါး စည်း ပြီး တော့ လွမ်း ( နေ ရ ) တယ် ၊၊           ၊၊

 

<<- ဇာတိ --->

 

ကို ညီစိမ်း ရဲ့ ဝဋ်အကြီးကြီးလည်တယ် ကဗျာ အား မိမိခံစားမှုဖြင့် ပြန်လည်ခံစားပါထားတာဖြစ်ပါတယ်၊၊ ၊၊

 

ဒီနေ့နဲ့ မတူပါဘူးဗျာ




စဖွင့်ကတည်းက ၊ အစနဲ့ အဆုံး မတူဘူး ။

အဆုံးအစ မရှိဘူး ၊ မရှိတာတွေ မတူဘူး ။


နင်နဲ့ ငါနဲ့ ၊ ငါနဲ့ နင်နဲ့ ၊ ( အိုး ) ၊ မတူဘူး ။


တူတူ ရေ ၊ ၀ါး ၊ မတူဘူး ။


မတူတာတွေ နဲ့ တူတာတွေ ၊ မတူဘူး ။


တူတာတွေနဲ့ မတူတာတွေ ၊ မတူဘူး ။


မတူတာတွေနဲ့ မတူတာတွေ ၊ မတူဘူး ။


တူတာတွေနဲ့ တူတာတွေ ၊ မတူဘူး ။


တူတူ မတူတူ ၊ မတူဘူး ။


တူတူ မတူတူ ၊ မတုဘူး ။


တုတု မတုတု ၊ မတူဘူး ။



" တူ .... တူ ...... တူ ......... တူ .... "



" လူကြီးမင်း ခေါ်ဆိုလိုသော ကဗျာဆရာမှာ ... တူတူပုန်းတမ်း ကစားနေပါသဖြင့် ... "





ဟုတ်ကဲ့ဗျ . . . သွားတော့မှာပါ


ရောက်မယ်ထင်ပါတယ် . .


ခဏနော် . . . ညမချုပ်သေးလို့


ဟော . . . .


ဟုတ်ဘူးဗျ . . . ရောက်နေပါပြီ


နေဦးနော် . . . ညစင်စင်ချုပ်ပါပြီ


ကျွန်တော့် ပြက္ခဒိန်တွေ့လိုက်မိလား


သွားပါပြီ . . .


ဒီနေ့နဲ့လည်း မတူဘူးဗျာ






ခင်ဗျား ပြက္ခဒိန်လား ..


ရော့ ..... ဒီမှာ ... ။


သတိရတိုင်း ထုတ်ထုတ်လှန်လို့ ရတယ် ။


လူကြားထဲတော့ ထုတ်မလှန်နဲ့ ။


လူသိရှင်ကြား ထုတ်မလှန်နဲ့ ။


လူမသိ သူမသိ ။


လူမ သိ ၊ သူမ သိ ။


လူမ တစ်ယောက် ဖြစ်သော သူမ ကိုယ်တိုင် သိ / မသိ ။


လူထီး တစ်ယောက် ဖြစ်သော သူထီး ( ကျွန်တော် ) ကိုယ်တိုင် သိ / မသိ ။


မသိလိုက် မသိဖာသာနဲ့ပဲ ။


ရော့ ..... ။






မထွန်းနဲ့ အလင်းတိုင်တွေ. . မတွန်းလိုက်နဲ့


မတွန်းနဲ့ ကျွန်တော်နောက်ကျောကို. . မထွန်းလိုက်ပါနဲ့


မမြင်လဲ သွားမှာပါ


ရောက်ရာ ကို ပေါက်ခဲ့ပြီးမှတော့


ပေါက်ရာနေရာမှာ ပွင့်မှာပါ . .


ကဲ ပွင့်သွားတော့ . . .


ကျည်းဘောင်သက်သက် တံခါးပေါက်ရေ . . .






ငါ့ခြေလှမ်း ငါပြင်ပြီး ၊ ငါ့ အခန်း ငါဝင်ခဲ့တယ် ။

ငါ့ ခန္ဓာ ငါ သယ် ၊ ငါ့ နားသယ်စပ် ငါ နမ်းခဲ့ရ ။


ငါ့ မျက်လုံးနဲ့ ငါ မြင်ပြီး ၊ ငါ့ လက်ဖ၀ါးနဲ့ ငါ နွေးထွေးအေးစက် ။


ဘယ်မှာလဲ .... ။ ဘယ်မှာလဲ .... ။


ဒီနေ့ မဟုတ်တဲ့ ၊ မနေ့က ရဲ့  မနက်ဖြန်တွေ ။


ဘယ်မှာလဲ ... ။


ဘယ်မှာလဲ ၊ ဘယ်မှာ လဲနေလဲ ။


ဒီနေ့ မဟုတ်တဲ့ ၊ မနေ့က ရဲ့  မနက်ဖြန်တွေ ။


ဘယ်မှာ ၊ ဘာတွေ လဲနေလဲ ။


ပုလင်းတွေလား ၊ အတင်းတွေလား ။


အရိုးတွေ ရင့်နေတာလား ၊ သူခိုးတွေ မြင့်နေတာလား ။


ဒီနေ့မှာ စပြီး ၊ မနေ့မှာ ဆုံးတာတွေ ။


မနေ့မှာ စပြီး ၊ ဒီနေ့ မှာ စတာတွေ ။


ဒီနေ့ နဲ့ မနေ့မှာ ၊ မနေ့ နဲ့ ဒီနေ့ ၊ ဒီနေ့ နဲ့ မနေ့ ။


မနေနဲ့ .... ဒီနေ့  .. ။


ဒီနေ့ မနေနဲ့ ... ။


မနက်ဖြန်ရော .... ။


မနက်ဖြန်ကျရင် ပြန်လာကြည့် ။


ဒီနေ့ဆိုတာကို မနေ့ကအတိုင်း ၊ မနက်ဖြန်မှာ တွေ့ ရလိမ့်မယ် ။





( ဆူးခက်မင်း + မောင်မိုးချို )

အရောင်မဲ့ဒြပ်မဲ့ဖြစ်သောပိုးချည်မျှင်မလေး



ပိုး မျှင် ရေ
ပြော ကောင်း ဆို ကောင်း ပြော ချင် တယ်
ဝတ် မှုန် က လေ ပြည် ကို ပြော သ လို
သစ် တော က မိုး ဥ တု ကို ပြော သ လို
ငါ့ က နင့် ကို ပြော ချင် တယ် ။


အ ခု ဆို ရင်
ငါ့ ရေ သောက် မြစ် တွေ က
ဆုတ် ဖြဲ ခံ နေ ရ တာ နဲ့ တင်
ဥာဏ် ရည် ဥာဏ် သွေး တွေ နိမ့် ကျ ကုန် ပါ ပြီ ။




တိမ် တွေ မ ဖြူ တော့ ဘူး ဆို တဲ့
တစ် နေ့ က
နင် မ ဟုတ် ဘူး လား...ပိုး မျှင်
ငါ့ အ သိ ဥာဏ် တွေ ထဲ
ပြေး လွှား က ခုန် နေ ခဲ့ တာ
ကြည် နှုး မှု တေး သွား တွေ က
မှတ် သား ဖွယ် ရာ မိုး ရေ ချိန် တွေ လို
တစ် ချက် တစ် ချက် အုံ ဆိုင်း လာ တယ်
နင် ဆို တာ ငါ မ သိ သေး တဲ့
ငါ့ ရင် ဘတ် ထဲ က နို ၀င် ဘာ
ရေ စက် မ ပါ တဲ့ မိုး တွေ
ဒီ နေ ရာ မှာ မ ရွာ နဲ့
နွေ စက် လက် စို လည်း
ငါ သွေ့ ခြောက် ဖို့ ရဲ တယ် ။


ပိုး မျှင် ရေ
ခေါ် ဆို ရ မ ခက် ခဲ လောက် ပါ ဘူး
မ မြင် ကွယ် ရာ မှာ
တစ် ရာ သီ စာ ပုန်း နေ တော့ မှာ လား
နင် ကိုယ် တိုင် ဖန် ဆင်း အပ် သော
ရ နံ့ အ ပြည့် နဲ့ နှင်း ဆီ တစ် ပွင့်
ငါ့ ရင် ဘတ် မှာ လာ စိုက် ပေး ပါ
ငါ့ ကို လာ ပြီး တော့ ရစ် ပတ် လှည့် ပါ ။



ပိုး ချည် မျှင် နဲ့ ယက် လုပ် ထား တဲ့
နှုတ် ခမ်း ပါး လေး ရေ
စိတ် ရှိ လက် ရှိ သာ ပြော ခွင့် ရ မယ် ဆို ရင်
" ချစ် တယ် " ဆို တဲ့
စ ကား တစ် ခွန်း ထက် ငါ ပို မ ပြော ဘူး
ငါ့ ဂူ တံ ခါး က မင်း မန္တာန် နဲ့ ဖွင့် မှ ရ မှာ မို့ ပါ ။



ပြီး ပြီ လား.....ပြီး ပြီ တဲ့ လား
ဒါ ဆို.....နင့် ဓါး ကို သိမ်း တော့
တံ ခါး တွေ ဖွင့် မီး တိုင် တွေ ထွန်း
ဗုံ သံ တွေ ကို ခုန် ပေါက် စေ လိုက်
အဲ ဒီ တေး သွား နဲ့
ငါ.....စီး ချင်း ထိုး မ လို့
ဟင်း လင်း ပွင့် ကြင် နာ ခြင်း တွေ နဲ့
ပ ညတ် တော် တွေ မ ပါ ပဲ
သေ ချာ တဲ့ အ က္ခ ရာ တစ် ခု ကို
သိပ် သည်း ဆ လေး နက် သွား စေ ဖို့
ပိုး မျှင် ရေ..........ငါ တို့ နှစ် ယောက်
တစ် ယောက် ရင် ကို တစ် ယောက် တူး ဆွ ကြ မယ် ။


အ ရောင် မဲ့ ဒြပ် မဲ့ ဖြစ် သော ပိုး ချည် မျှင် မ လေး ရေ
ပိုး တုံး လုံး လေး တွေ
လိပ် ပြာ ဖြစ် လာ မယ့် နေ့ ကို
ငါ..................မျှော်.........နေ..........တယ်
အ မှန် တ ကယ် လူ လုံး လှ စေ ဖို့ အ တွက် ။



( ရိုးရာ+အမည်မဲ့ )

တက်တူး

အရိုးထိစွဲအောင် တက်တူးထိုးလိုက်တယ်

“မင်းကိုချစ်တယ်ဆိုတာ

သံသရာကို စိန်ခေါ်လိုက်တာပဲ”



ကြယ် ပန်း လူ

ပန်းသီးတစ်လုံး / ခပ်ရိုင်းရိုင်း ပါးစပ်ရာဇ၀င်

တစ်ယောက်ယောက်နာမည်နဲ့
သီးတဲ့ အဲ့ဒီ ပန်းသီးတစ်လုံး ...
ငါ ခွဲကြည့်တော့
ဘယ်သူမှ မလောင်ကျွမ်းသေးတဲ့ မီးနဲ့ ငါ စတင်လောင်ကျွမ်း ....
ဒီလိုနဲ့ .. ပြေပြေပြစ်ပြစ် ခါးသီးခဲ့ရပါတယ်၊၊ ၊၊ ( ဇာတိ )

ပတ်ပတ်လည် သုံးဆောင်ပြီး လွှင့်ပစ် ..
ဖြစ်ပုံက ..
ခင်ဗျားတို့  သိတဲ့ အတိုင်း ..
ကျွန်တော်က သိတဲ့ အတိုင်း .. ( သရဲစိမ်း )

ဒီနေရောင်နဲ့ အရင်က ပတ်သက်ဖူးပါတယ်
တူတူတော့မွေးလာကြတယ်
အဆိပ်ရှိရခြင်းနဲ့ ငါကပဲအချစ်ဖြစ်တည်စေမယ် ( လူကြီးမင်း )

ဝှက်ဖဲတစ်ချပ်နဲ့
မင်းနာမည်ကိုဘယ်လိုစာလုံးပေါင်းရမလဲ
ပန်းသီးတစ်လုံးရဲ့ရာဇ၀င်ကိုဖော်ထုတ်ဖို့
ဒီဘက်ခေတ်မှာ မပြောချင်တော့ဘူး
သမိုင်းစာအုပ်လှန်ဖတ်တိုင်း
ခဏခဏ အိပ်မောကျမိတော့
ဒဏ်ရာတွေကို နှိုးနှိုးပြီးမေးကြည့်မိတယ်
ပြောင်းပြန်စီးဆင်းနေတဲ့ သွေးကြောမကြီးထဲမှာ
တစ်ချို့တစ်လေ ငိုက်မြည်းနေတာ ကလွဲရင်
ဒိုင်ယာရီ အသစ်တွေ ထပ်မရေးတော့ဘူး ။ ။ ( အမည်မဲ့ )

ပန်းသီး ပန်းသီးနဲ့ ဖြန်းဖြီးပြီး ၊ ပြော
နေတာတွေ ၊ ရပ် ။
ပြောဖို့ လိုရင် ၊ လိုတာတွေပဲ ပြော ။
" လုံခြုံမယ့် အိမ်လိုချင်တယ် .. "
လူတွေ ၊ လူတွေ ။
ငါ့ လည်ပင်းကို ဖြတ်နင်းသွားတဲ့လူတွေ ။
" မိတ်ဆွေ .. ကျေးဇူးပြုပြီး .. ပန်းသီးတစ်လုံးလောက် .. " ။ ။ ( ဆူးခက်မင်း )

.




မင်္ဂလာပါ
ဒီနေ့ 
ဒီလိုဆုံတွေ့ ခွင့်ရတာ မင်္ဂလာပါ
အဲသည်လိုနဲ့ ကဗျာကို စဖွဲ့ လိုက်လေရဲ့
လက်ခုတ်သံတွေဟာ အုံးခနဲထပျံသွား
အရာအားလုံးဟာ တသားတည်းဖြစ်ဖို့ 
နမောတဿရွတ်လို့  ညွတ်တွားရအောင်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါဘုရား။
(ဒုတိယံမိ နှစ်ကြိမ်မြောက်လည်း)
(တတိယံမိ သုံးကြိမ်မြောက်လည်း)

ဘ၀အတွက်အဆင်းရဲဆုံးက အချိန်
ဘုရားတောင် ပေါက်ဆိန်ပေါက်ဦးချ
ပြက္ခဒိန်တွေ လှန်ရင်းမောလာတယ်။

မွေးကတည်းက လည်း....
အူဝဲ. . . .
သေဆုံးသွားပြန်တော့လည်း
နှောင် ခနဲမြည်တဲ့
ကြေးစည်သံက မျက်ရည်ကို ညှစ်ထုတ်ပြန်တယ်...

ရေပက်မ၀င်အောင်မှန်တဲ့ သင်္ခါရ
ကွေးသောလက် မခြောက်ခင်လား
စိုသောလက် မဆန့် ခင်လား
ရန်သူမျိုးငါးပါးနဲ့  ဒွေးရောယှက်တင်နေရတယ်

ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ 
သင့်ရာဒေသ အမြဲနေ
နယ်ပယ်ချဲ့ ထွင် ကျွန်ခံခြင်း
ငွေကြေးနဲ့ ရွှေ့ လို့ ရတဲ့ ဇယ်ရုပ်တွေဟာ
ဂိတ်မှုးကြီးလက်ထဲမှာ အရောင်လက်လာတယ်..

ပါးကွက်မညီခင် ပါးကွက်ပျက်နေကြခြင်း
ဒါပဲနော်၊ ဒီတစ်ခါပဲရမယ်
အဲသည်လိုနဲ့  ဒုတိယကမ္ဘာစစ်ကို စခဲ့ကြတယ်
ဟီရိုရှီးမားလား၊ နာဝါစကီလားတော့မသိဘူး
ကျွန်တော်တို့ ဖျက်ချခဲ့ကြတယ်...
သမီးခုလို နာမည်ထွက်လာတာဟာ
လက်တွဲဖော်တွေ၊ မြေတောင်မြှောက်ပေးတဲ့သူတွေကို
သမီးနဲ့ 
ကျေးဇူးဆပ်ခဲ့လို့ ပါ
ငါ့သမီးလေးတော်လှ တော်လှနဲ့ 
ဟန်းဖုန်းခါးကြားထိုး

နောက်ဆုံးပေါ် မော်ဒယ် လန်းလန်းလေးနဲ့ 
လဲလိုက်ပါအဖေရာ၊ အဖေ့ကားကြီးက
အဲယားကွန်းလဲ မအေးတော့ဘူး

ချွေးထွက်လွန် သမ္မာအာဇီဝဟာ
အောက်ဆိုက်ဓာတ်ဆားကို မှီဝဲနေ

ကဲ သားတို့ ၊ သမီးတို့  ဒီပုံစံလေးကို ဖြည့်လိုက်ကြနော်
ကြုံတုန်းအလှူငွေလေးလည်း.......

ကင်းခြေများတွေ လမ်းသလားသလို
အသက်ဝင်တဲ့ညနေ
အပြေးအလွှားလမ်းဖြတ်ကူးတဲ့ ကြွပ်ကြွပ်အိတ်ဟောင်းဟာ
ဆယ်လိုတိတ်အကြောင်းမသိတဲ့ ရာတန်ကို
မယုံသလိုလိုကြည့်တယ်
ဘတ်စ်ကားတွေထဲကို ချွေးစက်တွေရဲ့ 
သုံးပုံတစ်ပုံထည့်ရတယ်
ပါးစပ်မပါတဲ့ ညစာစားပွဲတွေနဲ့ 
ညစာစားပွဲမပါတဲ့ပါးစပ်တွေဟာ
webcam နဲ့  chatting ထိုင်
ဂွီ၊ ဂေါ်

ကျွန်ယုံတော တဖက်ကမ်း
သားသမီးယုံတော့ စုံလုံးကန်း
အကြည်ဓာတ်ကလေးလွှာခံထားရတဲ့ ကျွန်တွေရှေ့ မှာ
ယမထာရွှေကြိမ်လုံးရယ်နဲ့ 
သိမ်ပန္နက်ကိုတဲ့ ခြေတော်တင်
အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာ
ရက် ၂၀ နီးပါးရှိပြီ

အသင်းခေါင်းဆောင်ကလည်း ပွဲပယ်ခံထားရတယ်
အားထားရတဲ့ကစားသမားတွေကလည်း
မုန်တိုင်းတိုက်လို့ တကွဲတပြားစီ
ကြွက်ချေးတွေထဲရောနေတဲ့ ဆွမ်းဆန်နဲ့ 
နှမ်းတစေ့နဲ့ ဆီဖြစ်ခြင်း၊ မဖြစ်ခြင်း

ခင်ဗျာ ပြည်တွင်းမှာပဲထုတ်တာခင်ဗျ
နိုင်ငံခြားကိုမှာလို့ မရပါဘူး
ဟုတ်ကဲ့ ကျွန်တော်တို့ ဆိုင်က ဘူဖေးစနစ်လေ

တနေ့ လုပ်မှ တနေ့ စားရတာဆိုတော့လည်း
စုနိုင်အောင်လုပ်ဖို့ ဆိုတာ

တီ
တို

တေ
တီ

ဟယ်လို၊ ဟယ်လို
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.............။





သုဏော်စိုင်း

နှစ်ပေါင်း တစ်ရာကြာပြီးနောက်

သေချာပါတယ်ဆိုမှာ
ဒီရင်ဘတ်မှာလား မေး
ခပ်ဝေးဝေးမှ ရှိရက်နိုင်လို့လား ..... ။

လက်တစ်ချက်အဝေ့မှာ အားလုံးပြီးသွားတယ်။

အဲဒါ ``ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်´´

ဒီမှာ ``မိဝတီ´´
နင် မသိလိုက်တဲ့ စက္ကန့် ထူထူကြီးထဲမှာ ငါ့ သေရာသေကြောင်းရှိတယ်။

တောင်ပေါ်မှာ တသွင်သွင် လွင်တောက်
ငါ့ကမှ တလင်းကို ရောက်စေချင်ခဲ့တာလို့
မောင်းခတ် ကြေငြာထားဦးမတဲ့လား ..... ။

`ရှူး´
ရင်ဘတ်က ကြားရုံလေးတောင် မအော်နဲ့တော့
ဆူးလွန်ရှင်းတောက် လွန်းတယ် ... အဲဒီ အသံတွေက ... ဆူးလွန်ရှင်းတောက် လွန်းတယ်။

လက်တန်နှစ်ဖက် သေသွားပြီ .....
ပြောချင်လွန်းလို့ ပြောပြရမယ်ဆိုရင် ..... ..... .....
ငါက ဒေါင်ဒင်မြည်တဲ့ နာရီအိုပါ။

ငါ့မှာကောက်ရတဲ့ ပန်းတစ်ပွင့်တောင် မရှိခဲ့ရဘူး။

နောက်တော့လည်း ပြောဦးပေါ့ `` မိဝတီ´´
ငါက စာမျက်နှာ ၈၀ စာ ရယ်စရာဟာသ .....
အဲဒီမှာ အစေ့အငုံ တစ်ရာ၊တစ်ထောင်လောက်
မှောက်လျက်လဲတာ နင်မှမမြင်လိုက်ပဲကိုး ..... ..... ။

ရိတ်သိမ်းသွားလိုက်ပါပြီတဲ့
အဲဒါ
အားလုံးမေ့သွားတဲ့ သေပြီးသား သစ္စာပဲ။

သေချာတယ်
`ငါ ... နောက်ထပ် ... ဘယ်တော့မှ ... ထပ်မရွတ်ဘူး´။

နေစမ်းပါဦး ``မိဝတီ´´
နင် မသိသမျှ ငါ့အကြောင်း ဒါအကုန်ပဲ တဲ့လား။

ပြီးစေတော့။
ပြီးပါစေတော့ကွာ။

နောက်ထပ် ... ထပ်ပြောရကြေးဆိုရင်
` ၁၆၈ နာရီထက် နင်ပိုလင်းနိုင်ပါစေ´ မိဝတီ။


(နေနှင်းစက်)

လွှတ် .....

ငါ့ လက်ကို၊

၊နောက်၊ ငါ့ အင်္ကျီစကို၊

ငါ့ နောက်ကျော ကို။

ဖြစ်နိုင်ရင်

ငါ လည်း ငါ့နောက် မလိုက်နဲ့။

ဒါမှ ... ငါ

လွတ်။

(နေနှင်းစက်)

ခေါင်းစဉ်လေးကတော့ ရုပ်သေး ပြောဖူးတဲ့ ခေါင်းစဉ်လေး ဖြစ်ပါတယ်..

ငါ ..... ကဗျာဆရာ

ဘောပင် နဲ့ စာအုပ်ပါ
လွင့်ပစ်လိုက်
ဘာမှမပါလည်း ရတယ်။

(နေနှင်းစက်)

``ည ဦး´´

`ခေတ်´
အဲဒီမှာ - ၂၄ ပစ္စည်း မရှိဘူး
- သစ္စာနီ ၀တ္ထုတို မရှိဘူး
- ပိုးဟပ် နဲ့ ချ တွေ မရှိဘူး
- မြေနံ့ မရှိဘူး

`ခွင့်ပြုပါဦး´ ..... `ခင်ဗျားဆိုရင်လည်း လေစိမ်း၊ လေနီတွေ ရှူချင်ပါ့မလား´

အမှန်စကားသာဆိုကြေးပေါ့။

ပြန်တော့မယ်ဆိုရင်
နှုတ်ဆက်ရမယ့် ယဉ်ကျေးမှုမျိုးမှာ
ဖုန်းမှားဝင်နေကြပါ `ခေတ်´

`ထားလိုက်ပါ´ ..... `ခလုတ်ဆွဲညှစ်တိုင်း ကျည်လိုက်ချင်မှ လိုက်မှာပေါ့´

ဒါတွေက သင်္ကေတ၀ါဒီ ဟုတ်မဟုတ်မသေချာဘူး။

တံခါးမခေါက်ဘဲ ၀င်လို့ရတဲ့ မြို့ရိုးမှာ
ထိလွဲ ဖြစ်ရပ်မျိုးလေးတော့
ရှိပါစေကွာ
သူတို့လည်း
ကိုယ့်နှာခေါင်းကိုယ် ငှားပြီး ဖြစ်ပျက်ရှုတာမှမဟုတ်တာ။

အသက်ရှူကြပ်တယ် `ခေတ်´။

ဝင်လေထွက်လေတွေ ထပ်ထပ်ထားလွန်းတော့
အတင်းဖုန်ထပြနေတဲ့လမ်းမှာ
ဘယ်ကားမှ အချက်ပြမမှားပါစေနဲ့တော့။

ဒါက
`ယာဉ်မတော်တဆမှုကင်းမဲ့ ဧရိယာ´။

`ခေတ်´
မျက်နှာသစ်ပြီး အိပ်တော့မှပဲ
အိပ်မက်အတွက် ငါစိတ်သန့်သွားတော့တယ်။

`ခွင့်ပြုပါဦး´ ..... `ခင်ဗျားလည်း ပျင်းနေရောပေါ့´။

(နေနှင်းစက်)

`မြား´

ငါ့ကို ငါ
နှစ်ခါ ခွဲပြီး က မယ် ။

ပြောပါ
အသင် မေ့နေလား၊ မေ့လျော့ချင်ယောင်ဆောင် နေသလား။

ငါ(နင်)၊ သူ(မ)
``ဟာ .......... ´´
အားလုံးမှားကုန်တယ်

(နေနှင်းစက်)

ည ၊ ခြောက်ကြိုးတပ်ဂစ်တာ နဲ့ အစိမ်းသေ


စက္ကူပန်း ရနံ့  ။

ပေတစ်ရာပေါ်  လွှတ်ကျောင်းထားတဲ့ နွားတစ်ကောင်  ။

မျက်ကြည်လွှာ ပျက်စီးမှုရောဂါ  ။

မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်တော့တဲ့ အရေပြား  ။

ဇယားငြိခြင်း ၊ အဖျားမိခြင်း  ။

အလှပဆုံး ၀င်္ကဘာ  ။


နေ့တိုင်း

အမှောင်အောက်မှာ

ခြောက်ကြိုးတပ်ဂစ်တာကို ငါတီးတယ် . . . .


အစိမ်းသေဆိုတော့

ကျွတ်လွတ်ဖို့မလွယ်ဘူး မဟုတ်လား


                                         
                                                  ကြယ် ပန်း လူ
 

၁၉၈၅ လွန်ခေတ် ..
သားချော့တေးတွေညံစီလို့ ...
သူမရဲ့ အပြုံးခြောက်ခြောက်မှာ မိုးသံလေသံကင်းတယ် ...
သူမလေ ..
လွင်ပြင်သံဆူတဲ့ ရင်နဲ့ ကြည်တယ် ...
ကျွန်တော် လျှောက်မဲ့လမ်း ... သူမကျောနဲ့ ခင်းလို့ပေါ့ ...
အဲဒီနေ့ နာရီကိုမော့ကြည့်တော့ ကြယ်တွေ စင်စင်ပြုံးလို့ ...

မှောင်မိုက်ကာေ၀၀ါး
ကျွန်တော်အမိုက်လမ်း ဒီရေတက်ချိန်ပေါ့
ပြန်မကြည့်ခဲ့မျက်ရည်
စဉ်စားကြည့် ရင် မနေ့ကလိုပဲ .. ဆူးနစ်လို့
၅၂၈ ထက် ၁၅၀၀ ကိုပိုခဲ့လို့လေ
ဘ၀ဒီရေက ကြမ်းပ ..
အိပ်တန်းတက်ချိန်တိုင်း လှိုင်းကြီးတယ်
သူမကို လွမ်းတဲ့လွမ်းတွေ လှိုက်တက်လို့ပေါ့ ......

ဈေးဗန်းခေါင်းမရွက်ပေမဲ့ .. တူသံပေသံတွေနဲ့ သူမလေ
လခစားနဲ့ကျွေးခဲ့တဲ့ နေ့တွေဟာ လတ်ဆတ်လို့ရယ်
ချွေးစက်တွေကြားက အပြုံးက
ရင်ဘက်ကို တချက်ချက်ဆောင့်တယ်
သူမလေ ...
ရင်ခွင်ကြမ်းကြမ်းနဲ့ ကျွန်တော်ကိုကြိုဆဲ
ဘယ်အချိန်ပြန်မယ်မသိတဲ့ ကျွန်တော့် အတွက်လေ
သူမရဲ့ ပါးရေတွန့်တွေ နဲ့ အပြုံး ဆူဆူညံလို့ ...
တမ်းတနေတယ် .. ကိုယ်အပြစ်နဲ့ကိုယ် တိတ်တိတ်ညံဆဲ

ကာလဒေသ မူးမူးနဲ့ အနည်ကျတယ်
အမြဲသစ်နေတဲ့ အဟောင်းတွေကြားထဲလျောကျ
ကန္တာရထဲ လှေတစ်စင်းနဲ့ အလည်ထွက်သလိုပေါ့
သာမညပေါပြီး အဓိကမဲ့လို့ရယ်
သြော် ....
အလွမ်းတွေ စက်စက်ကျ
ဒီလို နဲ့ ကျွန်တော် ဘ၀ နေညိုတယ် ....

ပြောခွင့်ရဦးမယ်ဆိုရင်လေ ..
ဒီနေ့လိုညမှာ ကျွန်တော်အိမ်ပြန်လမ်းကိုတမ်းတတယ်
လွင်ပြင်သံဆူတဲ့ သူမရင်ကိုလွမ်းတယ်
သူကျောနဲ့ခင်းခဲ့တဲ့လမ်းကို မလျှောက်ခဲ့တဲ့သူလေ
မိုးသံလေသံ ကင်းတဲ့ သူမ အပြုံးခြောက်ခြောက်တွေကို လွမ်းရဲ့
ပြန်သွားချင်ရဲ့
သားချော့တေးတွေညံတဲ့ ၁၉၈၅ လွန်ခေတ်သို့ ......
                                                                                                                                                                                             

                                                                      မောင်မိုးချို

( AD – 3009 )

ည ။
Nuclear ဓာတ်ငွေ့ တို့ ဖြင့် ဆွတ်ပျံ့ သော
ထိုည ။
Robot ကမ္ဘာသစ်တွင် ၊ စက်ရုပ်ဆန်သော ယန္တရား
တို့ ၊ တိတ်တဆိတ် ရွေ့ လျား ။
ဟိုးးးးးးးး ၊ ရှေ့ မှာ
ဓာတ်ပေါင်းဖို တစ်ခု လှုပ်
လှုပ် ၊ လှုပ် ၊ လှုပ် ၊ လှုပ်
နီ ၊ ၀ါ ၊ ပြာ ၊ စိမ်း ၊ နက် ၊ ဖြူ ၊
( ဘာရယ် မသဲကွဲသော အရောင်တချို့  ) ။
လွင့် ဖြာ လှုပ် ခတ် ။

မျက်လုံးသေတွေတောင် ၀ိုင်းစက် ။
ဝိုင်း / စက် ။ စက် / ၀ိုင်း ။
စက်ဝိုင်း သဏ္ဍာန် ၊ ၀ိုင်းစက်စက် မျက်လုံးသေတွေ
အစိမ်းလိုက် ၊ လိုက်စိမ်းကြ ။

လွန်းပျံယာဉ်တွေ ၊ ရုတ်တရက်
တစ်ရက် ၊ တစ်ရက် ၊ တစ်ရက် ပြီး တစ်ရက်
စကြ၀ဠာ အပြင်ဘက် တိုးထွက် ။
ထိုးထွက် ၊ ဖောက်ထွက် ။

ဘေးတိုက်ရွေ့ လျားနေတဲ့ …
အက်ဆစ်မိုးတွေ ..
တစ်ပေါက်ချင်း ၊ တစ်ပေါက်ချင်း
ရွာချ / ရွာကျ ။

ည ။
သတ္ထုရနံ့တို့ မွှမ်းထုံသော ကမ္ဘာ၏ နောက်ဆုံးည ။


အားလုံး ၊ အား ……….. လုံး ။
တမလွန် တံခါးဝမှာ ၊ စောင့်ဆိုင်းနေကြ ။
( ကိုယ်တိုင် အပါအ၀င် )

ထိုစဉ် ။
ထို - စဉ် ။
ထို / စဉ် ။

အားကောင်းမောင်းသန် Black Hole တို့ ။
အနီးကပ်ဆုံး နီးကပ်လာကြ ။
နီး - ကပ် - လာ - ကြ ။
ဘုရားသခင် ။
သေခြင်းတရားမှ လွတ်ကင်းအောင်
အရှင့် ဂုဏ်တော်တွေနဲ့ ချီးမွမ်းလှည့်ခြင်းငှာ ..
မစွမ်းတော့ဘူးလား သခင် ။

ရုတ်ခြည်း ။
အမှောင်ထုတို့ ကြီးစိုး ။
အားလုံး ၊ အား …….. လုံး ..
တွင်းနက်ကြီးရဲ့  ဆွဲငင်မှုကို လွန်ဆန်ဖို့ အားမရှိ ။
အားးးးးးးးးးးးးးးးးးးးး
မရှိ ၊ မရှိ ၊ မရှိခဲ့ ။

ထိုအခိုက် ။
နစ်ရှေး မသိလိုက်တဲ့ လရောင်တချို့ 
ဖြာ ကျ ၊ ဖြာ - ကျ ၊ ဖြာ/ကျ
ခဲ့ ။
ကမ္ဘာ နှစ်ခြမ်း အက် ။
ထို အက်ကွဲကြောင်းကြားမှ ထိုးထွက်လာသော ။
ထိုး ထွက် လာ သော ။
နှင်းဆီ တစ်ပွင့် ။
ငြိမ်းချမ်းရေး နှင်းဆီ လား ?
သေမင်းတမာန် နှင်းဆီ လား ?
မကွဲပြား ။
မ / ကွဲ ပြား ။

လရောင် ဖြာကျနေသော သတ္ထုကမ္ဘာရဲ့ 
အက်ကွဲကြောင်းကြားမှ ထိုနှင်းဆီ
ငွားငွားစွင့်စွင့် ပွင့် ၊ ပွင့် ၊ ပွင့် လန်း ၏ ။

အားလုံး ၊ အား ………. လုံး
လရောင်ဆမ်းသော နှင်းဆီရဲ့  ညှို့ ငင်မှုကြား
ရီဝေ တိမ်းမူး ။

Black Hole ကို တဆိတ် မေ့သွားကြ ။

ကစင့်ကလျား ပြေးလွှား ….

နှင်းဆီ ရဲ့  လူသားဆန်တဲ့ ရနံ့ ကို ငတ်မွတ်တောင့်တ ..

အတ္တတစ်ပိုင်း လွှမ်းခြုံထားတဲ့ ခြေလှမ်းတွေနဲ့
Black Hole ထဲ စိတ်လိုလက်ရ ပြေးဝင်သွားကြ ။

ထိုည ။
နှင်းဆီ တစ်ပွင့်၏ ညှို့ ငင်မှုဖြင့်
ကမ္ဘာတစ်ခု အဆုံးသတ်ခဲ့၏ ။

ဟိုးရှေးရှေး ဒီအချိန်လောက်တုန်းက ရွာတစ်ရွာမှာ ကောင်လေး တစ်ယောက်ရှိတယ် ။
အဲဒီကောင်လေးက တစ်နေ့တခြား အသက်ကြီးလာပြီး အနှစ်ခြောက်ဆယ်လောက်ကြာတော့ အဖိုးကြီး ဖြစ်လာတယ် ။
သူ သေခါနီး ကျတော့ သူ့ရဲ့ တစ်ဦးတည်းသော သားကို ခေါ်ပြီး သူအရမ်းတန်ဖိုးထားတဲ့ ပစ္စည်းတစ်ခုကို အမွေအဖြစ်ပေးအပ်ခဲ့တယ် ။
အဲဒီအမွေက ပြည်သူ့ နီတိ အဆုံးအမ သြဝါဒ ကျမ်း စာအုပ်ကြီး ။
အဖိုးကြီးရဲ့သား ကောင်လေးလည်း အထဲမှာ ပါတဲ့ အကြောင်းအရာတွေကို သိလိုချင်တာနဲ့ စာအုပ်ကို လှန်ကြည့်လိုက်တော့ အထဲမှာ စာမျက်နှာ အိုမင်းလို့ ခြစားထားတဲ့ စာရွက်ပြဲရာအချို့ရယ် သူ့အဖေ အနှစ်နှစ်အလလ က ဖတ်သားမှတ်ရှုထားပြီး ထုတ်နှုတ်ထားတဲ့ notes တွေ တပုံတခေါင်းတွေ့ရတယ် ။
ကောင်လေးလည်း ဘာပြန်ပြောရမှန်း မသိသေးဘဲ စာအုပ်ကို အချိန်အနည်းငယ် ဖတ်ကြည့်နေမိတယ်။
သူသတိဝင်လို့ သူ့အဖေကို ကြည့်လိုက်ချိန်မှာပဲ သူ့အဖေက တမလွန် ခရီးတဝက်စနေပြီ ။
အဲဒီလိုနဲ့ ကောင်လေးလည်း အဲဒီ စာအုပ် ထူကြီး ကို နေ့မအား ညမနား အခန်းတွင်းအောင်းပြီး တရှုမနား လေ့လာပစ်လိုက်တယ် ။
အားသွန်ခွန်စိုက် ကျင့်ကြံပစ်လိုက်တယ် ။
တစိုက်မတ်မတ် မွေးမြူပစ်လိုက်တယ် ။ အဲဒါကြောင့် ပတ်ဝန်းကျင်နဲ့ တော်တော်ကလေးကို အဆက်အသွယ်ပျက်သွားတယ် ။
ရက်အတော်ကြာတဲ့ အခါ စာအုပ်ကြီးဖတ်လို့ ပြီးစီးသွားတယ် ။ သူ့ခေါင်း သူ့ဦးနှောက် သူ့နှလုံးသားထဲမှာလည်း သြဝါဒတွေ သံမှိုရိုက်ခတ်ထားသလို မြဲမြဲမြံစွာဆွဲကပ်သွားတယ် ။
ဒီစာအုပ်က အလွန်တန်ဖိုးကြီးတဲ့ စာအုပ်တစ်အုပ်ပဲ ဒါကြောင့် ဒီစာအုပ်ကို လူတွေ သိအောင် ငါ ပုံနှိပ်ပြီး ဝေမျှသင့်တယ် လို့ အောက်မေ့ပြီး စာအုပ်ထုတ်ဖို့ အကြံပေါ်လာတယ် ။
ဒါပေမယ့် သူ နေထိုင်တာ ရွာမှာ မို့လို့ ပုံနှိပ်တိုက် မရှိဘူး ။
ဒါကြောင့် ပုံနှိပ်တိုက်ရှိတဲ့ အနီးဆုံးမြို့ကို တက်ဖို့ ကြံစည်တယ် ။
ပုံနှိပ်တိုက် ရှိတဲ့ အနီးဆုံးမြို့ က သူတို့ ရွာနဲ့ ဆို လှေတစ်တန် မြင်းတစ်တန် တောဖြတ် တောင်တက် သွားရမှာ ။
ဒါပေမယ့် သူ စိတ်မပျက်ဘဲ သူ့အဖေ အမွေပေးခဲ့တဲ့ စာအုပ် လူတွေဆီ ဖြန့်ဝေတာ သူ့အဖေလည်း ဝမ်းသာမှာပဲဆိုပြီး ကြည်နူးနေရင်း အထုပ်အပိုးတွေ ပြင်ဆင်တယ် ။
လမ်းခရီးရောက်တော့ သူ တစ်ယောက်တည်း မချွန်တတ်ချွန်တတ် လေချွန်ရင်း ပျင်းပျင်းရှိတာ နဲ့ လျှောက်စဉ်းစားမိသွားတယ် ။
သူ့အဖေ ရေးသားထားတဲ့ notes တွေ ၊ စာအုပ်ထဲက အကြောင်းအရာတွေက အမှန်တကယ်မှ ဟုတ်ရဲ့လား ။ လူသားစင်စစ်တွေနဲ့ ကိုက်ညီရဲ့လား ဆိုပြီး တောင်တွေးမြောက်တွေး တွေးမိတယ် ။
အဲဒါနဲ့ပဲ လမ်းသွားရင်း လူတွေအကြောင်း တစေ့တစောင်း အကဲခတ်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။
ဒီလိုနဲ့ ရွာငယ်တစ်ရွာကို တည်းခိုဖို့ အကြောင်းဖန်လာတယ် ။
အဲဒီရွာမှာ တစ်ညအိပ် ပြီး ခရီးဆက်ထွက်လို့ ရပေမယ့် ရွာကလူထုကို အကဲခတ်ချင်တာနဲ့ ၃ ၊ ၄ ရက် ဆက်ပြီး နေဖြစ်လိုက်တယ် ။
နောက်နေ့ ခရီး ဆက်ထွက်တဲ့အခါ စာအုပ်ထဲက စာရွက် ၁ ရွက်ကို ငါ့အဖေ အမှတ်မှားတယ် ထင်တယ် ဆိုပြီး ဆွဲဆုတ်လိုက်တယ် ။
အတန်ငယ် ခရီးပေါက်တဲ့အခါ မြို့ငယ်လေး တစ်မြို့ကို ရောက်လာပြန်ရော ။
မြို့ က နဲနဲကလေး ကျယ်ဝန်းတာနဲ့ သူ ၁ ပတ်လောက် နေသင့်တယ် ထင်ပြီး နေလိုက်တယ် ။
အဲဒီမြို့ က ပြန်ထွက်လာတော့ အဖေ အမှတ်မှားပြန်တယ် ဆိုပြီး ၂ ရွက် ဆုတ် လိုက်ပြန်တယ်။
အဲဒီလို
အဲဒီလို
အဲဒီလိုနဲ့ သူ့ ခရီးအဆုံးဖြစ်တဲ့ မြို့က ပုံနှိပ်တိုက်ရှေ့ ရောက်သွားတယ် ။
တိုက်ထဲ ဝင်မယ် ကြံခါနီးမှ အတွေးတစ်ခုဝင်လာ စိတ်ပြောင်းသွားပြီး ပုံနှိပ် စာအုပ်ထုတ်မယ့် အစီအစဉ်ကို ဖျက်ပစ်လိုက်တယ်။
အဲဒါနဲ့ပဲ သူနေထိုင်တဲ့ ရွာလေးကို ဘယ်နေရာမှာမှ တထောက်တနား ဝင်မနားတော့ဘဲ တန်းတန်းမတ်မတ်
အိမ်ပြန်လာလိုက်တော့တယ် ။ ။

ဟိုးရှေးရှေးတုန်းက ခုနက အချိန်လောက်တုန်းက ရွာတစ်ရွာ မှာကောင်လေး တစ်ယောက်ရှိတယ် ။
အဲဒီကောင်လေးက တဖြည်းဖြည်းအသက်ကြီးလာပြီး အဖိုးကြီး ဖြစ်လာတယ် ။
သူ သေခါနီး ကျတော့ သူ့ ရဲ့ တစ်ဦးတည်းသော သားကို ခေါ်ပြီး အမွေပစ္စည်း တစ်ခု ပေးခဲ့တယ် ။
အဖိုးကြီးရဲ့သား ကောင်လေးလည်း တဖြည်းဖြည်း အသက်ကြီးလာပြီး အရေခွံရှုံ့ပွအဖိုးကြီးဖြစ်လာပြန်တယ်။
သူလည်းပဲ သေခါနီး ကျတော့ သူ့ သားကို ခေါ်ပြီး အမွေပစ္စည်းတစ်ခုပေးခဲ့တယ် ။
အဲဒီအမွေက ပြည်သူ့ နီတိ အဆုံးအမ သြဝါဒ ကျမ်း စာအုပ်ကြီး ။
အဖိုးကြီးရဲ့သားလည်း အထဲမှာပါတဲ့ အကြောင်းအရာကို စိတ်ဝင်စားတာနဲ့ စာအုပ်အဖုံးကို လှပ်ကြည့်လိုက်တော့
အထဲမှာ မာတိကာ ကလွဲပြီး စာရွက်တစ်ရွက်မှ မရှိဘူးတဲ့ ။

နေကျယ်ဝန်း

ပြတင်းပေါက်

လေးထောင့်ဆန်ဆန် ထောင့်မှန်စတုဂံပါပဲ ။

အေးစက်စက်ညတွေမှာ လက်နှစ်ဘက်ကိုပိုက်ပြီး

ချည်တိုင်လေးကို ခပ်တင်းတင်းထွေးပွေ့ထားချင်

နေမင်းလက်ချောင်းတွေနဲ့ ထိတွေ့မိပြန်ရင်လည်း

ကျန်နေတဲ့ကမ္ဘာတစ်ခြမ်းကို ပုခုံးပေါ်ထမ်းတင်ထားချင်သေး

ဝေခွဲလို့ မရလိုက်ပုံများ ..... .....

အသားထဲကို သံချွန်တွေ ရိုက်သွင်းပြီး

ချုပ်နှောင်ခံထားရတာကိုတောင် မေ့လို့ ။

ညီစိမ်း

            တေးသံတွေကျကွဲသွားသလို ငြီးငြီးစီးစီးပြက္ခဒိန်တွေကို စုတ်ဖြဲနေရတာ ဘယ်လောက်ကြာပြီလဲ၊၊ နီယွန်မီးရောင်ကိုမှ ညလို့ထင်တဲ့ လူငယ်တစ်အုပ် ဂစ်တာတစ်လက်ကို ကျောပိုးပြီး ထွက်ခွာသွားကြပြီ ထင်ရဲ့၊၊မီးရောင်တွေက ပျိုးပျိုးလက်လက် သီဆိုနေကြမှ ကိုယ့်ကိုကိုယ်မှောင်နေမှန်းသိရတယ်၊၊ ငွေရောင်တွေသွန်းထားတဲ့ လရောင်တောင်မှ သူ့အလင်းလေးပျောက်ဆုံးဖူးသေးတာပဲ၊၊ဘယ် ညလယ် မဆို တစ်ချိန်ချိန်တော့ လကြတ် ဖူးကြမှာပါပဲ၊၊ ပြက္ခဒိန်တွေ ကျကွဲသွားသလို ငြီးငြီးစီးစီး တေးသံတွေက ငါ့ညလေးကို စုတ်ဖြဲနေကြတာ ကြာပြီ ထင်ပါရဲ့ကွယ် ၊၊

            အလင်းတွေ ပေကျံရင်း သေဆုံးသွားရတဲ့ ညရဲ့ဈာပနကို လူတွေက ဘာကြောင့် နံနက်ခင်းလို့ ခေါ်ကြတာလဲ၊၊ငှက်ကလေးတွေ နောက်ပြောင်နေမှ ညလေးရဲ့ ဈာပနကိုဖွင့်ဖတ်မိတယ်၊၊လက်ဖက်ရည်ဆိုင်လေး

ကိုရောက်သွားပေမယ့် ကော်ဖီတွေက ငါ့လည်ချောင်းကိုသောက်သုံးသွားတယ်၊၊ကားမှတ်တိုင်လေးက ခလုတ်လာတိုက်တာ့မှ ပန်းလေးပွင့်နေမှန်းသိရတယ်၊၊ကမ္ဘာဦး မဟုတ်ပါပဲ ပန်းပွင့်လေးနားက သူတွေပျောက်ဆုံး

သွားတယ်၊၊သူမ ဝတ်စုံလေးက အစိမ်း ၊ ကောင်းကင်အစိမ်း ၊ မြေညိုလမ်းလေးလည်း အစိမ်း ၊ မျက်ဝန်းအစိမ်း ၊တစ်လောကလုံး အစိမ်း ၊၊ မေဂျူနို. . . နင့်ရဲ့ အငွေ့အသက်နဲ့တင် ငါ့ညလေး ကောင်းရာမွန်ရာရောက်ပြီကွယ်၊၊

            ပင်လယ်ခေါင်မှာ ကမ်းမပျောက်တော့ဘူး ၊၊ မှတ်တိုင်တွေ တစ်စင်းပြီး တစ်စင်း ရွေ့လျား ၊ လိုင်းကားလေးပေါ်က ရုံးတက် ၊ ရုံးဆင်း မျက်ဝန်းလေးကို ရက်ပေါင်းများစွာ ငှားဖတ်နေမိရုံ. . . . ၊၊ မျက်တောင်လေးရဲ့ လေတိုက်နှုန်းက ကိုယ့်ဘက် ရောက်မလာပေမယ့် လှိုက်လှိုက်လှဲလှဲ ငေးနေမိရုံ . . . ၊၊ ရုံးပိတ်ချိန်လေးထဲက ညနေမှာ ပြတင်းပေါက်လေးကို မျှော်နေမိရုံ. . . . ၊၊ဒိုင်ယာရီလေးလည်း သော့မခတ်ဖြစ်သေးပါဘူး ၊၊ မေဂျူနို. . . ဘယ် ဇာတ်ဆရာပဲရေးရေး. . . ဒီဇာတ်လမ်းပေါ်မှာပဲ လျှောက်ချင်တယ်ကွယ် ၊၊

            သန်းခေါင်ယံ မတိုင်ခင်က အိပ်ရာဝင်သီချင်းတွေတောင် စီရရီ အိပ်ရာဝင်ကုန်ကြပြီ ၊၊ အိပ်လို့ မရတဲ့ ညနဲ့ အိပ်လို့မရတဲ့လူက လမင်းကို ခိုးကြည့်တော့ လိပ်ပြာအတောင်ပံတွေ နဲ့ လွင့်လို့နေတယ်၊၊ကောင်းကင်က လမင်းကို စိုးရွံ့တဲ့စိတ်နဲ့ တိမ်တွေနဲ့ကွယ်ဝှက်ပစ်တယ်၊၊သီချင်းတစ်ပုဒ်ကတော့ ညတွေထဲမှာ ညကိုလိုက်ရှာ နေလေတယ်၊၊ မေဂျူနို. . . ရင်ထဲမှာ သာနေတဲ့ အစိမ်းရောင်လမင်းလေးကိုရော ဘယ်လို တိမ်တိုက်မျိုးနဲ့ ဝှက်ကွယ်ထားရမလဲ…..လွမ်းနေတယ်…..၊၊

            ချစ်တယ်….မေဂျူနို ၊၊ တိုးတိုးလေး အပြောမှာ ပဲ့တင်သံတွေ လှုပ်ခတ်သွားပါသလား ၊၊ အချစ်ကို ရောင့်ရဲတတ်ရင် ရောင့်ရဲမှုကို ချစ်တတ်လာပါလိမ့်မယ် ၊၊ ကားမှတ်တိုင်လေး ဖြစ်ချင်ရဲ့ ၊၊ လိုင်းကားအိုလေး ဖြစ်ချင်ရဲ့ ၊၊ ပြတင်းပေါက်လေး ဖြစ်ချင်ရဲ့ ၊၊ ကိုယ်ရှာတွေ့တဲ့ အစိမ်းရောင် မျက်ဝန်းပန်းပွင့်လေးကို ငေးကြည့်ချင် မိရဲ့ ၊၊ ဒီလောက်ပါပဲ ကွယ် ၊၊ မေဂျူနို . . . ပဲ့တင်သံတို့က တိုးတိုးလေး လှုပ်ခတ်သွားလေရဲ့ ၊၊ ချစ်တယ် ကွယ်၊၊

            တစ်ပုဒ်တည်းသော ကဗျာလေးကိုပဲ ထပ်ခါ ထပ်ခါ ရွတ်. . . . နေ မိ

 

ယုံကြည်မှု ( ဘုန်းသန့်ခန့် )

 

ဒီနေရာမှာ ထိုင်

ကျောက်တိုင်လို ခိုင်မြဲပြီး

မင်း မျက်ဝန်းကို စောင့်မယ် ၊၊

တစ်ခါ တစ်ခါ

လေတွေမြစ်လိုစီး

သစ်အိုရွက်တို့ မျောပါ

တစ်ချို့ တစ်ချိန်

နေ့လင်းခေါင်ခေါင်မှာ

ညတွေ ရွာချလို့

လူလယ်ခေါင်ထဲ

ကိုယ် သင်းကွဲခဲ့တယ် ၊၊

ယုံကြည်ပစ်မိရဲ့

မင်း မျက်ဝန်းလေး

တစ်ရက်ရက်တော့

အမှတ်တမဲ့

ကိုယ့်ကို မြင်လိမ့်မယ် ၊၊

           

တိုးတိုးလေး ပဲ ရွတ်နေမိ . . . . တယ်၊၊           

ယုံကြည်နေပါတယ်….၊၊            

မင်း မျက်ဝန်း စိမ်းလေး ကိုယ့်ဆီမှာ လင်းမယ် . . . . . ၊၊

           

ဒိုင်ယာရီ သော့လေး မင်းလက်ထဲ ရောက်မယ်. . . . . ၊၊           

တိုး တိုး လေး ပါ ပဲ ကွယ်  . . . .            

မေ ဂျူ နို            

ချစ် သော မေ . . . . .            

ပန်း ပွင့် သံ တွေ ကြား လိုက် မိ ရဲ့ လား …………………………၊၊     ၊၊

           

 

 



ကျွန်တော်မသိဘဲ..မိုးတွေရွာသွားတယ်..မကြည်ဖြူ




ဒီ....အသံ

ဒီ..အလင်းတွေထက်မြန်တဲ့

ချစ်ခြင်းမျိုးနဲ့

အနားကိုရောက်ပါရစေ မကြည်ဖြူ

ယုံကြည်ပေးပါ ။



အလျားလိုက်ရွာသွားတာလားဒေါင်လိုက်ရွာသွားတာလားဆိုတာ

ခွဲခြမ်းမစိတ်ဖြာမိတာကလွဲရင်

ကျွန်တော် မကြည်ဖြူကိုချစ်တာ

သစ္စာဆိုပြစရာလိုသေးလို့လား

မိုးတွေရွာသွားတယ်ဆိုတာ

ကျွန်တော်တကယ်မသိလိုက်ဘူးမကြည်ဖြူ ။






စတော်ဘယ်ရီနဲ့လုပ်ထားတဲ့

ညနေခင်းလေးလည်း

ပြာ

ကျ

အရင်တုန်းကညနေခင်းဟာ

ညနေခင်းနဲ့မတူတော့

တစ်လောကလုံးတိတ်ဆိတ်

ကျွန်တော်အသက်ရှုဖို့တောင်မေ့သွားတယ် ။





လူ့ဘ၀ဆိုတာ မသေချာခြင်းသီချင်းတစ်ပုဒ်

ကျွန်တော်မသိလိုက်ပဲ

အပြင်မှာ

မိုးတွေတကယ်ရွာနေသလို

ရင်ထဲမှာလည်း မသေချာခြင်းခြေလှမ်းတွေ မှားနေတုန်း

နိုဝင်ဘာရဲ့အိပ်မက်တွေ

တကယ်ပြုစားခံလိုက်ရတာ

ဘာမှမပြောင်းလဲသလိုပါပဲ

မကြည်ဖြူရေ...

အဲဒီနေ့ကမှ ကိုယ့်ဘာသာကိုယ်ပြန်မေးမိတယ်

ဘယ်တုန်းကများ

ဘာကြောင့်

ဒီလောက်ထိချစ်သွားရသလဲဆိုတာကို ။




နေ့ဆိုတာ

ပြက္ခဒိန်တစ်ခုမှာ နံပါတ်တစ်ခုပြောင်းတပ်လိုက်တာ

ဆိုပေမယ့်

ကျွန်တော်မကြည်ဖြူကိုချစ်မိတဲ့အကြောင်းကစပြီး

ကဗျာတစ်ပုဒ်လောက်ချရေးချင်ပါသေးတယ်

ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်

ဒီရင်ခွင်လွဲလို့

ဘယ်နေရာမှမခင်တွယ်မိဘူး

ဖြစ်ပြီးပျက်တဲ့အထဲမှာ

ကျွန်တော့်ချစ်ခြင်းတွေမပါစေရဘူး မကြည်ဖြူ ။




ဒီဖက်လှည့်လို့ ပြုံးပြစမ်းပါဦးလား မကြည်ဖြူ

ပြုံးလိုက်တိုင်း

ကြယ်တွေတောင်ခူးဆွတ်ပေးချင်ရဲ့

တောင်နံရံတွေပြေးပြေးတက်

အက်ဆစ်ပြင်းပြင်းတစ်ခွက်ကိုပဲတပ်မက်ခဲ့သူပါ။





ကျွန်တော်မသိပဲရွာသွားတဲ့မိုးက

ပြန်ကျမိုးတွေမှမဟုတ်တာသေချာပါတယ်

မတွေးပါနဲ့ပြောလည်း ဘယ်လိုမှတားလို့မရဘူး

ကို့ရောဂါအခြေအနေကိုယ်မသိတော့

ဆေး ဆိုတာမရှိတော့ဘူးပေါ့ ။





မကြည်ဖြူရေ

"ချစ်ခြင်း"ဆိုတာမင်္ဂလာ

ဟောဒီကမ္ဘာရဲ့သံလွင်ခက်

ရက်စွဲလှလှတွေရင်ခုန်ကြရအောင်

အခုလေ

ကျွန်တော်မသိပဲအပြင်မှာမိုးတွေရွာနေပြီ

မနက်ဖြန်ဆိုရင် ကျွန်တော်ပျိုးထားတဲ့အပင်လေး

ဖူးပွင့်လာတော့မယ် ။





အမည်မဲ့





...ပန်းချီကားတခု၏
စုတ်ချက်ဟာ ပန်းချီကား ကိုယ်တိုင်ဖြစ်တယ်...



http://api.ning.com/files/5gdXO9U2lx7Vm6Al6mP-L9E2xkRlfNrgm-A6m*Sl6XYxVl111mozgspAoQWiRAyFQDn0T325YhtJhhYTdS69nH7nWCsQrc*L/DSC00402.JPG



မီး နေ ၀င်


မီး
လိန်
မှော်

တိမ်ဝါမျှင် အကျေကောက်ချ
အမျှင် အတန်း
ရင် ခြမ်း
စုတ် လွမ်း
စုံရောင် လျှမ်း
ဒေ၀ စုတ်ချက်
ရက်စက်ပါတယ် နေမင်းရယ်
ရက်စက်ပါတယ်
မင်း အိပ်ရာပြင်တာ

စက်
စက်
ကျ
တယ်
လှိုင်းဆက်ရာ လွှတ်က
မြစ်မွေ့ ရာ ညွှန့် ထ
သီချော့တေး
ငှက်ကလေးငယ်ငယ်
လေ ဝေး ပြေး
တံငါလှေကလေး ရုပ်ရှင်ပြီးရင်
မီး
ပိတ်

မယ်

အနော်မာ
၁၆..၁၀.၀၉
( ည ၈နာရီ ၁၀ မိနစ်)




http://api.ning.com/files/SnoSXkV6o9go6eDIJwCKD1oLTe5ZC72hqNolE2ked6DzFntkLYZaI-tdb*v9Vr26nU2oE5yWCIKD5VocBFuzi1N4U94g8Haa/DSC00511.JPG

 

"တောက် နေကလဲပူလိုက်တာ မိုးလေးအုံ့နေရင်ကောင်းမယ်ကွာ"

ခဏအတွင်းမှာ တစ်ခုခုအတွက်

"ဆူးလေ .... ဆူးလေ"

"ရွှေဂုံတိုင် ၅၀ ကျော်ရင် ၁၀၀ "

"အစ်ကိုကြီး ထမင်းဖိုးလေး"

"တစ်ယောက်ချိတ်မယ် ဆရာ"

"ရှေ့ကားနဲ့ ၁၀ မိနစ်"

"ဗမာဆေးနဲ့ ၁၀၀ ဖိုး"

ဆန္ဒများ.... ဆန္ဒများ .....

အရှင်လတ်လတ် သိက္ခာဖြင့် ထိမ်းပါ

"ကားခလေးတွေ လှမ်းထားမယ် အကြွေမပါရင် ခဏစောင့်"

"ရှေ့လေးနည်းနည်းတိုးပါ"

"ကွေ့မယ်ကိုင်ထား"

ဒီကွေ့ကို ဒီတက်နဲ့လှော်

တက်မကျိုးသေးသရွေ့ လက်ထိုးရမှာမဟုတ်ဘူး

"ပွိုင့်ကလည်းကြာလိုက်တာ" "ဟေ့ရောင်ပေးပြီးပြီလား"

 "နောက်တစ်ကြောင်းဆင်းမှပေးမယ် ဆရာ"

ဒီအကိုင်းက ပျားစွဲဖို့ရော

ရှဉ့်လျောက်ဖို့ပါ လောက်တယ်

" အားလုံးပဲ ဂိတ်ဆုံးပါပြီ" "ဒဂုံ ပြန်မယ် ... ဒဂုံ"

"Eleven ရမယ်" Weekly ရမယ်"

"သိန်းထီပေါက်စဉ်မှန်တွေအစ ဆုံး"

တစ်ဝမ်းတစ်ခါးအတွက်

ဒီပလက်ဖောင်းမှာ အားလုံး

တစ်တန်းတစ်စားတည်းရယ်

"ရယ်ဒီမိတ်တွေ ၁၅၀၀" "ဒီလိုပစ်ချ မကွဲဘူး"

"ဘာလိုလဲ အစ်ကို ၀င်ကြည့်လေ" " တူးတီး ပုံမှန် V တစ်ပွဲ"

 "မိုးကလည်းရွာလာပြီ ... စိုတိစိုစွတ်နဲ့ လျောက်ရဦးမယ်"

နတ်မလိုက်နိုင်ခဲ့သော 

လူဘ၀ အလိုကျ တော်တော်များများ

"ကားကွ မင်းအဖေ မောင်းနေတာမဟုတ်ဘူး"

"ဘုရား ... ဘုရား ကံကောင်းလို့"

သူတို့ လှံစိုက်ဖို့

ငါ့မြေက နိမ့်နိမ့်သွားတာလား

"တော်သေးတယ် ရှာရလွယ်လို့"

"CV ပါလား"

"ဘွဲ့လက်မှတ်ပါလား"

"၁၀ ပေ ၂ချပ်ထုတ်မယ်" "ခန့်မှန်းလစာဘယ်လောက်လဲ"

"သြော် .. လုပ်သက်ကြာပြီပဲ" "၁၀ ပေ ၂ချပ်ထပ်ထုတ်မယ်"

လူ့တန်ဖိုးဆိုတဲ့ လက်မှတ်တွေ

အထပ်လိုက်အထပ်လိုက် ခွာချပြ

"မင်းတောင်းတာများတယ်" "ဒီရက်ပိုင်း အလုပ်က သိပ်မကောင်းဘူး"

"၅ပေ ၃ပေ ကျန်သေးလား" "ခန့်မှန်းလစာနည်းနည်းလျော့"

ဟုတ်ကဲ့ . . . လင်္ကာချောဖို့ မုသားသုံးပါစေ

သိသိကြီးနဲ့တော့ နားလည်ရခက်တယ်

"အမေ သူငယ်ချင်းတွေနဲ့ မုန့်သွားစားမလို့ ၃သောင်းလောက်" "ဒါနရှင်များ ရှင်"

 "ကန်တော့ပါသေးရဲ့" "၃ သောင်းလောက်လား"

ဟူး....................................

 

 

မောင်မိုးချို

နက္ခတ်မှားတဲ့ရေသောက်မြစ်



ဘီလူးနက္ခတ်ကျတဲ့အချိန်

ဖြစ်နေပလေ့စေ


ဂုန်မ္ဘာန်တစ်ထောင်အစောင့်အကျပ်
ရှိဘူး

လာ


ဝင်ခဲ့


အဖြည်ခံဖို့


ငါ့..တံခါးတွေ


အကုန်ဖွင့်ထားပေးတယ်။






၆ကြာသည်


၃၁.၅.၀၉တနင်္ဂနွေနံနက်


၅နာရီ


၁၈မီနစ်


မိဿရာသီသို့ပြောင်း၏။


နဂါးပြည်ပြဿဒါး


ဒွန်းစဏ္ဍားဆင်းရဲအံ..ကညာကြံတို
င်းအောင်

ဂြိုဟ်စီးဂြိုဟ်နင်း


နက္ခတ်အသွားအလာ


ဘာမှတွက်ချက်နေရာမလိုဘူး

တွေဝေနေတုန်းပဲလား။





ဘာအဟန့်အတားမှမရှိ

ယတြာမလို


ဓါတ်ရိုက်ဓါတ်ဆင်မလို


ဖွင့်ထားတဲ့လက်နှစ်ဖက်နဲ့


အဖြည့်ခံဖို့သက်သက်


ငါ


ဖွင့်ပေးထားတယ်။





ဖျာတစ်ခင်းစာနေရာတစ်ကွက်စာအတွက်

အရောင်ပြောင်းပြဇာတ်တစ်ပုဒ်လို


အခန်းဆက်တွေမလိုဘူး


နှုတ်ခမ်းသတ်တိမ်းချော်မှုတွေနဲ့


ရက်ရာဇာ


ပြဿဒါးရွေးနေဦးမှာလား


အသေချာပြောရဲတယ်


အဖြည့်ခံဖို့သက်သက်ကိုပဲ


ငါ့


တံခါးတွေဖွင့်ထားတယ်ဆိုတာ


မြင်


ရုံ


နဲ့


သိ


ဖို့


ငါ့အရိပ်ငါပြန်နင်းရင်း

်
အိပ်မက်ထဲ


မေးခွန်းတွေမေးနေမိတုန်း။ ။

အမည်မဲ့

အရပ်သုံးဘာသာစကားဖြင့် မျက်ရည် ( ) စီစီ
ထုထည်ကို ဖော်ပြခြင်းငှာ မစွမ်းသာသောကြောင့်
မစွမ်းသာသော ဖော်ပြခြင်းအဖြစ်
ထုထည် ( ) စီစီ ရှိ မျက်ရည်ဖြင့်
အရပ်သုံးဘာသာစကားတွင် ၀င်ရောက်နေထိုင်ရင်း ၊ နေရင်း ၊
ထိုင်ရင်း ဘေးတိုက်ကျလာတဲ့နေ့ တွေ အကြောင်း/ကြောင့်
ဘေးထိုင် ဘုပြောခြင်း/ခံရခြင်း နှင့်
အတူ အားစိုက်ထုတ်မှုချွေးစက်တွေကို ယပ်ခပ်ပေးနေရတာ/ ရလို့  နေသာထိုင်သာ
သော်လည်း လစ်တမတ်စက္ကူလို
အရောင်ပြောင်းသီအိုရီ မရှိလို့  ကိုအမည်မဲ့ရဲ့ ကဗျာတစ်ပုဒ်လို
ဘာလိုလို ညာလိုလို လိုလိုနေတဲ့
ဆင်ခြေဖုန်းဆန်လာတဲ့ လူ အဖြစ်နဲ့  ဒီနေ့ ပေါ်ထိုင်
ကြည့်တော့ မနက်ဖြန်ဆိုတာလည်း မနေ့ ကနဲ့ တူသလိုလို
ဆိုပေမဲ့ ပစ်ဖဲတိုင်းဟာ ပိုဖဲ မဟုတ်ဘူးဆိုတော့
တာဝန်ဝတ္တရားလို ၊ အာသီသလို ၊ လက်ခေါက်မှုတ်သံလို
လိုအပ်ချက်များကို ဖြည့်စွက်ရန်
သင်၏ အိမ်မက်များကို ကျွန်ုပ် ၏ အတွေး ဖြင့်
သားဖေါက်ရန် လို/ မလို


သုဏော်စိုင်း

ဓားပြဇာတ်

 

 

ကောင်းကင်ပွင့်ပြီလား….?

မြို့ရိုးကိုမှီထိုင်၊ ကြယ်တရာပတ်ပျိုးတစ်ပိုဒ်နဲ့

မီးပျက်နေတဲ့ ကန္တာရတစ်ခြမ်းမှာ အသက်ရူကြပ်တယ်။

ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး……

ကိုယ့်ဓါးကိုကိုယ် မြအောင် သွေးချင်ကြတာချည်းပဲ…….။

 

မနေ့ကနေသာတယ်..။

ကိုယ့်ကိုကိုယ် အချိုးမပြေကြောင်း ဒီနေ့မှသိတယ်..။

နှလုံးသားတည့်တည့်က ဆင်ဆာဖြတ်ခံရ

စောင်းကြိုးတွေပိုင်းဖြတ်မယ့် ဓါးအော်သံ

……….. တိုက်ပွဲမှာငါကျတယ်……………

 

“အနုပညာက စကားပြောသတဲ့”

သွားစမ်းပါ… ခရစသ်နှစ်ထောင်က ထွင်းထုခဲ့တဲ့

ငါ့ကဗျာအဟောင်းတွေထဲက စကားလုံးအသိုးတွေ……

သံကြွပ်နဲ့ လုပ်ထားတဲ့အပြုံးတွေ……

ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လက်ထိုးအန်ချပစ်လိုက်ရဲ့

ထက်ပိုင်းကွဲနှင်းဆီတို့ ရဲရင့်မွှေးရီကြပြီ..။

 

အဲ့ဒီ့အလင်းတစ်ပြိုက်..၊နှစ်ပြိုက်အောက်မှာ

မျက်ရည်ပေါက်ကြီးငယ်ကို အကုန်မျိုချ……..

လက်ဖ၀ါးထဲက တိမ်တစ်ဆုပ်ကို

စိတ်ရှိလက်ရှိ ချရေးကြည့်တယ်..။

“တို့သိပ်ချစ်ကြတယ်”

“တို့သိပ်ချစ်ခဲ့ကြတယ်”

နှင်းဆီရွက်စိမ်းစိမ်းလေး ရနံတွေ ပြာပြာသလဲကြွေကျ

ငါလွမ်းလိုက်တာ…။

 

ထားလိုက်ပါနေတော့လေ…

ဓါးဆိုတာသူရတဲ့ထောင့်က ၀င်လာမှာပဲ

ယမ်းခိုးတလူလူအစိးအနင်းကြား

အိမ်မက်ကိုထည့်ရေးဖို့ ငါမေ့သွားတယ်..။

ငါ့ဖဲဆင်မှာ ဂျိုကာမပါဘူး…..

ယတြာချေဖို့ ငါဘာလို့မေ့ခဲ့တာပါလိမ့်…။

 

မမြဲခြင်းတရားက ဖက်လဲတကင်းဆီးကြို

စိုတိစိုဖတ်နဲ့ ဘ၀ကို အံစာခေါက်ကြည့်တော့

“တစ်”ကျတယ်…။

ဘာမှမရတာကိုက အမြတ်ဖြစ်နိုင်တယ်…

ခပ်တည်တည်နေတတ်ဖို့တော့လိုလိမ့်မယ်…။

 

တစ်ချိန်က တစ်စုံတစ်ယောက်ရေ

အင်ဂျလီနာဂျိုလီအကြောင်းပြောတုန်းပဲလား?

အိန္ဒြာကျော်ဇင်အကြောင်း ပြောတုန်းပဲလား ?

လှေကားတိုင်းတက်ဖို့လို့ ထင်နေတုန်းပဲလား?

ပြောခဲ့ပြီးပါပြီ………

“ဖြစ်နိုင်ရင် ဘယ်ကောင်မှ ကြေးစားမလုပ်ချင်ဘူး”ဆိုတာကို………

 

မိတ်ဆွေ…………

သင်နှင့်ကျွန်ုပ်သည် တရားမ၀င်သော မိတ်ဆွေများဖြစ်နိုင်ပါတယ်..။

နောက်ကျောမှလာသောဓါး…….

နံဘေးမှ ကပ်ဝင်လာသောဓါး………

ဘယ်ဘက်ရင်အုံသို့ ပြေးဝင်ဆိုက်သောဓါး…..

မည်သည်ကိုမှ မရှောင်တော့ပါ…..။

အသွေးအသားထဲတွင် ဓါးယဉ်ကျေးမှုတို့

စိမ့်ဝင်လည်ပတ်နေကြသည်…..။

မကြာမီ…………ကိုယ်တိုင်ဓါးတစ်စင်းဖြစ်သွားနိုင်ပါ၏..။

သင်အန္တရာယ်ကင်းလိုလျှင် ကျွန်ုပ်ကိုပါ သတိထားပါ…..

 

မနေ့ကတော့နေသာခဲ့ပါသည်…။

တစ်စုံတစ်ယောက်၊ လူ့ဘောင်လောကနှင့်ငါ

နက္ခတ်တစ်လုံးစာ ဝေးကွာသွားခဲ့ပြီ…….။

ဓါးပြဇာတ်အတွက် ပွဲသိမ်းတီးလုံး လွင့်ပျံလာခဲ့ပြီ…

ဇာတ်ခုံပေါ်တွင် လှိုင်းများရှိ၏…

အားလုံးပုတ်ခတ်တတ်သည်ချည်းပင် ဖြစ်သည်…..။

 

 

 

ပိုးဥ

အာရုံပေါ်မှုတချို့

ကြိုးစားထားသမျှ

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter