Hands Of Enlightenment

လင်းပွင့်လက်များ

ဘာလိုလိုနဲ့ဆောင်းဝင်လာပြီဗျ ။
ဆောင်းရောက်ရင်ခင်ဗျားတို့ဘာလုပ်ကြလဲ ။
အနွေးထည်တွေဝတ် ရှိုးထုတ်ကြမှာပေါ့ ။
စောင်ခြုံပြီးပဲကွေးနေကြမလားပဲ ။
ကျွန်တော်တို့ကတော့ ဆောင်းတွင်းရောက်ရင် အကပိုးက ထလာကြတယ် ။
ဆောင်းရောက်ရင် လမ်းမီးတိုင်အောက်မှာ ကခုန် ကြတာ ကျွန်တော်တို့အတွက်ကရိုးရာလိုကိုဖြစ်နေတာ ။ ကျွန်တော် အဘေး ၊ အဘိုး ၊ အဖေ တို့လည်း မီးတိုင်အောက်မှာ ကရင်းနဲ့ပဲ သေကုန်ကြတာ ။
ကျွန်တော်တို့လဲ ခေါင်းထဲမှာ ဆောင်းဝင်ရင် မီးတိုင်အောက် ကကြမယ် ။
ဖားလိုက်ရင် ရှောင်မယ် ။
မမှီရင် သေကြမယ် ။
ဒါပဲရှိ ။

တစ်ရက် ကျွန်တော် အိမ်နားက ဓာတ်တိုင်မှာ စုရုံးစုရုံးနဲ့ က ပွဲစတော့မယ် ။
ကျွန်တော်လဲ ဖုတ်ဖတ်ခါထပြီး မှီအောင်လိုက်ရတာပေါ့ ။
ဒါပေမယ့်ဗျာ တော်တော်ဆိုးပါတယ် ။
ကရတာမလွတ်လပ်ဘူး ။
နဲနဲယိမ်းလိုက် တိုက်မိလိုက် နဲနဲခါလိုက် တွန်းမိလိုက်နဲ့ ။
ကြာတော့ပေါက်လာပြီး နေရာပြောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ တိုင်အောက်ခဏဆင်းထိုင်နေတော့ လမ်းဘေးနားကနေပြီး ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ ကျွန်တော်များ ဘာညာ ဘာညာဆိုပြီး အသံမြည်တဲ့ ဆိုက်ကားကြီး အနားကဖြတ်လာတယ် ။
ကျွန်တော်လည်း အဲဒါကြီးပေါ်တက်လိုက်ပြီး နေရာသစ်ရှာရင်တော့ တွေ့ကောင်းပါရဲ့ဆိုပြီး ခုန်တက်ပစ်လိုက်ရော ။
ဆိုက်ကားကြီးက ဟိုကွေ့ ဒီပတ် နေရာတွေတော်တော်စုံ ပါတယ် ။
ဒါပေမယ့် ရှင်းတဲ့နေရာကို စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတယ် ။
အဲဒါနဲ့ ဆက်လိုက်လာ ဆက်လိုက်လာရင်း တစ်နေရာအရောက် ဖြုန်း ဆိုပြီး အမှောင်တိကျသွားတယ်။ ကျွန်တော်လည်း လန့်ဖြန့်သွားတယ် ဘာများဖြစ်တာတုန်းဟ ဆိုပြီး ။
ဆိုက်ကားနင်းတဲ့လူကြီးကတော့အေးဆေးပဲ ဟောမီးတောင်ပျက်သွားပြီ ဆိုပြီး ဒါပဲပြောတယ် ။
ကျွန်တော်ကတော့ ဘာဖြစ်တာမှန်းမသိတော့ လန့်လို့ဖြန့်လို့ပေါ့ ကြောက်ပြီး ဆိုက်ကားပေါ်ကတောင် ချော်ကျရော။
ကျွန်တော် ပြုတ်လဲပြုတ်ကျရော ခြေဦးတည့်ရာတောင် လျှောက်ပြေးမိသေးတယ်ဗျ ။ နဲနဲလေးသွေးအေးသွားတော့မှ ဘေးဘီကြည့်မိတော့ ဟိုနား စစ စစ ဒီနား စစ စစ မီးလေးတွေလက်လာတယ် ။
ကျွန်တော့် နား က အိမ်ပြူတင်းပေါက်မှာလည်းမီးလေး လင်းနေတယ် ။
ကျွန်တော်လည်းအဆင်ပြေရင် အဲဒီမှာပဲ ကမယ်ဆိုပြီး ပြူတင်းပေါက်ဘောင်နားရောက်အောင်သွား ။
ခုန်တက် ။
ဘာတွေ့လဲဆိုတော့ ကောင်မလေးတစ်ယောက်ဗျ ။
စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ ။
ကျွန်တော်လဲ သူ့နားက မီးတိုင်တိုလေးက တော်တော်လေးလက်တယ်ဆိုပြီး က ဖို့ သူ့ရှေ့က နံရံကိုပြေးကပ်လိုက်တယ် ။
ချက်ခြင်းပဲ ဘယ်တုန်းကတည်းက ချောင်းနေလည်းမသိတဲ့နွားက ကျွန်တော့် ပေါင် ပြေးဆွဲတယ် ။
ကျွန်တော်လဲ ကြောက်အားလန့်အားနဲ့ အတင်းရုန်း ဟိုကိုယ်တော်ကလည်း အတင်းဆွဲနဲ့ ရုန်းရင်းဆန်ခတ် နံရံပေါ်မှာ ဖလူးဖလဲ ဖြစ်နေရော ။
အဲဒီအချိန်မှာ ဟဲ့ ဟဲ့ ဆိုတဲ့ အသံနဲ့ စာထိုင်လုပ်နေတဲ့ကောင်မလေး ကျွန်တော့်ကိုကိုက်ထားတဲ့ ကောင်ကို ခတ်ဆက်ဆက် လှန်းပုတ် လှန်းရိုက်လုပ်လိုက်တယ် ။
ကောင်မလေးဆိုတော့ ကြောက်ကလည်းကြောက်ပြန် သူ့ရှေ့မှာ အဲလိုဖြစ်နေတာကိုကြည့်ကလည်းမကြည့်ရဲ သူလာပုတ်တဲ့ဒီဇိုင်းက တော်တော်တော့ရယ်ရတယ်ဗျ ။
ကျွန်တော်တောင်အကိုက်ခံနေရတုန်းကြီး သူ့ကိုခဏငေးကြည့်နေမိသေးတယ် ။
ဖုတ် ။
ကျွန်တော်ကိုယ်လုံး သူ့စားပွဲပေါ်က စာအုပ်ပုံပေါ်ပြုတ်ကျသွားတယ်။
ဟို ကလေကဝ ကတော့ နံရံ ပေါ်တက်ပြေးပြီ ။
ကျွန်တော်လည်း အကိုက်ခံရတဲ့ ပေါင်ကို ပြန်ဆန့် နဂိုအတိုင်းမှ ကောင်းသေးရဲ့လားလို့ပြန်စစ် တောင်ပံ ခတ်ကြည့်နဲ့ လုပ်နေတုန်း ကောင်မလေး စာပြန်လုပ်ဖို့ ကုလားထိုင်မှာပြန်ထိုင်လိုက်တယ် ။
ကျွန်တော်လည်း သူဘာဆက်လုပ်မလဲ ကြည့်နေတုန်း ကျွန်တော် နင်းထားတဲ့အောက်က သူ့စာအုပ်က စာတချို့ကို ဖတ်မိသွားတယ် ။
ဘာတွေရေးထားလည်းဆိုတော့ မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ တဲ့ ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်းနားမလည် ။
သူကတော့ ကျွန်တော်ရှိမှန်းတောင်မသိဘူး သူ့ဖာသူစာရေးနေလေရဲ့ တော်တော်လေးကြာတဲ့အထိ သူ့ ကပိုကရိုကျဖြစ်နေတဲ့ သူ့ဆံပင် ပျက်လုပျက်ခင်ဖြစ်နေတဲ့ သူ့သနပ်ခါး ဆောင်းတွင်း နှာစေးပြီးနီနေတဲ့သူ့နှာခေါင်း ရေးနေတဲ့စာကို လိုက်ရွတ်နေတဲ့သူ့နှုတ်ခမ်း သူ့လည်တိုင် သူ့လက်မောင်း သူ့ .. သူ့ .. အို.. သူ့တစ်ကိုယ်လုံး ကျွန်တော်မျက်စိနဲ့ မြင်ရသမျှအရာအားလုံးကို အသက်ရှုမေ့ အတိတ်မေ့လောက်အောင်ကိုကြည့်နေ မိတယ် ။
အသက်ရှုကျပ် မျက်လုံးတွေပြာလာတော့မှ သတိဝင်လာပြီး အကြည့်တွေလွဲ ကျေးဇူးတင်ကြောင်းပြောဖို့လုပ်တယ် ။
ကျေးဇူးတင်ကြောင်းပြောဖို့ ကျွန်တော် ကောင်မလေးစာရေးနေတဲ့လက်ပေါ် ခုန်တက်လိုက်တယ် ။
ဆတ် ခနဲ လက်ကိုဆွဲခါလိုက်တယ် ကောင်မလေး ကျွန်တော့်ခြေက အဆူးတွေကြောင့်ထင်ပါရဲ့ လန့်သွားတယ် ။
ကျွန်တော်လည်း ဘေးကိုအမြန်ခုန်ဆင်းပြီး ရှောင်ရတာပေါ့ ။
ကောင်မလေးက ဟိုကြည့်ဒီကြည့်နဲ့ စာပြန်လုပ်နေလိုက်တယ် ။
တအောင့်လောက်ကြာတော့ ကျေးဇူးတင်ကြောင်းပြဖို့ နောက်တစ်ခေါက် ကောင်မလေး စာရေးနေတဲ့စာအုပ်ပေါ် ခုန်ချလိုက်တယ် ။
ဘုတ် ခနဲမြည်သွားတယ် ကောင်မလေး စာထဲဘယ်လောက်တောင်စိတ်ဝင်စားနေလည်းဆို ထိုင်ခုန်က ခုန်တက်ပြီးတောင် လန့်သွားတယ် ။
ဒီပုရစ် တယ်.. လုပ်လိုက်ရ ဘာညာဆိုပြီး စာအုပ်နဲ့ ကျွန်တော်ကို ပြူတင်းပေါက် အပြင် မောင်းထုတ် .. မောင်းထုတ် လုပ်ပြီး ပြူတင်းပေါက်ပိတ်လိုက်တယ် ။
နောက် သူလည်းမီးပိတ်ပြီးအိပ်ရော ။
နောက်နေ့ မီးလာတယ်ထင်ပါရဲ့ လမ်းမှာ ထိန်ထိန်ကိုငြီးလို့ ။
သူကတော့ ပုံမှန်အတိုင်း မီးလေးထွန်း စာလေးဖတ် ကျွန်တော်က အဟဲ မီးတိုင်အကွယ် မှောင်ရိပ်လေးမှာပေါ့ ။
ဘာရယ်တော့မဟုတ်ဘူး သူ့ကို ထိုင်ကြည့်နေတာ ။
ဒီနေ့တော့မတူဘူးဗျ မနေ့ကနဲ့ ဆံပင်လေးကဘယ်လို ဟိုလေးက ဟိုလို ဒီဟာလေးကျတော့ ... သူ့အကြောင်းသာပြောနေရင် ကျွန်တော့်သက်တမ်းနဲ့တောင်လောက်မယ်မထင်ဘူး ။
မပူပါနဲ့ ခင်ဗျားတို့သက်တမ်းနဲ့လည်း မလောက်ဘူး ။
စိတ်ချ ။
ကျွန်တော်လည်း သူနဲ့တွေ့မှ မီးတိုင်အောက်မှာ က ရကောင်းမှန်းမသိ အန္တရယ် ရှောင်ရကောင်းမှန်းမသိတွေကိုဖြစ်လို့ ။
သူ့ကိုတွေ့ရင် လုပ်နေသမျှတွေရပ် ပြီးမကြည့်ပဲကိုမနေနိုင်တာ ။
ဘယ်လိုဆွဲအားမှန်းကိုမသိဘူး ။
သိအောင်လည်းမစဉ်းစားချင်ဘူး ။
သိလည်းမသိချင်ဘူး ။
ကျွန်တော်လည်း ကြည့်လေ ပိုကြည့်ချင်လေ ။
ပိုကြည့်လေ ပိုပိုကြည့်ချင်လေတွေဖြစ် ။
နောက်ဆုံး လောဘက သူ့ကိုလက်ကိုကိုယ်တွယ်ကြည့်ဖို့အထိတောင်တပ်မက်လာရော ။
ဒါပေမယ့် ဖြစ်နိုင်ပါဘူးလေ ဟိုတစ်ခေါက်က လက်ပေါ် အမှတ်မထင်ခုန်တက်တာတောင် ဒီလောက်လန့်တာ သက်သက်ကြီးသွားထိဖို့ဆိုတာလွယ်လောက်ဖူး ဆိုပြီး သက်ပြင်းရှည်လေးချ စိတ်ကိုလျော့လိုက်ရတယ် ။
အဲဒီအချိန် ဖြုန်း ဆိုပြီး ပျက်ပြန်ပါရောလား မီးက ။
ကျွန်တော်လည်း ကျ နေတဲ့စိတ် ဝုန်း ဆိုပြန်တက် ပြီး သူ့လက်ကို မှောင်ရိပ်မှာ ကိုင်ဖို့ ဆုံးဖြတ်လိုက်မိတယ် ။
အဲဒါနဲ့ ကျွန်တော်လည်း သူ့နားကို ဖြေးဖြေး ။ ဖြေးဖြေး နဲ့သွား သူ့လက်ကို လှမ်းကိုင်မယ်အလုပ် ။
သမီးရေ အင်ဗိုက်တာ ဖွင့်လိုက်ဦး ဒီမှာ ကိုရီးယားကား မပြီးသေးဘူး လို့သူ့အမေက လှမ်းအပြော ။
သူက လည်း ဟုတ်ကဲ့လို့ အော်ပြီး စားပွဲကို လက်ထောက်ပြီးအထ ။

ကျွန်တော် သူ့ စာရေး ဘောပင်ချထားတဲ့နားလေးမှာ ကားယားလေးမှောက် နေတယ် ။
အတင်းကုန်းပြီးထကြည့်တယ် မရဘူး ၊ တောင်ပံတွေ ကော ခတ်ကြည့်တယ် ။
လေတောင်မဟပ်ဘူး ။
ဒုက္ခပဲ ငါဘယ်လိုလုပ်ရမလဲ ကယ်ပါဦး ဦးနှောက်ထဲ သွေးရူးသွေးတန်းနဲ့ အတွေးတွေ စုံပလုံစိနေအောင်ဝင်လာတယ် ။
အဲဒီအချိန်မှာ ကောင်မလေး ရောက်လာပြီး ကျွန်တော့်ကိုတွေ့သွားတယ် ။
ကျွန်တော်ဖြစ်နေတာကိုတွေ့ ပြီးလည်း မျက်နှာလေးအိုသွားတယ် ငါဖိလိုက်တာလားမသိဘူးဆိုပြီး သူ့ဖာသာသူပြန်ပြောလိုက်တယ် ။
သေတော့မှာပဲ ဆိုပြီးလည်း ဆက်ပြောတယ်။
ကျွန်တော်လိုလမ်းဘေးမွေး လမ်းဘေးသေတဲ့ ကောင်ဒုက္ခဖြစ်တာကို သူက အရေးတယူလုပ်ပြီး သေတော့မှာပဲ ဘာညာလုပ်တော့ အရူးဘုံမြောက်သလို ဘာပြောကောင်းမလဲ ။
နာတာ ကြင်တာ သေမှာတွေလည်း ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး သူ့စကားပဲနားထဲ အထပ်ထပ်ကြားပြီး ကြည်နူးနေတုန်း ။
ညီမလေးရေ ဒီမှာငါဖိမိလို့ ပုရစ် အသက်ငင်နေတယ် ဘယ်လိုလုပ်ရမလဲ လို့ လှမ်းမေးလိုက်တယ် ။
အခန်းထဲကနေပြီး သတ္တဝါဆိုတာ လူချွတ်မှကျွတ်တာ မမ သတ်ပစ်လိုက် တဲ့ ။
အဲဒီအချိန်မှာပဲ ကောင်မလေး ကျွန်တော် ပြုတ်ကျခဲ့ဖူးတဲ့စာအုပ် မxxx ဒဿမတန်း ဃ မြန်မာသဒ္ဒါ ဆိုတဲ့စာအုပ်ကို ယူ ။
လိတ် ။
ပြီးတော့ ။
.... ။ .... ။

အသင် ဝမ်းနည်းပါသလား ။
ဝမ်းမနည်းပါ။
ကောင်းပြီ။
နောက်ဆုံးဆုကိုပြုလော့ ။
နောက်ဘဝမှာလည်း ဒီကောင်မလေးနားမှာပုရစ်တဖန်ဖြစ်ရပါလို၏ ။
နောက်ဘဝမှာ ဒီကောင်မလေးကိုအနှောက်အယှက်ပေးတဲ့ပုရစ်မဖြစ်လိုပါ ။

ကဲ.. ဘယ်ဆုပြည့်မလဲတော့ မပြောတတ် ။ ။

နေကျယ်ဝန်း

1 comments:

ဒီဘလော့ကို ဖတ်ဖတ်ရင်းနဲ့ လန့်လာပြီ. ဘယ်လိုများ တွေးတတ်ကြသလဲ မသိပါဘူး.. နေ့အိပ်မက်သာဆိုရင်တော့ နောက်ဘ၀ သဒ္ဒါစာအုပ်ဖြစ်ရပါလို၏လို့များ ဆုတောင်းမိမလားမသိ....

Post a Comment

အာရုံပေါ်မှုတချို့

ကြိုးစားထားသမျှ

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter